Monday, November 16, 2015

ညအိပ်ရာဝင်ခါနီး ကြာရှည်စွာ ဖုန်းအသုံးပြုခြင်း၊ တီဗီကြည့်ခြင်း၊ တက်ဘလက်နှင့် ကွန်ပျူတာ အသုံးပြုခြင်းသည် ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

လေ့လာတွေ့ရှိချက်များအရ ညဖက်အိပ်ရာဝင်ခါနီး လက်ကိုင်ဖုန်းကြည့်ခြင်း၊ တီဗီကြည့်ခြင်း၊ ကွန်ပျူတာ၊ တက်ဘလက် စသည်များကို အသုံးပြုသူများ သည် ၎င်းတို့မှ ထွက်ပေါ်လာသည် အလင်းရောင်မီးရောင်ကြောင့် ၉၅% မျှ စိတ်ဓာတ်ကျခြင်း၊ ညှိုးနွမ်းခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်ရေးမ၀ခြင်း၊ ကိုယ်လက်မကြည်မသာခြင်း စသည့် ရောဂါများ ဖြစ်ပွားနိုင်ပြီး အဆိုးဆုံး အနေဖြင့် ကင်ဆာရောဂါနှင့် နှလုံးရောဂါကိုပင် ဖြစ်ပွားစေသည်ဟု ဆိုသည်။

ရောဂါဖြစ်ပွားရခြင်း အကြောင်းမှာ ၎င်းခေတ်သစ် နည်းပညာသုံး ပစ္စည်းများမှ ထွက်ရှိသည့် အလင်းရောင်သည် (ဥပမာ ဖုန်းမျက်နှာပြင်၏ အလင်းရောင်) လူ့ခန္ဓာကိုယ်ကို အကျိုးပြုသည့် မယ်လတိုနင်ဓာတ် ထုတ်လုပ်မှုကို လျှော့ကျစေသောကြောင့် ဖြစ်သည်။

၎င်းမယ်လတိုနင်ဓာတ်သည် ညဖက် အလင်းရောင်မရရှိချိန် အမှောင်ထုတွင် ထွက်ရှိတတ်ပြီး လူအား အိပ်ချိန်မှန်စေကာခန္ဓာကိုယ် အရေပြားအရောင် ကိုလည်း ထိန်းညှိပေးလေသည်။ ညအခါ အလင်းရောင်မရှိချိန်တွင် ထုတ်လွှင့်သော မယ်လတိုနင်ဓာတ်များကြောင့် မနက်ပိုင်းတွင် လူသည် လန်းဆန်းတက်ကြွနေတတ်ကြသည်။ ဤသည်ကို အချို့က အိပ်ရေးဝသည်ဟု ဆိုကြသည်။ မယ်လတိုနင်ဓာတ်ကြွယ်ဝသောအခါ ခန္ဓာကိုယ်၏ အသားအရေမှာလည်း ကြည်လင်နေတတ်သည်။

ထို့အပြင် မယ်လတိုနင်ဓာတ်သည် ဆဲလ်များ ပျက်စီးမှုကို ကာကွယ်ပေးခြင်း၊ ဆီးချို ပုံစံ ၂ ကဲ့သို့သော ရောဂါမျိုးကို သက်သာစေခြင်း၊ ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှုကို မှန်ကန်စေခြင်းနှင့် နှလုံးရောဂါ ဖြစ်ပွားမှုတို့ကိုလည်း ကာကွယ်ပေးသည်။ ဆန့်ကျင်ဘက်အနေဖြင့် မယ်လတိုနင်ဓာတ် ချို့တဲ့ပါက အထက်ပါ ရောဂါများ ဖြစ်ပွားနိုင်လေသည်။ ပြောရလျှင် မယ်လတိုနင်သည် လူ့ခန္ဓာကိုယ်အတွက် အရေးကြီးသော ဓာတ်တစ်ခုဖြစ်ပြီး ၎င်းကို အားကောင်းနေစေရန် ပြုမူနေထိုင်သင့်သည်။ မယ်လတိုနင်ဓာတ် အားကောင်းစေရန် ညဖက်အိပ်ရာဝင်ခါနီးတွင် ဖုန်း၊ တီဗီ၊ လက်တော့နှင့် တက်ဘလက်များ ကြာရှည်စွာ အသုံးပြုခြင်း၊ ၎င်းတို့၏ မီးရောင်များကို စူးစူးစိုက်စိုက် ကြည့်ရှုခြင်းတို့ကို ရှောင်ကြဉ်သင့်ပေသည်။

Ref : get-to-know

Download Wun Zinn

အိပ်စက်ခါနီး ဆဲလ်ဖုန်း၊ တီဗီနှင့် လက်တော့များကို ကြည့်ရှုခြင်းက ကျန်းမာရေး ထိခိုက်နိုင်

ဝေဖန်ခြင်းနှင့် ကဲ့ရဲ့ပြစ်တင်ခြင်း... ရုတ်တရက် ကြည့်လိုက်ရင် ဒီ ခေါင်းစဉ်လေးနှစ်ခုဟာ တူသလို ထင်ရပါတယ်။ ဒါပေမယ့် ဒီခေါင်းစဉ်နှစ်ခုဟာ အတော်လေးကို ဆန့်ကျင်ဘက် သဘောတရားတွေ၊ ဆန့်ကျင်ဘက် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို တူမယောင်နဲ့ ကွဲပြားစွာ တွေ့ရမှာလည်း ဖြစ်ပါတယ်။

စာရေးဆရာကြီး သိန်းဖေမြင့်က လူတစ်ယောက်ကို ဝေဖန်ရတာ အင်မတန် ခက်ခဲတယ်၊ အဲ့အစား ပုတ်ခတ်တာကတော့ အင်မတန် လွယ်ကူပြီး လူတိုင်းနီးပါး လုပ်နိုင်တဲ့ အရာတစ်ခု ဖြစ်တယ်လို့ ပြောဖူးတာကို မှတ်သားဖူးပါတယ်။ အကြောင်းက လူဆိုတာ ဘက်တစ်ဖက်ကို လိုက်နေတဲ့ သတ္တ၀ါဖြစ်တဲ့အတွက် ဘက်မလိုက်ပဲ မဇ္ဈိမ အလယ်လတ်လမ်းစဉ်ကျကျ မေတ္တာနဲ့ ပြောဆိုဆုံးမဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့အတွက်ကြောင့် ဝေဖန်ရေးလုပ်ရတာ အင်မတန် မလွယ်ကူဘူးလို့ ပြောခဲ့တာပါ။

လူတစ်ယောက်ကို ဝေဖန်တယ်ဆိုတာ ဓမ္မဓိဋ္ဌာန်ကျကျ၊ ဘက်မလိုက်ပဲ မေတ္တာစိတ်၊ အကျိုးကို လိုလားတဲ့ စိတ်နဲ့ လမ်းညွှန်ပြသပေးရတာ ဖြစ်ပါတယ်။ လမ်းညွှန်ပြသပေးဖို့ ရှေးဦးစွာ ဝေဖန်ရေးဆရာ တစ်ယောက်ဟာ စိတ္တ၊ ဉာဏ အားနှစ်ဖြာ ပြည့်စုံရပါတယ်။ အရာရာကို နှံ့စပ်သိမြင်ရမယ်။ အကြားအမြင် ဗဟုသုတနဲ့ ပြည့်စုံနေရမယ်၊ ကိုယ်ချင်းစာ တရား ရှိရပါမယ်။ မှားနေတဲ့အခါမှာလည်း အမှားကို အပိုအလိုမရှိ မှားကြောင်း၊ မှန်နေရင်လည်း ရဲရဲဝင့်ဝင့် မှန်ကန်ကြောင်း ဘက်မလိုက်ပဲ အကျိုးကို လိုလားသည့်စိတ် မေတ္တာဖြင့် ပြောဆိုရပါတယ်။

ပုတ်ခတ်တယ်ဆိုတာကတော့ ကိုယ်နဲ့မတူ ကိုယ့်ရန်သူဆိုတဲ့ စကားအတိုင်း အကျိုးကို ညွှန်ပြတဲ့အစား လူတစ်ဖက်သားရဲ့ အားနည်းချက်ကို နှိမ်ချဆက်ဆံ ပြောဆိုတာ ဖြစ်ပါတယ်။ အင်မတန်မှ မလုပ်သင့်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။

တစ်ခါက မြတ်စွာဘုရားသခင်ဟာ "လူတို့ကို ဝေဖန်ပိုင်းခြင်းခြင်းဆိုတာ ဘုရားသခင်တို့၏ အလုပ်သာဖြစ်ကြောင်း" ဟောပြောဆုံးမဖူးပါတယ်။ ဆိုလိုတာက လူတစ်ယောက်ကို ဝေဖန်ပိုင်းခြားတဲ့အခါမှာတောင် ကျွန်တော်တို့ မမြင်နိုင်တဲ့ နောက်ခံအကြောင်းတရားတွေ ရှိနေတတ်သလို၊ ပစ္စုပ္ပန်ပေါ်မှာ ပြုမူပြောဆိုတဲ့ ဉာဏ်ပညာ ကွာခြားနိုင်ကာ၊ သီလ သမာဓိ၊ ဉာဏ်ပညာလည်း မတူညီနိုင်တာကြောင့် လူတစ်ဦးနဲ့တစ်ဦး ပုတ်ခတ်မပြောဆိုသင့်တဲ့အကြောင်း သတိပေး ဆုံးမထားတာ ဖြစ်ပါတယ်။

ဝေဖန်ခြင်းနဲ့ ပုတ်ခတ်ခြင်းနဲ့ ပတ်သက်လို့ မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီး ဟောကြားခဲ့တဲ့ ဤဆုံးမစကားလေးကို ကြည့်ရင် စာဖတ်သူ သိသာစွာ ကွဲပြားနိုင်ပါလိမ့်မယ်။

"ဝေဖန်ခြင်းနှင့် ပုတ်ခတ်ခြင်းဟာ မတူဘူး။

- ဝေဖန်ခြင်းဆိုတာ သူ့အမှားသူ ပြန်စဉ်းစားနိုင်အောင်
ယဉ်ယဉ်ကျေးကျေး အေးအေးဆေးဆေး သုံးသပ်ပြတာ
မေတ္တာ, ပညာ, အကြင်နာနဲ့ ပြောတာ။

- ပုတ်ခတ်ခြင်းဆိုတာ သူ့အမှားကို ချက်ကောင်းယူပြီး
စော်ကားတာ။အမုန်းတွေ ဒေါသတွေနဲ့ ချေဖျက်ပစ်တာ။
သူတစ်ချက်မှားတာကို ဆယ်ချက်လောက် အပြစ်ပြောတာ။

- ဝေဖန်ခြင်းဟာ သူရောကိုယ်ပါ ချမ်းသာစေတယ်။
- ပုတ်ခတ်ခြင်းဟာ သူကိုယ်မခွဲ ဆင်းရဲစေပါတယ်။"

လူအချင်းချင်း ရန်လိုချင်း ကင်းရှင်းကြပါစေ။

Download Wun Zinn

ဝေဖန်ခြင်းနှင့် ကဲ့ရဲ့ပြစ်တင်ခြင်း (ပုတ်ခတ်ခြင်း)

လောကမှာ အရေးကြီးဆုံးလူဟာ ဘယ်သူ ဖြစ်မလည်း။ စာဖတ်သူအနေနဲ့ ဒီမေးခွန်းနဲ့ ပတ်သက်လို့ စိတ်ထဲမှာ ပြေးလွှားသွားတဲ့ နာမည်တွေ ရှိပါလိမ့်မယ်။ စာရေးသူအတွက်က လောကမှာ အရေးကြီးဆုံးဟာ မိမိကိုယ်တိုင်ပါပဲ။

ဘာကြောင့် မိမိကိုယ်တိုင်ဟာ အရေးကြီးဆုံး ဖြစ်ရသလဲ။

မိမိကိုယ်မိမိ အရေးကြီးတဲ့ လူ အဖြစ် မြင်ယောင်ကြည့်လိုက်ရအောင်။ မိမိဟာ တကယ်တမ်း အရေးကြီးတဲ့လူ ဖြစ်သွားတဲ့အခါ၊ တန်ဖိုးထားရဆုံး လူ ဖြစ်သွားတဲ့အခါ မိမိရဲ့ ပစ္စုပ္ပန်၊ အနာဂတ် ကောင်းရာကောင်းကျိုးအတွက် မိမိဟာ တတ်နိုင်သလောက် ကြိုးစားတော့မယ်။ ဒီနေရာမှာ အရေးကြီးဆုံးဆိုတာဟာ အများတကာကို နင်းချေပြီး အခွင့်အရေး ရလိုတဲ့ အတ္တဆန်ဆန် အရေးကြီးဆုံးကို ပြောတာ မဟုတ်ပဲ ကောင်းမှုအပေါင်းတို့ မိမိထံက စတင် စီးဆင်းဖို့ မိမိဟာ အရေးကြီးဆုံး ဖြစ်တယ်လို့ ခံယူရမှာကို ဆိုလိုတာ ဖြစ်ပါတယ်။

အရေးကြီးဆုံး မိမိအတွက် ငယ်စဉ်အခါမှာ ပညာကို ကြိုးစားရှာမယ်။
အရေးကြီးဆုံး မိမိအတွက် ပစ္စုပ္ပန်၊ တမလွန်အကျိုးရှိအောင် ပြုမူ၊ ပြောဆို နေထိုင်မယ်။ တွေးတောမယ်။
အရေးကြီးဆုံး မိမိရဲ့ မိဘများကို ဂရုတစိုက် စောင့်ရှောက်မယ်။
အရေးကြီးဆုံး မိမိနေထိုင်ရာ လောကကို အလှဆင်မယ်။
အရေးကြီးဆုံး မိမိဘ၀အတွက် အချိန်တိုင်းကို အကျိုးရှိရှိ အသုံးချမယ်။
အရေးကြီးဆုံး မိမိရဲ့ ကျန်းမာရေးအတွက် အရက်သေစာ သောက်စားခြင်း၊ အပျော်အပါး လိုက်စားခြင်းကို ရှောင်ကြဉ်မယ်။
အရေးကြီးဆုံး မိမိရဲ့ ကိုးကွယ်ယုံကြည်ရာအတိုင်း ပြုမူနေထိုင်မယ်။
အရေးကြီးဆုံး မိမိကနေ ပြဿနာတွေ စတင်မဖြစ်ပွားအောင် နေထိုင်မယ်။
အရေးကြီးဆုံး မိမိရဲ့ စိတ်ဓာတ်လေးကို ဖြူစင်အောင် ထားမယ်။
ဘယ်သူပျက်ပျက် မိမိသာ အရေးကြီးဆုံးမို့ ကိုယ်မပျက်အောင် နေမယ်။

.....
.....
..... စသည်ဖြင့် မိမိကိုယ်ကို တန်ဖိုးထားတဲ့အခါ သင့်အနေနဲ့ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်အောင် နေထိုင်ပါလိမ့်မယ်။ သင်ဟာ ဒီလိုနည်းနဲ့ သင့်ကိုယ်တိုင် အရေးကြီးဆုံး ဖြစ်လာရုံမျှမက သင့်ပတ်ဝန်းကျင်ကိုလည်း သင်နဲ့အတူ ကောင်းမှုတွေ စတင်စီးဆင်းရာ အရေးကြီးဆုံး လူများအဖြစ် ပြောင်းလဲပေးလာနိုင်ပါလိမ့်မယ်။

တကယ်တော့ လောကီ ကာမဂုဏ် အာရုံတွေကို ချစ်မြတ်နိုးတာကို တစ်ချို့က မိမိကိုယ်မိမိ ချစ်မြတ်နိုးလို့ လုပ်နေတဲ့အရာတွေလို့ မှားယွင်းစွာ တွေးတောပြုမူတတ်ကြပါတယ်။ ဒါဟာ မိမိကိုယ် မိမိ ချစ်မြတ်နိုးခြင်း မဟုတ်ပါဘူး။

မိမိကိုယ်မိမိ ချစ်မြတ်နိုးတဲ့လူ၊ မိမိကိုယ်မိမိ အရေးကြီးဆုံးလို့ မှတ်ယူတဲ့လူဟာ မိမိရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ပျက်စီးစေမယ့် အတွေး၊ အပြော၊ အပြုအမူ မှန်သမျှကို ဆန့်ကျင်ရမယ် မဟုတ်လား ခင်ဗျာ။

Download Wun Zinn

လောကမှာ အရေးကြီးဆုံး လူ

ပထမဆုံးအနေနဲ့ Steve ဟာ တစ်နေ့တည်းနဲ့ အောင်မြင်လာသူ မဟုတ်ဘူး ဆိုတာပါပဲ။

အခု မိတ်ဆွေရဲ့ iPhone တွေ၊ iPad တွေ၊ Mac book တွေကို ခဏ ဘေးချထားပြီး Steve Jobs တစ်ယောက် Apple ကို ဘယ်လို အောင်မြင်အောင် ပုံသွင်းကြိုးစားခဲ့တယ်ဆိုတာ ခဏလောက် စဉ်းစားကြည့်ရအောင်။

Steve ဟာ သူ့ကိုယ်သူ မညှာတာတဲ့ လူတစ်ယောက်၊ အလုပ်နဲ့ ပတ်သက်လာရင် သူ့ခံယူချက်တွေက ပြတ်သားနေတတ်တယ်။ သူဟာ စည်းမျဉ်းစည်းကမ်းတွေကြားမှာ ခိုင်မြဲတဲ့ ကတိတွေ၊ ကြိုးစားအားထုတ်မှု တွေနဲ့ သူ့ကိုယ်သူ ချည်နှောင်ထားတဲ့ လူတစ်ယောက်ပဲ။ သူ့ကို အောင်မြင်သူ တစ်ယောက် ဖြစ်စေခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လူအတော်များများ ကိုလည်း သူ ပြောပြခဲ့တယ်။ သူ့ခံယူချက်တွေ၊ သူ့ ယုံကြည်ချက်တွေ... ဒါဖြင့် အခု ဒီမှာ Steve ကို အောင်မြင်စေတဲ့ သူ့ရဲ့ စည်းမျဉ်းအချို့ကို ကြည့်ကြည့်ရအောင်..။

"ကျွန်တော့်ဘ၀ရဲ့ အနှစ်ခြိုက်ဆုံးအရာအတွက် ပိုက်ဆံပေးဖို့ မလိုခဲ့ဘူး၊ တကယ်တော့ ကျွန်တော်တို့ အားလုံးမှာရှိတဲ့ တန်ဖိုးအရှိဆုံးအရာဟာ အချိန် ဆိုတာ သိသာထင်ရှားပါတယ်"

"ခင်ဗျားဘ၀တစ်လျှောက်လုံးရဲ့ အစိတ်အပိုင်း အတော်များများမှာ အလုပ်တွေနဲ့ ပြည့်နှက်နေမှာပါ။ ဒီလို ပြည့်နှက်နေတဲ့ အလုပ်တွေမှာ ပျော်ရွှင်ဖို့တစ်ခုတည်းသော အကြောင်းအရာက ခင်ဗျားလုပ်နေတဲ့ အလုပ်ဟာ ကြီးကျယ်ခမ်းနားတဲ့အလုပ်လို့ ခင်ဗျားကိုယ်ခင်ဗျား ယုံကြည်ဖို့လိုတယ်။ ဒီလို ယုံကြည်ဖို့ဆိုတာလည်း ခင်ဗျား အလုပ်ကို ခင်ဗျား ချစ်နေမှ ရမယ်။ မိမိချစ်မြတ်နိုးတဲ့အလုပ်ကို ရှာဖွေပါ၊ မရပ်နားပါနဲ့။ နှလုံးသားနဲ့ အလိုအလျှောက် သိမြင်နိုင်တဲ့ ဆဋ္ဌမအာရုံအရ မိမိချစ်မြတ်နိုးတဲ့အလုပ်ကို မြင်တာနဲ့ ခင်ဗျား တန်းသိပါလိမ့်မယ်"

"ခင်ဗျားရဲ့ နှလုံးသားရဲ့ ယုံကြည်မှုနောက်ကို လိုက်ဖို့ သတ္တိရှိပါ။ သူတို့ဟာ ခင်ဗျား ဘာဖြစ်ချင်တယ်ဆိုတာ တစ်နည်းနည်းနဲ့ သိနှင့်ပြီးသား ဖြစ်လို့ပါ"

"ခင်ဗျားဟာ တစ်စုံတစ်ခုကို လုပ်လိုက်လို့ အဲ့ဒါလေးကလည်း အလုပ်ဖြစ်နေပြီဆိုရင် ခင်ဗျားနောက်ထပ်တစ်ခုကို ဆက်လက် လုပ်ဆောင်သင့်တယ်။ ပြီးခဲ့တဲ့အလုပ်အတွက်ပဲ ပျော်မနေသင့်ဘူး"

"တစ်ခုခုကို တီထွင်ဖန်တီးတဲ့အခါ ခင်ဗျား အမှားလုပ်မိလိမ့်မယ်၊ အမှားကို မြန်မြန်ဝန်ခံပြီး အခြား တီထွင် ဖန်တီးမှုတွေကို ဆက်လက် လုပ်ဆောင်ခြင်းဖြင့် ခင်ဗျားကိုယ်ခင်ဗျား ရှေ့ကို ရောက်နေရမယ်"

"ခင်ဗျားဟာ လက်သမားဆရာတစ်ယောက် ဆိုပါတော့၊ အင်မတန် လှပတဲ့ သစ်သားအံဆွဲဗီဒိုလေးတစ်ခု ခင်ဗျား လုပ်မယ်။ ရှေ့ဖက်မှာတော့ အင်မတန်လှပတဲ့ ပုံစံမျိုးနဲ့၊ ဒါပေမယ့် နံရံဘက်ကပ်နေတဲ့ လူတွေမမြင်နိုင်တဲ့  ဗီဒိုလေးရဲ့ နောက်ကျောဖက်ကိုတော့ ခင်ဗျား အပေါစား ပလက်စတစ်တွေနဲ့ လုပ်မလား၊ လူတွေကတော့ မမြင်နိုင်ဘူး၊ ဒါပေမဲ့ ခင်ဗျားက နောက်ကျောမှာ ဘာရှိတယ်ဆိုတာ သိနေတယ်။ ဒီတော့ အပေါစား ပလက်စတစ်တွေအစား လှပပြီး ကောင်းမွန်တဲ့ သစ်သားနဲ့ ဗီဒိုလေးရဲ့ နောက်ကျောကို ခင်ဗျား မွမ်းမံမှာပဲ။ ဒီလိုပါပဲ၊ ခင်ဗျား ညဖက်တွေမှာ ကောင်းကောင်း အိပ်ပျော်နိုင်ဖို့ လှပဆန်းကြယ်မှုတွေကို ဖန်တီးတဲ့နေရာမှာဖြစ်ဖြစ်၊ အရည်အသွေးတွေကို ထုတ်ဖော်တဲ့နေရာမှာပဲ ဖြစ်ဖြစ် အလုပ်ကို ဒီလိုပဲ လုပ်ရမယ်။"

"သုဿာန်ပြင်မှာ အိပ်စက်ရမယ့် လူတွေကြားထဲ အချမ်းသာဆုံး လူတစ်ယောက်အဖြစ် အဖော်ပြခံရတာ ကျွန်တော့်အတွက် တကယ်ကို အရေးမပါဘူး။ ညအိပ်ရာဝင်ရင် "အိုး...ဒီနေ့ ငါ အံ့သြဖွယ်ကောင်းတာ တစ်ခုကို လုပ်နိုင်ခဲ့တယ်" ဒီလိုပြောနိုင်တာကမှ ကျွန်တော့်အတွက် တကယ်အရေးပါတာ"

"ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်လို့ ထင်နေတဲ့ ရူးသွပ်နေတဲ့ လူတွေကသာ ကမ္ဘာကြီးကို တကယ်ပြောင်းလဲကြတာ"

"ခင်ဗျားတို့ရဲ့ ဘ၀ဟာ အချိန်အကန့်အသတ်နဲ့ အသက်ရှင်နေရတာ၊ ဘယ်တော့မှ သူများရဲ့ ဘ၀ထဲမှာအချိန်မဖြုန်းမိပါစေနဲ့"

"ကျွန်တော်တို့ဟာ Dots တွေကို အနာဂတ်ကို ကြည့်ပြီး ဆက်သွယ်လို့ မရဘူး။ အတိတ်ကို ကြည့်ပြီးသာ ဆက်သွယ်လို့ ရနိုင်တယ်။ ဒါကြောင့် ခင်ဗျား အခုလုပ်နေတဲ့ အလုပ်မှန်သမျှဟာ (Dots) အနာဂတ်မှာ တစ်နည်းနည်းနဲ့ ဆက်သွယ်လိမ့်မယ်လို့ ယုံကြည်ရမယ်။ ကံကြမ္မာတရား၊ ဘ၀၊ ကံမ္မနိယာမ ဘာပဲဖြစ်ဖြစ် အတိတ်နဲ့ အနာဂတ်ကြား ဆက်သွယ်မှုတို့ရဲ့ တစ်ခုခုကို ယုံကြည်ခြင်းက ခင်ဗျားရဲ့ဘ၀မှာ ကွဲပြားခြားနားမှုတွေ အများကြီး ပြုလုပ်စေနိုင်ပါတယ်"

"လွန်ခဲ့တဲ့ ၃၃ နှစ်လုံး ကျွန်တော့်ကိုယ် ကျွန်တော် မှန်ကြည့်တိုင်း ပြန်မေး ကြည့်တယ်။ "အကယ်၍ ဒီနေ့သာ ငါ့ရဲ့ နောက်ဆုံးနေ့ဆိုရင် ဒီနေ့လုပ်မယ်လို့ တွေးထားတာတွေကို ငါ လုပ်ဦးမှာလား" လို့။ မလုပ်ဘူးလို့ ငြင်းလိုက်တိုင်းမှာ ငြင်းပယ်လိုက်တိုင်းမှာ ကျွန်တော်ဟာ တစ်ခုခုကို ပြောင်းလဲဖို့ လိုနေပြီဆိုတာ သိခဲ့တယ်"

"အရေးကြီးဆုံးက လူတွေအပေါ်မှာ ခင်ဗျား ယုံကြည်မှု ရှိဖို့ပဲ။ လူတွေဟာ မူလကတည်းက ကောင်းမွန်ပြီး ထက်မြက်တဲ့ လူတွေလို့ ယုံကြည်ဖို့ပဲ။ ခင်ဗျားက သူတို့ကို သင်ကြားပြသပေးလိုက်တာနဲ့ သူတို့က ခင်ဗျားကို အဲ့အရာတွေနဲ့ အံ့သြအောင် လုပ်ပြလိမ့်မယ်"

"ခင်ဗျားဟာ မကြာခင် သေသွားနိုင်တဲ့ လူတစ်ယောက်အဖြစ် အမှတ်ရနေခြင်းက ဘ၀ရဲ့ အရေးမပါတဲ့ ထောင်ချောက်တွေကြားမှာ ရှောင်ဖယ်ဖို့ အကောင်းဆုံးသော နည်းလမ်းတစ်ခုပဲ။ ခင်ဗျားဟာ သေခြင်းကြောင့် နတ္တိဖြစ်ပြီးသားပါ။ ဘယ်လိုနည်းနဲ့မှ ခင်ဗျားရဲ့ ယုံကြည်ရာကို မစွန့်လွှတ်သင့်ဘူး"

Download Wun Zinn

Steve Jobs ၏ မှတ်သားဖွယ်ရာ အဆိုအမိန့်များ

ဒီတစ်ခါတော့ အိုမင်းလာတဲ့ အသက်အရွယ်နဲ့အတူ ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းအားတွေကို ဘယ်လို အချိန်ကြာကြာ ထိန်းထားနိုင်မလည်း ဆိုတာ လေ့လာကြည့်ရအောင်။

(၁) ပုံမှန်စားသုံးပါ။
ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ ၂-၃% ပမာဏမျှသာ ရှိပေမယ့် ခန္ဓာကိုယ်က ထွက်တဲ့ စွမ်းအင်ရဲ့ ၂၀% ပမာဏကို သူ့အတွက် သုံးစွဲပေးရပါတယ်။ ဒါကြောင့် "အစာမရှိတဲ့ ဦးနှောက်ဟာ ဗလာ" ဆိုတဲ့ အတိုင်း ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အစာအာဟာရကို မှန်မှန်စားသုံးပေးသင့်ပါတယ်။

(၂) စူပါ အစားအစာများ
ဟင်းနုနွယ်၊ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီသီးတွေကို စူပါ အစားစာများလို့ ခေါ်ပါတယ်။ အကြောင်းက သူတို့ဟာ ဦးနှောက်ရဲ့ စွမ်းအင်ကို မြှင့်တင်ပေးလို့ပါပဲ။ ဒါကြောင့် များများစားသုံးပေးသင့်ပါတယ်။

(၃) Hot Beverage
လက်ဖက်ရည်နဲ့ ကော်ဖီတို့ဟာ ဦးနှောက်ကို လှုံ့ဆော်တဲ့နေရာမှာ အင်မတန် ကောင်းပါတယ်။ ဦးနှောက်ကို လှုံ့ဆော်နိုင်တဲ့အတွက် မှတ်ဉာဏ်ကိုလည်း ကောင်းမွန်စေပါတယ်။

(၄) အရက်မသောက်ရ။
အရက်ဆိုတာ ဦးနှောက်အတွင်း အာရုံကြောဆဲလ်ပေါင်းများစွာကို ပျက်စီးစေတဲ့အတွက် မသောက်သုံးသင့်ပါဘူး။

(၅) ဗီတာမင် များများစား
ဖြည့်စွက်စာများကို စနစ်တကျ စားသုံးပေးရပါမယ်။ ဖောလစ် အက်ဆစ်ဓာတ်လို မှတ်ဉာဏ်အတွက် အထောက်အကူ ပြုပေးနိုင်တဲ့ ဗီတာမင်ဓာတ်များများ စားပေးရပါမယ်။

(၆) သောကကင်းဝေးစွာ နေထိုင်ပါ။
တရားထိုင်ခြင်း၊ တရားဓမ္မအကြောင်း တွေးတောနေခြင်း၊ ဆွေးနွေးနေခြင်း ကလည်း စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ စိတ်တည်ငြိမ် အေးချမ်းတဲ့အခါ မှတ်ဉာဏ်က ကြည်လင်ပြတ်သားနေပါလိမ့်မယ်။

(၇) ဂိမ်းများများကစား
Sudoku နဲ့ စကားလုံး ပဟေဠိဝှက်တဲ့ ဂိမ်း စတဲ့ mental games တွေ ဆော့ကစားခြင်းကလည်း ဦးနှောက် မှတ်ဉာဏ်ကောင်းစေဖို့ အထောက်အကူ ပြုစေနိုင်ပါတယ်။

(၈) လေ့ကျင့်ခန်းများများလုပ်ပါ။
လူ့ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းတွေ အများကြီး ရှိပါတယ်။ အဲ့ထဲကမှ တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ပေးပါ။ မနက်စောစော လမ်းထလျှောက်ခြင်း၊ ပြေးခြင်းစတဲ့ အားကစားမျိုးက ဦးနှောက်မှတ်ဉာဏ်ကောင်းစေဖို့ သက်ရောက်မှု ရှိပါတယ်။

(၉) ပုံမှန်အိပ်ပါ။
အိပ်ချင် မှန်မှန်နဲ့ ပုံမှန်အချိန်အတိုင်း အိပ်စက်ခြင်းကလည်း သင့် ဦးနှောက်ရဲ့ မှတ်ဉာဏ်ကို မထိခိုက်စေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

Ref : Healthdigezt

Download Wun Zinn

မှတ်ဉာဏ်တွေ မဆုံးရှုံးစေဖို့...

တစ်နေ့တော့ မှန်ရှေ့ကို ခင်ဗျား ရပ်ကြည့်ရလိမ့်မယ် မိတ်ဆွေ။ အကြောင်းက ဘ၀ရဲ့ အရေးမပါတဲ့ အပေါ်ယံ အရေခွံခြုံလွှာတွေကို ချွတ်ချပြီး အစစ်အမှန် သဘောတရားကို ခင်ဗျား ရှာဖွေမယ့်အခါ မှန်ရှေ့မှာ ကိုယ့်ကိုကိုယ် ရပ်ကြည့်ခြင်းဟာ ခင်ဗျားကိုယ်ခင်ဗျား အမှန်အတိုင်း မြင်နိုင်ဖို့ အကောင်းဆုံး ဖြစ်လို့ပါ။

ဒါဟာ ရုပ်ရည်အကြောင်း မဟုတ်သလို၊ ဒီ အတ္တဘောခန္ဓာကိုယ်ကြီးမှာ ဖုံးကွယ်ထားတဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ပစ္စည်းအသုံးအဆောင်တွေ အကြောင်းလည်း မဟုတ်ပါဘူး။ ခန္ဓာကိုယ်က အရေးမပါတဲ့ အစိတ်အပိုင်းတွေ ဖယ်ရှားကြည့်လိုက်တဲ့အခါ တကယ်တမ်း ခင်ဗျားကို လောကကြီးမှာ လက်မထောင်ပြီး နေစေနိုင်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်ကို ရှာကြည့်ရုံလေးပါ။

အဲ့ဒါဟာ အရည်အချင်းပေါ့။ ဟုတ်တယ် မိတ်ဆွေ။ ဒီခန္ဓာကိုယ်မှာ ဆင်ယင်ထားတဲ့ ရွှေ၊ ငွေ၊ ပစ္စည်းဥစ္စာတွေကို ဖယ်ခွာကြည့်လိုက်တဲ့အခါ တစ်ခုတည်းသော ကျန်ရစ်ခဲ့တာက ကိုယ်ပိုင်အရည်အချင်းပဲ။ ဘယ်လို ကိုယိပိုင်အရည်အချင်းမျိုး ကိုယ့်မှာ ရှိသလဲ။ ဒီအရည်အချင်းတွေနဲ့ ဘာလုပ်ခဲ့ဖူးသလဲ။ ဒီအရည်အချင်းတွေကြောင့် ဘယ်နေရာထိ ရောက်ခဲ့ဖူးသလဲ။

အရည်အချင်းကို တိုင်းတာဖို့ တစ်ခုတည်းသော ပေတံကတော့ ပြဿနာပဲ မိတ်ဆွေ။ ကိုယ့်အရည်အချင်းအလိုက် ကိုယ့်ကို တိုင်းတာမယ့် ပေတံတွေကတော့ ကွဲပြားနိုင်တာပေါ့။ တစ်ချို့လူတွေရဲ့ ပေတံတွေဟာ တိုတိုလာပြီး တချို့ကတော့ အဆမတန် ပြဿနာဖြေရှင်းမှု စွမ်းအင်တွေ မြင့်မားလာကြတယ် မဟုတ်လား။

ဒီတော့ ကိုယ့်မှာ အရည်အချင်း ဘယ်လောက်ရှိသလည်း မှန်ရှေ့မှာ တစ်ချက်လောက် ရပ်ကြည့်ပြီး အဖြေရှာကြည့်ပါ မိတ်ဆွေ။ ပြီးရင် အရေးမပါတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ စံနှုန်းတွေနဲ့ မရှင်သန်မိစေဖို့ ကြိုးစားရမှာပေါ့။

Download Wun Zinn

မှန်ရှေ့ရပ်ကြည့်တဲ့အခါ...

သင် စကားပြောတော့မှာလား။ ဒါဖြင့် မပြောခင်လေး ဒီစာလေးကို ဖတ်ကြည့်စေချင်ပါသည်။

ဂေါတမဗုဒ္ဓက ခုနစ်နှစ်အရွယ်ရှိသေးတဲ့ သားတော် ရာဟုလာ သာမဏေလေးအား စကားပြောဆိုရာမှာ လိုက်နာကျင့်သုံးအပ်တာနဲ့ ပတ်သက်လို့ ဆုံးမခဲ့ဖူးတယ်။

ဗုဒ္ဓဟောကြားခဲ့တာက -
"ချစ်သား ရာဟုလာ"
- မပြောဆိုမီ သတိပြု စဉ်းစားပါ။
ဤစကားသည် မိမိနှင့်သူတစ်ပါး နှစ်ဦးသားအတွက် အကျိုးများဖွယ် ဟုတ်မှန်ပါ၏လော၊ အကျိုးများဖွယ် ဖြစ်မှသာ ပြောပါ၊ မဟုတ်လျှင် မပြောဆိုပါလေနှင့်။

- ပြောဆိုနေစဉ် သတိမကွာ စဉ်းစားပါ။
ဤစကားသည် မိမိနှင့် သူတစ်ပါး နှစ်ဦးသားအတွက် အကျိုးများဖွယ် ဟုတ်မှန်ပါ၏လော။ အကျိုးများဖွယ် ဖြစ်မှသာ ဆက်၍ ပြောဆိုပါ၊ မဟုတ်လျှင် မပြောဆိုပါလေနှင့်။

- ပြောဆိုပြီးနောက်လည်း သတိဖြင့် စဉ်းစားပါဦး။
ပြောပြီးသောစကားသည် မိမိနှင့်သူတစ်ပါး နှစ်ဦးသားမှာ အကျိုးများဖွယ် ဟုတ်မှန်ပါ၏လော။ အကျိုးများဖွယ်ဖြစ်လျှင် ဆက်၍ ပွားများပါစေ။ မဟုတ်လျှင်ကား ပြန်လည်ရုပ်သိမ်းပါ။ နောက်နောင် ရှောင်ကြဉ်ပါ။

- အလားတူပင် အပြုအမူတစ်ခု ပြုမည်၊ ပြုစဉ်၊ ပြုပြီးခဲ့တိုင်းသော်လည်း၊ အကြံအစည်တစ်ခု ကြံစည်မည်၊ ကြံစည်စဉ်၊ ကြံစည်ခဲ့ပြီးတိုင်းသော် လည်းကောင်း သတိမကွာ စဉ်းစားဆင်ခြင်ကာ ပြုမူပါ၊ ကြံစည်ပါလေ"
တဲ့။

မပြောခင် စဉ်းစား၊ ပြောနေတုန်း စဉ်းစား၊ ပြောပြီးလည်း စဉ်းစား၊ တစ်နည်းအားဖြင့် သတိနဲ့ဉာဏ်နဲ့ယှဉ်တဲ့ စကားပြောပါလို့ ဆိုလိုတာပါ။

လူကြီးသူမများကလည်း လူငယ်တွေကို စကားပြောဆိုရာနဲ့ ပတ်သက်ပြီး သတိသမ္ပဇဉ်နဲ့ ပြောဆိုဖို့ ဆုံးမကြတယ်။ သမ္ပဇဉ်ဆိုတာက သမ္ပဉာဏ်ကို ခေါ်ပြီး အသိဉာဏ်လို့ ဘာသာပြန်နိုင်ပါတယ်။ သမ္ပဇဉ်လေးမျိုးရှိရာမှာ စကားပြောဆိုရာနဲ့ ပတ်သက်တဲ့ သမ္ပဇဉ် နှစ်မျိုးကို ဖော်ပြပါ့မယ်။

(၁) သာတ္တကသမ္ပဇဉ်
တစ်စုံတစ်ခုကို ပြောမည်ပြုတဲ့အခါ ရှေးဦးစွာ အကျိုးရှိ၊ မရှိကို ဦးစွာ ဆင်ခြင်ခြင်း ဖြစ်ပါတယ်။ ဤသို့ ဆင်ခြင်နှိုင်းချိန်ပြီးမှ အကျိုးရှိမည်ဆိုလျှင် ပြောဆိုပြီး အကျိုးမရှိလျှင် မပြောဘဲနေခြင်း၊ မပြုဘဲနေခြင်း ဖြစ်ပါတယ်။

(၂) သပ္ပါယသမ္ပဇဉ်
တစ်စုံတစ်ခု ပြောမည်ပြုမည်ဆိုရာမှာ အကျိုးရှိမည့် အရာမှန်ပါသော်လည်း မိမိ ဂုဏ်အဆင့်အတန်း၊ မိမိ အခြေအနေ၊ ပတ်ဝန်းကျင်ရဲ့ အခြေအနေ အချိန်အခါနဲ့ ဆီလျော် သင့်တော်၊ မသင့်တော် ဆင်ခြင်ခြင်း ဖြစ်ပါတယ်။ ဤသို့ ဆင်ခြင်နှိုင်းချိန်ပြီးမှ အကျိုးရှိမည်ဆိုလျှင် ပြောဆိုပြီး အကျိုးမရှိလျှင် မပြောဆို၊ မပြုလုပ်ခြင်းကို သပ္ပါယသမ္ပဇဉ်လို့ ခေါ်ပါတယ်။

ကဲ... ဒီတော့ ၀န်ဇင်းပရိသတ်များ စကားပြောတဲ့အခါ ဒီအချက်အလက်လေးတွေကို သတိရပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်ကြပါစေလို့...

Photo Credit : bookstome

Download Wun Zinn

သင် စကားပြောတော့မှာလား