အာဖရိက စကားပုံလေးတစ်ခု ရှိတယ်။ "တစ်ခုခုကို ပြောင်းလဲဖို့ အရမ်းကို သေးငယ်နေတယ်ထင်နေတာ ခြင်တွေနဲ့အတူ တစ်ညလောက် မဖြတ်သန်းကြည့် သေးလို့ပါ" တဲ့။ ဆိုလိုတာက ဒီလောက် သေးငယ်တဲ့ ခြင်တွေတောင်မှ အဆာအတွက် ဘယ်လောက်ကြိုးစားနေရတယ်၊ လူတွေရဲ့ အငြိုအငြင်ကို ခံနေရင်းနဲ့ ကိုယ် လုပ်စရာရှိတာ လုပ်နေတယ်။ ဒီလိုဆိုရင် အထက်ပါ အချက်အလက်တွေအရ သင်ဟာ ခြင်တစ်ကောင်ထက် အများကြီးသာတယ်ဆိုတာ ဗေဒင်မေးစရာကို မလိုပါဘူး။ သင်ဟာ လူတစ်ယောက်ဖြစ်လာခဲ့ရင် လူတစ်ယောက်အတွက် လုပ်နိုင်တာတွေ၊ လုပ်သင့်တာတွေကို ဘာလို့ မလုပ်နိုင်ရမှာလည်း။ ပိုက်ဆံ၊ ဂုဏ်၊ အခြေအနေ၊ ရုပ်ရည် အစရှိတဲ့ လိုအပ်ချက်တွေကို စောင့်မျှော်နေမိလား။
ကျွန်တော်တို့ အများစုဟာ မှားမှာကို ကြောက်ကြတယ်။ အပြစ်ပြောခံရမှာကို ကြောက်ကြတယ်။ ဒီ မှားမှာကို ကြောက်တဲ့စိတ်က ကိုယ့်ကို တွေဝေစေတယ်။ လုပ်စရာရှိတာကို နှောင့်နှေးစေတယ်။ အကျိုးဆက်ကတော့ ခြင်တစ်ကောင်လောက်တောင် အသုံးမကျတော့တာပဲ။ စိတ်မပူပါနဲ့၊ မမှားဖူးတဲ့ လူဆိုတာ မရှိပါဘူး။ လူတော်တွေဆိုတာ မွေးကတည်းက အမှန်တွေချည်း လုပ်လာခဲ့တာ မဟုတ်ပါဘူး။ အမှားတွေကနေ အမှန်ကို ပြုလုပ်ရင်းနဲ့ ဘ၀ကို တဖြည်းဖြည်းနဲ့ ထုဆစ်နေတာပါ။
အောင်မြင်တဲ့ လူတွေရဲ့ ဘ၀ဇာတ်ကြောင်းကို ကြည့်လိုက်ရင် ဒါလေးတွေကို သွားတွေ့ရတယ်။ အဲဒါက 'သူတို့က ကြီးကြီးကျယ်ကျယ် တွေးတယ်၊ ကြီးကြီးကျယ်ကျယ် အိပ်မက်, မက်တယ်၊ အိပ်မက်ကို အသေးဆုံးကနေ စလုပ်တယ်။ ပြီးတော့ မြန်မြန်လုပ်တယ်"။ ဒီတော့ အလုပ်တစ်ခုလုပ်မယ်ဆိုရင် သင်ဟာ ခြင်တစ်ကောင်ရဲ့ အသက်ရှင်ရုန်းကန်မှုကို သတိရလိုက်ပါ မိတ်ဆွေ..။

Download Wun Zinn

0 comments:
Post a Comment