Monday, November 2, 2015

နတ်တို့ ပျော်စံရာတောင် (သို့) ပုပ္ပါးတောင်

ပုပ္ပါးတောင်သည် မန္တလေးတိုင်း၊ မြင်းခြံခရိုင် အရှေ့တောင်စွန်း ကျောက်ပန်းတောင်းမြို့နယ်အတွင်း၊ ပဲခူးရိုးမ တောင်တန်း၏ မြောက်ဘက်အစွန်းတွင် သီးခြား ထိုးထွက်နေသော မီးတောင်ဟောင်းကြီး တစ်ခု ဖြစ်သည်။ မိုးရှားဒေသတွင် တည်ရှိသော်လည်း မြင့်မားသောကြောင့် မိုးရေပိုမိုရရှိကာ တစ်တောင်လုံး စကားဝါပန်းများ၊ စိမ်းလန်းစိုပြည်သော သစ်ပင်ဝါးပင်များနှင့် စိမ်းစိုနေသည့် တစ်ခုတည်းသော တောင်ကြီး ဖြစ်လေသည်။

ပုပ္ပားတောင် ပေါ်ပေါက်ခဲ့ပုံကို ရာဇ၀င်ဆရာတို့က ဂေါတမမြတ်စွာ ဘုရားရှင်၏ ဗျာဒိတ်တော်နှင့်တွဲ၍ ဖော်ပြခဲ့ဖူးသည်။ မှန်နန်းရာဇ၀င် ရေးသားသူ ဦးကုလားက ဘုရားသခင် သည် ငါးဝါအရ၌ သုနာပရန္တနှင့် တမ္ပဒီပတို့သို့ ကြွတော်မူလာခဲ့ပြီး ဖိုဦးတောင်ထိပ် ၌ ရပ်တော်မူ၍ သာသနာ (၁ဝ၁) ခုတွင် ပုပ္ပားတောင်မြေမှ စုန့်စုန့်ပေါ်မည်ဟု ဗျာဒိတ် ထားခဲ့ကြောင်း ကို ယင်း၏ မဟာရာဇဝင်တော်ကြီး တွင် ဖော်ပြ ထားခဲ့သည် (ကုလား၊ မဟာရာဇဝင်တော်ကြီး၊ ပ၊ ၁၉၆ဝ၊ ၁ဝ၉)။ 

မှန်နန်းရာဇ၀င် အင်္ဂလိပ်ဘာသာပြန်တွင် ဖော်ပြထားသည့် ခရစ်တော် မပေါ်မီ အံ့ဖွယ် အကြောင်းအရာ ငါးရပ်မှာ - 
၁ - အသံကြီးစွာ မြည်လျက် မြေငလျင်လှုပ်ခဲ့သည်။
၂- ဖိုးဥမောင်အရပ်မှ ရေအိုင်ကြီးတစ်အိုင် ပေါ်လာသည်။
၃- စမုံ၊ စမြိတ် မြစ်နှစ်စင်း စီးဆင်းလာသည်။
၎ - ပုပ္ပါးတောင် မြေကထွက်လာသည်။
၅- သရေခေတ္တရာ ၀န်းကျင်က ပင်လယ်သည် ခမ်းခြောက်သွားသည်။ (မှန်နန်းရာဇ၀င်၊ အင်္ဂလိပ်ဘာသာပြန်၊ ၁၉၂၃၊ စာ-၇) ဟု အဆိုရှိသည်။ ၎င်းတို့မှာ လွန်ခဲ့သော နှစ်ပေါင်းတစ်သန်း ခရစ်မပေါ်မီ အနှစ် ၄၄၃ က၊ တစ်ညတည်း ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ (မှန်နန်းရာဇ၀င်၊ အင်္ဂလိပ်ဘာသာပြန်၊ ၁၉၂၃၊ စာ-၁၄)။ ထို့ကြောင့်လည်း ပုပ္ပါးတောင်သည် ကျောက်ခတ်ဦး (သို့) ကျောက်ခေတ်နှောင်းကာလတည်းက တည်ရှိခဲ့သော အစဉ်အလာကြီးမားခဲ့သော ရာဇ၀င်တောင်ကြီး ဖြစ်ပေသည်။

ပုဂံခေတ်က ပန်းတော်ဆက် ဗျတ္တနှင့် ပုပ္ပားသူ မယ်ဝဏ္ဏတို့၏ သားများဖြစ်သော ရွှေဖျင်းကြီး၊ ရွှေဖျင်းလေး အစရှိသော ရွှေဖျဉ်းညီနောင် နတ်နန်းတည်ရာ၊ တကောင်းပြည် ပန်းပဲငတင့်တယ်နှင့် ငတင့်တယ်၏နှမ တကောင်းဘုရင်၏ မိဖုရား နတ်မောင်နှမတို့ ပျော်စံရာတောင် စသည့်အရာများကြောင့် ပုပ္ပါးတောင်ကို နတ်တို့ပျော်စံရာတောင်အဖြစ် နှောင်းမြန်မာတို့ မှတ်ယူကြသော်လည်း ရှေးမြန်မာတို့ကား ပုပ္ပါးတောင်ကို ခရစ်မပေါ်မီကပင် မဟာဂီရိ (တောင်ကြီး) ဟူသော ပါဠိဝေါဟာရဖြင့် ခေါ်ဆိုခဲ့သော ထီးထီးမားမား တခုတည်းသာရှိသည့် နတ်(ပုပ္ပား) တောင်ကြီးအဖြစ် မှတ်ယူခဲ့ကြသည်။ ပုပ္ပါးတောင်အား ပန်းပေးတောင်၊ ၀ဏ္ဏယက္ခတောင်၊ ၀ိဇ္ဇာဓရတောင်၊ နဂါးရစ်တောင် စသည့် အမည်အမျိုးမျိုးဖြင့်လည်း ခေါ်ဆိုကြသေးသည်။

ပုပ္ပါးတောင်ကြီးကို အရပ်လေးမျက်နှာမှ ကြည့်လျှင် ပုံသဏ္ဍာန်လေးမျိုးဖြင့် တွေ့ရသည်။ ပုပ္ပါးတောင်၏ မီးတောင်ကတော့ဝသည် မြောက်ဘက်တွင် အနောက်ဘက်သို့ အနည်းငယ်ထွန်းလျက် နိမ့်သည်။ တောင်ဘက်၊ အနောက်ဘက်နှင့် အရှေ့ဘက်တို့တွင် မြင့်မားလေသည်။ 

ပုပ္ပါးတောင်တွင် အလယ်က ချိုင့်ပဲ့ဖြစ်နေသော တောင်မကြီးအပြင် အနောက်ဖက်သို့ ဆင်ခြေလျှော နိမ့်ဆင်း သွားရာ အပိုင်း၌ ပုပ္ပါး တောင်ကလပ် လည်းပူးတွဲပါရှိနေသည်။ ပုပ္ပါးတောင်ကလပ်မှာ ပုပ္ပါးတောင်မကြီး ပေါက်ကွဲရာမှ ပဲ့ကျလာသည့် အစိတ်အပိုင်းဟု ယူဆ တတ်သော်လည်း မီးတောင်လည်တိုင်တစ်ခုဟု အဆိုရှိ သည်။ ပုပ္ပါးတောင်မကြီးသည် အမြင့်ပေ(၄၉၈၁) ရှိပြီး ဆယ့်ကိုးယုတ်ငါးထောင် ဟု လွယ်ကူအောင်မှတ်သား တတ်ကြသည်။ မီးတောင်ထိပ်ဝအလယ်တွင် တစ်မိုင်ခွဲခန့် ကျယ်ပြီး ပေ ၂၀၀၀ ကျော်၊ ၃၀၀၀ ကျော် ခန့် နက်ရှိုင်းသော ချောက်ကြီး ဖြစ်ပေါ်လျက် ရှိလေသည်။

Ref : ပျူတွေဘယ်ပျောက်သွားသလဲ (ဒေါက်တာသန်းထွန်း), wiki, 
yephyo.blogspot

Download Wun Zinn

0 comments:

Post a Comment