Monday, November 16, 2015

သင် စကားပြောတော့မှာလား

သင် စကားပြောတော့မှာလား။ ဒါဖြင့် မပြောခင်လေး ဒီစာလေးကို ဖတ်ကြည့်စေချင်ပါသည်။

ဂေါတမဗုဒ္ဓက ခုနစ်နှစ်အရွယ်ရှိသေးတဲ့ သားတော် ရာဟုလာ သာမဏေလေးအား စကားပြောဆိုရာမှာ လိုက်နာကျင့်သုံးအပ်တာနဲ့ ပတ်သက်လို့ ဆုံးမခဲ့ဖူးတယ်။

ဗုဒ္ဓဟောကြားခဲ့တာက -
"ချစ်သား ရာဟုလာ"
- မပြောဆိုမီ သတိပြု စဉ်းစားပါ။
ဤစကားသည် မိမိနှင့်သူတစ်ပါး နှစ်ဦးသားအတွက် အကျိုးများဖွယ် ဟုတ်မှန်ပါ၏လော၊ အကျိုးများဖွယ် ဖြစ်မှသာ ပြောပါ၊ မဟုတ်လျှင် မပြောဆိုပါလေနှင့်။

- ပြောဆိုနေစဉ် သတိမကွာ စဉ်းစားပါ။
ဤစကားသည် မိမိနှင့် သူတစ်ပါး နှစ်ဦးသားအတွက် အကျိုးများဖွယ် ဟုတ်မှန်ပါ၏လော။ အကျိုးများဖွယ် ဖြစ်မှသာ ဆက်၍ ပြောဆိုပါ၊ မဟုတ်လျှင် မပြောဆိုပါလေနှင့်။

- ပြောဆိုပြီးနောက်လည်း သတိဖြင့် စဉ်းစားပါဦး။
ပြောပြီးသောစကားသည် မိမိနှင့်သူတစ်ပါး နှစ်ဦးသားမှာ အကျိုးများဖွယ် ဟုတ်မှန်ပါ၏လော။ အကျိုးများဖွယ်ဖြစ်လျှင် ဆက်၍ ပွားများပါစေ။ မဟုတ်လျှင်ကား ပြန်လည်ရုပ်သိမ်းပါ။ နောက်နောင် ရှောင်ကြဉ်ပါ။

- အလားတူပင် အပြုအမူတစ်ခု ပြုမည်၊ ပြုစဉ်၊ ပြုပြီးခဲ့တိုင်းသော်လည်း၊ အကြံအစည်တစ်ခု ကြံစည်မည်၊ ကြံစည်စဉ်၊ ကြံစည်ခဲ့ပြီးတိုင်းသော် လည်းကောင်း သတိမကွာ စဉ်းစားဆင်ခြင်ကာ ပြုမူပါ၊ ကြံစည်ပါလေ"
တဲ့။

မပြောခင် စဉ်းစား၊ ပြောနေတုန်း စဉ်းစား၊ ပြောပြီးလည်း စဉ်းစား၊ တစ်နည်းအားဖြင့် သတိနဲ့ဉာဏ်နဲ့ယှဉ်တဲ့ စကားပြောပါလို့ ဆိုလိုတာပါ။

လူကြီးသူမများကလည်း လူငယ်တွေကို စကားပြောဆိုရာနဲ့ ပတ်သက်ပြီး သတိသမ္ပဇဉ်နဲ့ ပြောဆိုဖို့ ဆုံးမကြတယ်။ သမ္ပဇဉ်ဆိုတာက သမ္ပဉာဏ်ကို ခေါ်ပြီး အသိဉာဏ်လို့ ဘာသာပြန်နိုင်ပါတယ်။ သမ္ပဇဉ်လေးမျိုးရှိရာမှာ စကားပြောဆိုရာနဲ့ ပတ်သက်တဲ့ သမ္ပဇဉ် နှစ်မျိုးကို ဖော်ပြပါ့မယ်။

(၁) သာတ္တကသမ္ပဇဉ်
တစ်စုံတစ်ခုကို ပြောမည်ပြုတဲ့အခါ ရှေးဦးစွာ အကျိုးရှိ၊ မရှိကို ဦးစွာ ဆင်ခြင်ခြင်း ဖြစ်ပါတယ်။ ဤသို့ ဆင်ခြင်နှိုင်းချိန်ပြီးမှ အကျိုးရှိမည်ဆိုလျှင် ပြောဆိုပြီး အကျိုးမရှိလျှင် မပြောဘဲနေခြင်း၊ မပြုဘဲနေခြင်း ဖြစ်ပါတယ်။

(၂) သပ္ပါယသမ္ပဇဉ်
တစ်စုံတစ်ခု ပြောမည်ပြုမည်ဆိုရာမှာ အကျိုးရှိမည့် အရာမှန်ပါသော်လည်း မိမိ ဂုဏ်အဆင့်အတန်း၊ မိမိ အခြေအနေ၊ ပတ်ဝန်းကျင်ရဲ့ အခြေအနေ အချိန်အခါနဲ့ ဆီလျော် သင့်တော်၊ မသင့်တော် ဆင်ခြင်ခြင်း ဖြစ်ပါတယ်။ ဤသို့ ဆင်ခြင်နှိုင်းချိန်ပြီးမှ အကျိုးရှိမည်ဆိုလျှင် ပြောဆိုပြီး အကျိုးမရှိလျှင် မပြောဆို၊ မပြုလုပ်ခြင်းကို သပ္ပါယသမ္ပဇဉ်လို့ ခေါ်ပါတယ်။

ကဲ... ဒီတော့ ၀န်ဇင်းပရိသတ်များ စကားပြောတဲ့အခါ ဒီအချက်အလက်လေးတွေကို သတိရပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်ကြပါစေလို့...

Photo Credit : bookstome

Download Wun Zinn

1 comments: