Thursday, July 23, 2015

ကျွန်တော့် အဖေပြောတဲ့ ဘ၀ရဲ့ အရေးကြီးဆုံးတွေ


အမြဲလိုလို စပ်စုတတ်တဲ့ ကျွန်တော်ဟာ အရွယ်လေးရလာတော့ လူတွေပြောတဲ့ ဘ၀ဆိုတာကြီးကို သိချင်လာမိတယ်။ ဒါနဲ့ပဲ အမြဲလိုလို ကျွန်တော့်ကို နားလည်ပြီး ကျွန်တော် နားလည်နိုင်လောက်တဲ့ စကားလုံးတွေပဲ စုစည်းထားတဲ့ ကျွန်တော့်အဖေဆီကို ရောက်လာခဲ့တယ်။ ပြီးတော့ ထုံးစံအတိုင်းပဲ မေးလိုက်တယ်။
"အဖေ... ဘ၀မှာ ဘယ်အရာတွေက အရေးကြီးဆုံးလည်း"။

ဒီလိုမေးလိုက်တယ်ဆိုရင်ပဲ အဖေဟာ သူပြုနေကျအတိုင်းပဲ ကျွန်တော့်ကို ပြုံးပြတယ်။ ဒီတစ်ခါတော့ အပြင်ဖက်ကို ခေါ်သွားခဲ့တယ်။ အပြင်ဖက်မှာ သူ စိုက်ပျိုးထားတဲ့ ပန်းအိုးလေးတွေ ရှိနေတယ်။ ဒါနဲ့ သူက ပန်းအိုး အသေးလေးတစ်လုံးကို ယူပြီး ကျွန်တော့်ကို ပြတယ်။
အဖေဟာ ပထမဆုံး ပန်းအိုးအသေးလေးထဲကို ခဲလုံးအကြီးတွေ ထည့်ပြလိုက်တယ်။ ခဲလုံးတွေဟာ အနည်းဆုံး ၂ လက်မလောက်တော့ ထူပြီးကြီးမားလိမ့်မယ်။ ပြီးတော့ ကျွန်တော့်ကို မေးတယ်။

ပန်းအိုး ပြည့်သွားပြီလားတဲ့။

အင်း... ဟုတ်တယ်၊ ပန်းအိုးဟာ နောက်ထပ် ခဲလုံးကြီးတွေ ထပ်ထည့်လို့မရအောင်ကို ပြည့်သွားခဲ့ပြီ။

ပန်းအိုးပြည့်သွားပြီလို့ ပြောလိုက်တော့ အဖေက ပြုံးပြန်တယ်။
အဓိပ္ပာယ်များစွာပါတဲ့ အပြုံးမျိုးနဲ့။ ပြီးတော့ အဲ့ဒီ ခဲလုံးကြီးတွေနဲ့ ပြည့်နေတဲ့ ပန်းအိုးလေးထဲကို ခဲလုံးအသေးလေးတွေ ထပ်ထည့်ပြတယ်။ အံ့သြစရာ၊ စောနက ပြည့်နေပြီလို့ထင်တဲ့ ခဲလုံးကြီးတွေထည့်ထားတဲ့ ပန်းအိုးလေးထဲကို ခဲလုံးသေးလေးတွေက ၀င်သွားပြန်တယ်။ ပန်းအိုး ပြည့်သွားပြန်ပြီလားလို့ အဖေက ကျွန်တော့်ကို ထပ်မေးပြန်တယ်။ ဒီတစ်ခါတော့ ကျွန်တော် စဉ်းစားပြီး ဖြေလိုက်တယ်။

"မပြည့်သေးဘူး၊ ဟောဟိုက သဲတွေကို ထပ်ထည့်လို့ ရသေးတယ်" လို့။ အဖေက ပြုံးရင်း ကျွန်တော်ပြောတဲ့အတိုင်း သဲတွေကို ခဲကြီးတွေ၊ ခဲသေးတွေနဲ့ ပြည့်နေတဲ့ ပန်းအိုးလေးထဲ ထည့်ပြလိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို ပြောတယ်။

"သား... ဘ၀ဆိုတာ ဟောဒီ ပန်းအိုးလေးလို့ ယူဆမယ်ဆိုရင် ဟောဒီ ခဲလုံးအကြီးတွေဟာ ဘ၀အတွက် အရေးကြီးတဲ့ အရာတွေပဲ၊ ခဲလုံးကြီးတွေဟာ သားရဲ့ မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ ကျန်းမာရေး၊ သားရဲ့ မျိုးဆက် စတာတွေနဲ့ တူတယ်။ ပန်းအိုးထဲက အရာအားလုံးသွန်လိုက်ရင် ခဲလုံးကြီးတွေဟာ ပြုတ်ကျဖို့ ခက်ခဲသလို၊ သူတို့ပဲ ကျန်ခဲ့သလို၊ သူတို့ဟာလည်း သားဘ၀မှာ တစ်ခုခုဖြစ်ခဲ့ရင်တောင် နောက်ဆုံးအချိန်အထိ ကျန်ရစ်ခဲ့မယ့် အရာတွေပဲ။ ခဲလုံးအသေးလေးတွေကတော့ သားရဲ့ အလုပ်အကိုင်၊ တိုက်တာအိုးအိမ်၊ ကားတွေ၊ စည်းစိမ်ချမ်းသာတွေပေါ့၊ သဲတွေကတော့ ဘ၀ရဲ့ အရေးမကြီးတဲ့ ကျန်တဲ့အစိတ်အပိုင်းတွေပေါ့။"

"ပန်းအိုးထဲကို အရေးမကြီးတဲ့ အစိတ်အပိုင်းနဲ့တူတဲ့ သဲတွေကိုသာ အရင်ဆုံး စထည့်ခဲ့ရင် ကျောက်တုံးကြီးတွေ၊ ကျောက်တုံးလေးတွေကို ထည့်ဖို့ ခက်ခဲသွားလိမ့်မယ်။ ဒီတော့ ပထမဆုံး သားရဲ့ ဘ၀နဲ့တူတဲ့ ပန်းအိုးကို ကျောက်ခဲကြီးနဲ့တူတဲ့ မိသားစု၊ ကျန်းမာရေး၊ လုပ်ဖော်ကိုင်ဖက်၊ သားသမီးတွေကို အရင်ဆုံး စထည့်ရတယ်။ နောက်မှ ခဲလုံးအသေးနဲ့တူတဲ့ စည်းစိမ်ချမ်းသာ၊ ပြီးတော့မှ ကျန်တဲ့ လိုအပ်ချက် အသေးလေးတွေနဲ့တူတဲ့ သဲကို နောက်ဆုံးမှာ ထည့်ရတယ်။ "

"ဒီတော့ ဘ၀မှာ ဘာအရေးကြီးဆုံးလဲဆိုရင် ကျောက်ခဲကြီးတွေကို ဂရုစိုက်ဖို့ အရေးကြီးဆုံးလို့ အဖေက ဖြေရမှာပဲ ငါ့သား"

Download Wun Zinn

0 comments:

Post a Comment