Monday, November 16, 2015

ဝေဖန်ခြင်းနှင့် ကဲ့ရဲ့ပြစ်တင်ခြင်း (ပုတ်ခတ်ခြင်း)

ဝေဖန်ခြင်းနှင့် ကဲ့ရဲ့ပြစ်တင်ခြင်း... ရုတ်တရက် ကြည့်လိုက်ရင် ဒီ ခေါင်းစဉ်လေးနှစ်ခုဟာ တူသလို ထင်ရပါတယ်။ ဒါပေမယ့် ဒီခေါင်းစဉ်နှစ်ခုဟာ အတော်လေးကို ဆန့်ကျင်ဘက် သဘောတရားတွေ၊ ဆန့်ကျင်ဘက် စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို တူမယောင်နဲ့ ကွဲပြားစွာ တွေ့ရမှာလည်း ဖြစ်ပါတယ်။

စာရေးဆရာကြီး သိန်းဖေမြင့်က လူတစ်ယောက်ကို ဝေဖန်ရတာ အင်မတန် ခက်ခဲတယ်၊ အဲ့အစား ပုတ်ခတ်တာကတော့ အင်မတန် လွယ်ကူပြီး လူတိုင်းနီးပါး လုပ်နိုင်တဲ့ အရာတစ်ခု ဖြစ်တယ်လို့ ပြောဖူးတာကို မှတ်သားဖူးပါတယ်။ အကြောင်းက လူဆိုတာ ဘက်တစ်ဖက်ကို လိုက်နေတဲ့ သတ္တ၀ါဖြစ်တဲ့အတွက် ဘက်မလိုက်ပဲ မဇ္ဈိမ အလယ်လတ်လမ်းစဉ်ကျကျ မေတ္တာနဲ့ ပြောဆိုဆုံးမဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့အတွက်ကြောင့် ဝေဖန်ရေးလုပ်ရတာ အင်မတန် မလွယ်ကူဘူးလို့ ပြောခဲ့တာပါ။

လူတစ်ယောက်ကို ဝေဖန်တယ်ဆိုတာ ဓမ္မဓိဋ္ဌာန်ကျကျ၊ ဘက်မလိုက်ပဲ မေတ္တာစိတ်၊ အကျိုးကို လိုလားတဲ့ စိတ်နဲ့ လမ်းညွှန်ပြသပေးရတာ ဖြစ်ပါတယ်။ လမ်းညွှန်ပြသပေးဖို့ ရှေးဦးစွာ ဝေဖန်ရေးဆရာ တစ်ယောက်ဟာ စိတ္တ၊ ဉာဏ အားနှစ်ဖြာ ပြည့်စုံရပါတယ်။ အရာရာကို နှံ့စပ်သိမြင်ရမယ်။ အကြားအမြင် ဗဟုသုတနဲ့ ပြည့်စုံနေရမယ်၊ ကိုယ်ချင်းစာ တရား ရှိရပါမယ်။ မှားနေတဲ့အခါမှာလည်း အမှားကို အပိုအလိုမရှိ မှားကြောင်း၊ မှန်နေရင်လည်း ရဲရဲဝင့်ဝင့် မှန်ကန်ကြောင်း ဘက်မလိုက်ပဲ အကျိုးကို လိုလားသည့်စိတ် မေတ္တာဖြင့် ပြောဆိုရပါတယ်။

ပုတ်ခတ်တယ်ဆိုတာကတော့ ကိုယ်နဲ့မတူ ကိုယ့်ရန်သူဆိုတဲ့ စကားအတိုင်း အကျိုးကို ညွှန်ပြတဲ့အစား လူတစ်ဖက်သားရဲ့ အားနည်းချက်ကို နှိမ်ချဆက်ဆံ ပြောဆိုတာ ဖြစ်ပါတယ်။ အင်မတန်မှ မလုပ်သင့်တဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။

တစ်ခါက မြတ်စွာဘုရားသခင်ဟာ "လူတို့ကို ဝေဖန်ပိုင်းခြင်းခြင်းဆိုတာ ဘုရားသခင်တို့၏ အလုပ်သာဖြစ်ကြောင်း" ဟောပြောဆုံးမဖူးပါတယ်။ ဆိုလိုတာက လူတစ်ယောက်ကို ဝေဖန်ပိုင်းခြားတဲ့အခါမှာတောင် ကျွန်တော်တို့ မမြင်နိုင်တဲ့ နောက်ခံအကြောင်းတရားတွေ ရှိနေတတ်သလို၊ ပစ္စုပ္ပန်ပေါ်မှာ ပြုမူပြောဆိုတဲ့ ဉာဏ်ပညာ ကွာခြားနိုင်ကာ၊ သီလ သမာဓိ၊ ဉာဏ်ပညာလည်း မတူညီနိုင်တာကြောင့် လူတစ်ဦးနဲ့တစ်ဦး ပုတ်ခတ်မပြောဆိုသင့်တဲ့အကြောင်း သတိပေး ဆုံးမထားတာ ဖြစ်ပါတယ်။

ဝေဖန်ခြင်းနဲ့ ပုတ်ခတ်ခြင်းနဲ့ ပတ်သက်လို့ မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီး ဟောကြားခဲ့တဲ့ ဤဆုံးမစကားလေးကို ကြည့်ရင် စာဖတ်သူ သိသာစွာ ကွဲပြားနိုင်ပါလိမ့်မယ်။

"ဝေဖန်ခြင်းနှင့် ပုတ်ခတ်ခြင်းဟာ မတူဘူး။

- ဝေဖန်ခြင်းဆိုတာ သူ့အမှားသူ ပြန်စဉ်းစားနိုင်အောင်
ယဉ်ယဉ်ကျေးကျေး အေးအေးဆေးဆေး သုံးသပ်ပြတာ
မေတ္တာ, ပညာ, အကြင်နာနဲ့ ပြောတာ။

- ပုတ်ခတ်ခြင်းဆိုတာ သူ့အမှားကို ချက်ကောင်းယူပြီး
စော်ကားတာ။အမုန်းတွေ ဒေါသတွေနဲ့ ချေဖျက်ပစ်တာ။
သူတစ်ချက်မှားတာကို ဆယ်ချက်လောက် အပြစ်ပြောတာ။

- ဝေဖန်ခြင်းဟာ သူရောကိုယ်ပါ ချမ်းသာစေတယ်။
- ပုတ်ခတ်ခြင်းဟာ သူကိုယ်မခွဲ ဆင်းရဲစေပါတယ်။"

လူအချင်းချင်း ရန်လိုချင်း ကင်းရှင်းကြပါစေ။

Download Wun Zinn

0 comments:

Post a Comment