Wednesday, March 18, 2015

ဒေါက်တာ စိုင်းစံအိုက်နဲ့ သွားရောက် တွေ့ဆုံခြင်း


ယခုတစ်ပါတ်မှာတော့ ၀န်ဇင်းအဖွဲ့သားများဟာ ပြည်ထောင်စု မြန်မာနိုင်ငံ တော်တွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားများ တစ်ဦးနှင့်တစ်ဦး ပိုမို နားလည်စေရန် ရည်ရွယ်လျက် သမိုင်းကြောင်း အစဉ်အလာ ကြီးမားခဲ့ကြတဲ့ ရှမ်းလူမျိုးတွေရဲ့ သမိုင်းအစဉ်အလာနဲ စာပေယဉ်ကျေးမှုတို့ကို "ဆာမ်လော"
ရှမ်းယဉ်ကျေးမှု ဂန္ထ၀င် ၀တ္ထုကြီး ရေးသားသူ ဒေါက်တာ စိုင်းစံအိုက်နဲ့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။


မေးခွန်း (၁) - ပထမဆုံး ရှမ်းလူမျိုး သမိုင်းကြောင်းနဲ့ ရှမ်းစာပေယဉ်ကျေးမှု အကြောင်းကို ပြောပြပေးပါ ဆရာ။

ဖြေ - ရှမ်းလူမျိုးဆိုတာ နန်ကျောက် (နန်ကျောင်းဟုလည်း ရေးသား) အနွယ်ဝင် ရှမ်း-တိုင်း များ ဖြစ်ကြပါတယ်။ အေဒီ ၉ရာစုအစဦးတွင် တရုတ်ထန်မင်းဆက်၏ တန်းခိုးထွားလာမှုအောက်တွင် နန်ကျောက်ပြည်ကြီး (ယခုယူနန်ပြည်နယ်၊ တာလီဒေသ) ပြိုလဲပြီး အင်အားနည်းပါသွားခဲ့ရသည်။ အကုန် ပျက်ဆီးကုန်တယ်လို့ မဆိုနိုင်ဘဲ ထန်မင်းဆက်ကုန်၍ စုန်မင်းဆက် လက်ထက်ထိတိုင် ရပ်တည်နေနိုင်ခဲ့ပါသေးတယ်။ တရုတ်ပြည်ကို မွန်ဂို(တာတာ)တို့က ၁၁ ရာစုတွင်သိမ်းပိုက်ခဲ့ပြီး နယ်ပယ်များ ဆက်လက်ချဲ့ထွင်ခဲ့ရာ  ရှမ်း-တိုင်း တို့ကိုလည်း အလွတ်မပေးခဲ့တဲ့အတွက် ရလာဒ်အဖြစ် တောင်ဖက်တစ်လျှောက် စုန်ဆင်းအခြေချခဲ့ရာမှ ရှမ်းလူမျိုးအဖြစ် ပေါ်ထွက်လာကြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မှ ရှမ်းလူမျိုးများအဖြစ်လည်းကောင်း၊ လာအိုနိုင်ငံတွင် လော(မှုန်း)လူမျိုးများ အဖြစ်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုးများ အဖြစ်လည်းကောင်း  ပျံ့နှံ့သွားခဲ့ကြသည်။ သို့သော် ရှမ်းလူမျိုးများမှာလည်း လူမျိုးစုငယ် အများအပြား ကွဲပြားခဲ့ပြီး ယဉ်ကျေးမှု၊ ဘာသာစကားတို့ပါ အနည်းငယ်စီကွဲပြားကြပါတယ်။ အဓိက အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များမှာ သစ်၊ လက်ဖက်၊ စပါး၊ လိမ္မော်၊ ပြောင်း၊ ရာဘာနှင့် ကောက်ပဲသီးနှံများ စိုက်ပျိုးလျက်ရှိပြီး အခြား လက်မှု အတတ်ပညာများစွာနဲ့ လုပ်ကိုင်လျက် ရှိပါတယ်။ ရှမ်းစာပေမှာဆိုရင် ယွန်းရှမ်းစာနှင့် ပဲပင်ပေါက် စာပေဆိုပြီး (၂) မျိုး ရှိပါတယ်။ ယနေ့ ဂုံရှမ်းစာနှင့် ကျောင်းသုံးရှမ်းစာလို့ အများ သိကြပါတယ်။ မွန်နဲ့ရှမ်းဟာ မွန်နိုင်ငံ တွာရ၀တီကတည်းက တူတူနေထိုင်ခဲ့ကြပါတယ်။ မွန်တွေ ဟံသာဝတီကို အေဒီ ၅၇၃ ခုမှာ ရွှေ့လာကြပါတယ်။ အဲဒီအချိန်မှာ မွန်တွေ၊ ဗုဒ္ဓဘာသာဖြစ်နေပြီး မွန်စာပေလည်း ရှိနေပါပြီ။

မွန်နဲ့အတူရှိခဲ့တဲ့ လမ်ပွန်း၊ လမ်ပန်းက ရှမ်းတွေလည်း ဗုဒ္ဓဘာသာဖြစ်လာလို့  ယွန်းရှမ်းတွေအဖြစ် အသိများလာပါတယ်။ ဗျည်း ၃၅ လုံးပါတဲ့ မွန်စာကို အခြေခံပြီး သက္ကစာထဲက ဗျည်း (၇) လုံး၊ ထပ်ယူပြီးတော့ ယွန်းရှမ်းတွေ ယွန်းစာကို ဘာသာရေးစာအဖြစ် (၇) ရာစုမှာ တည်ဆောက်အသုံးပြုခဲ့ပါတယ်။ (၇) ရာစုမှာ ယွန်းရှမ်းစာရော၊ ယွန်းရှမ်းဗုဒ္ဓစာရော စကားကလည်း တူနေတော့ နန်ကျောက်ဒေသနှင့် ရှမ်းဒေသအားလုံးကို အလျှင်အမြန် ပျံ့နှံ့ခဲ့ပါတယ်။ အဲ့ဒါကြောင့် ရှမ်းရော၊ မွန်ရော "သ" သံမရှိပဲ ဗမာစာက ပါဠိစာပေရဲ့ "စ" သံကို "သ" သံ ပြုထားလို့ ဗုဒ္ဓစာပေမှာ အများနဲ့မတူ ရှိနေတာပါ။ ၉ ရာစုအစ မန်းမောဒေသမှာ အက္ခရာ (၄၂) လုံး၊ဘာသာရေးယွန်းရှမ်းစာကနေ လူမှုရေးသုံး အက္ခရာ (၁၈) လုံး ပဲပင်ပေါက်ရှမ်းစာအဖြစ် ချုံ့ပြီး သုံးခဲ့ပါတယ်။ အဲ့ဒီ ပဲပင်ပေါက် ရှမ်းစာမူများဟာ ယနေ့တိုင် ယူနန်နယ်နှင့် လောနိုင်ငံ အမျိုးသားပြတိုက်ကြီးမှာ အများအပြား ရှိနေပါတယ်။ (၁၄) ရာစု စပ်ဆေခန်ဖရဲ့ အင်ပါယာကြီး လမ်ပွန်း၊ လမ်ပန်း ဒေသထိ ကျယ်ပြန့်ခဲ့လို့ ရှမ်းပဲပင်ပေါက်စာကို လောနိုင်ငံမှာ များများစားစား တွေ့ရတာ ဖြစ်ပါတယ်။


မေးခွန်း (၂) - ပြည်ထောင်စုတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စု တိုင်းရင်းသား အချင်းချင်း ချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ဖို့ ဘယ်လိုအချက်တွေကို ပြုလုပ်သင့်ပါသလဲ ဆရာ။

ဖြေ - လူမျိုးရေးပေါ့။ သူတို့ ခွဲထွက်တော့မှာပဲဆိုပြီး အပြစ်တောင်မှ မလုပ်ရသေးဘူး။ ကျွန်တော်ထင်တယ်၊ အခုချိန်မှာ ရှမ်းပြည်နယ်မှာ မဲသွားခွဲလို့ ခွဲထွက်မယ်ပြောရင် မခွဲဘူးလို့ ပြောတဲ့သူတော့ မရှိနိုင်ဘူး။ အများစုကတော့ ခွဲထွက်တာက အလုပ်မဖြစ်ဘူးလေ။ ဦးနုခေတ်တုန်းက ဟာ တို့တော့ ဒီလို အတူနေထိုင်ကြမယ်လို့ ပြောတာက အများစုပါ။ အဲ့ဒီတော့ အများစုရဲ့ စကားကိုတော့ နားမထောင်ပဲနဲ့ ခွဲထွက်မယ့် လူအနည်းစုကြောင့် အများစုကို သံသယနဲ့ ကြည့်နေတာ မကောင်းဘူးပေါ့။ ဒီတော့ လူမျိုးရေး မာန နည်းနည်းလေး လျှော့ချနိုင်ရင် ကောင်းမယ် ထင်တယ်။ အမျိုးသားရေး မာန နည်းနည်းလေး လျှော့ဖို့ လိုလိမ့်မယ်။ ဘာသာရေးမာနလည်း နည်းနည်းလျှော့ဖို့ လိုလိမ့်မယ်။ အားလုံးပေါ့။ စင်ကာပူနိုင်ငံက တိုးတက်ပြီး ကျွန်တော်တို့နိုင်ငံက မွဲသွားတာ မခံချိမခံသာ ဖြစ်ရပါတယ်။ သူတို့က နိုင်ငံတော် စီးပွားရေးနှင့် မျှတရေးကို ဦးစားပေး လုပ်ခဲ့တယ်။ ကျွန်တော်တို့နိုင်ငံက အမျိုးဘာသာ သာသနာကိစ္စနှင့် ချုပ်ကိုင်ရေး ရလာဒ်ကိုပဲ ဦးစားပေးလုပ်ခဲ့လို့ စီးပွားရေးရလာဒ်ကို မခံစားကြရဘူး။ လူတစ်မျိုးစီရဲ့ လူမျိုးရေး မာနရောဂါဟာ ပြည်နယ်တွေကို ကူးစက်ကုန်တယ်။ လူမျိုးတိုင်းက လူမျိုးရေးမာနကိုပဲ စွဲကိုင်နေမယ်ဆိုရင် ပြည်နယ်ချစ်စိတ် မရှိနိုင်ပဲ လူမျိုးရေးချစ်စိတ်ပဲ လွှမ်းမိုးနေလိမ့်မယ်။ လူမျိုးရေးစိတ်ပဲ ဆက်ပြီး ပဲ့ကိုင်နေဦးမယ်ဆိုရင် ပြည်ချစ်စိတ်၊ ပြည်ထောင်စုချစ်စိတ်၊ စုစည်းတဲ့စိတ် မရှိနိုင်ဘူး။ ချုပ်ကိုင်လိုစိတ်၊ အသာစီးရလိုစိတ်မျိုးနှင့် ပြည်ထောင်စုကို ဖွဲ့စည်းဖို့ အောင်မြင်နိုင်မယ် မထင်ဘူး။ တရားခံရှာတဲ့ လမ်းစဉ်၊ အပြစ်ဖို့တဲ့ လမ်းစဉ်ကနေ တိုင်းရင်းသားတွေ နိုင်ငံတော်အတွက် အမှန်ပေးဆပ်ခဲ့တာတွေကို အသိအမှတ်ပြုပေးနိုင်ရင် စည်းလုံးညီညွတ်ရေးကို အထောက်အကူ ပြုမယ် ထင်ပါတယ်။ တိုင်းရင်းသားတွေ စုစည်းမှာကို ကြိုစိုးရိမ်ပြီး ကြိုတင်ဖြိုခွဲတဲ့ ဗြူဟာလမ်းကြောင်းကနေ မျှတလမ်းစဉ်ဖက်ကို ပြောင်းမှ တိုးတက်မှု ရနိုင်မယ် ထင်ပါတယ်။  အဲ့ဒီလို အားလုံးပါဝင်တဲ့ Inclusive စိတ်၊ Inclusive ဝေါဟာရမျိုး သုံးမှ ရလာဒ်ကောင်းမယ် ထင်ပါတယ်။


မေးခွန်း (၃) - လူမျိုးတွေထဲမှာ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့ ကိုယ်ပိုင် ပြက္ခဒိန် ရှမ်းယဉ်ကျေးမှုဆိုင်ရာမှာ ထူးခြားတဲ့ ဓလေ့စရိုက်လေးတွေ ရှိရင် ပြောပြပေးပါလား ဆရာ။

ဖြေ - ရှမ်းက သူတည်ရှိခဲ့မှုက ဗမာရဲ့ တည်ရှိမှုထက်ကို ပိုစောနေတယ်။ စဉ်းစားကြည့်လိုက်လေ... ထားပါတော့ အဝေးကြီးကို  လက်လှမ်းမီသလောက်ပေါ့... နောက် ယဉ်ကျေးမှု ဆိုတာကလည်း ခေတ်အလိုက်၊ အခြေအနေအလိုက် ပြောင်းလဲနေတာမို့ ကျွန်တော်တို့မှာလည်း  ပြုပြင်ထားတဲ့ ပုံစံလေးတွေ ရှိတာပေါ့လေ။ ဥပမာအားဖြင့် ဒေါင်းအက၊ သူက ဒေါင်းမကို မြူဆွယ်တဲ့အကပေါ့၊ သူ့ကို ကတဲ့အခါကျတော့ ကတဲ့သူက မျက်နှာဖုံး စွပ်ထားရတယ်။ နောက်ပိုင်းကျတော့ မျက်နှာဖုံး မစွပ်တော့တာ မျိုးတွေပေါ့၊ ဒီလိုမျိုးပေါ့လေ။ ပြောင်းလဲလာတာလေးတွေ ရှိတာပေါ့။ ပြောင်းလဲတယ်ဆိုတာကလည်း သဘာဝပဲလေ။ နောက်ပြောချင်တာကတော့ တိုင်းရင်းသားတွေရဲ့ မူလ ယဉ်ကျေးမှုလေးတွေကို သိအောင် ပြုလုပ်ထားရင် ပိုကောင်းတာပေါ့။ ယဉ်ကျေးမှုကတော့ အမြဲတမ်း ပြောင်းလဲနေတာပဲလေ။ ဥပမာ ကျွန်တော်တို့ ရောင်ထုံးကနေ ဘိုကေ ဖြစ်သွားတာလေ။


မေးခွန်း (၄) - ရှမ်းမျိုးသား ဘာသာစကား တိုးတက်ပြန့်ပွားဖို့ လုပ်ဆောင်သင့်သည်များ ရှိပါက ပြောပေးပါ ဆရာ။

အဖြေ - ဒါကတော့ အစိုးရက သဘောထား ကြီးကြီးနဲ့ သူ့စာပေကိုလည်း သင်ခွင့်ပြုမှ သူ့ရဲ့ အနှစ်သာရ ရမှာပေါ့။ အခုဟာက အင်္ဂလိပ်တွေ ကျွန်တော်တို့ နိုင်ငံကို လာတယ်။ သာသနာ သွားပြုတယ်။ သာသနာ သွားမပြုခင် အဲ့ဒီက တိုင်းရင်းသား အငယ်လေးတွေ ဘာသာစကား သူ သင်သွားပြီးပြီ။ အခု ဒီမှာ ဓမ္မာစရိယ ရလာတဲ့သူက အစိုးရက သူ့ကို ဘွဲ့မပေးသေးဘဲနဲ့ တောင်တန်းသာသနာကို (၂) နှစ်သွားပြုပါဦးတဲ့။ တောင်တန်းသာသနာ သွားပြုတဲ့အခါမှာ သူ့ ဘာသာစကား သိတဲ့ဒေသတောင် မဟုတ်ဘဲနဲ့ သူ့ဘာသာစကား မသိတဲ့ ဒေသ ဥပမာ - ကယားဆိုရင် ကယားစကား တတ်လို့ရင် ကယားပြည် မလွှတ်ဘဲနဲ့ တခြား သူ့ဘာသာစကား မဟုတ်တဲ့ နေရာကို လွှတ်တယ်။ အဲ့ဒီတော့ သူက ဗမာလိုပဲ ပြောရတော့မှာပေါ့။ ကျွန်တော် ထင်တယ်။ ဂေါတမ မြတ်စွာဘုရား ရှိလို့ရှိရင်  အဲ့ဒီ Policy လုပ်တဲ့သူကို ခေါ်ဆုံးမမှာ။ ဘာအနှစ်သာရ ရမှာလဲ။ ဘာအနှစ်သာရမှ မရဘူးလေ။  ဆိုတာ့ တိုင်းရင်းသားတွေ သူတို့ခင်ဗျာ၊ ပိုတိုးတက်ဖို့တောင် မဟုတ်ပါဘူး။ တန်းတူညီမျှလေး ရရုံပါပဲ။ ဦးက ရှမ်းပြည်မှာပဲ ကြီးလာတာကိုး။ ဦးတို့နေတဲ့နေရာ ဗမာတစ်ယောက်မှ မရှိဘူးလေ။ ငါးတန်းရောက်တော့ ကျောင်းမှာ ဗမာဆရာတစ်ယောက် ရောက်လာတယ်။ ကျွန်တော်လည်း သူ့စကားမပေါက်၊ သူလည်း ကျွန်တော့်စကား မပေါက်။ သူက မင်းတို့ ဗမာစကားတတ်မှရမယ်၊ ရှေ့ကို တက္ကသိုလ်တွေ ဆက်တက်ချင်ရင် ဗမာစကားတတ်မှ ဖြစ်မယ်။ ဒီတော့ ဒီနေ့ကစပြီး ရှမ်းလိုမပြောနဲ့၊ ဗမာလိုပဲ ပြော၊ ရှမ်းလိုပြောရင် ငါးပြား ဒဏ်ရိုက်မယ်။ ဦးတို့ ဘာမှမပြောတော့ဘူး။ ဘာစကား တစ်ခုမှ မပြောတော့ဘူး။ သူလည်း ဒဏ်ရိုက်လို့ မရတော့ဘူး။ နောက်ဆုံးကတော့ ဆရာကနေ သင်မှ ရမှာပေါ့။ အခုက ဆရာမှာ အပြစ်သွားမဖြစ်ပဲနဲ့ တပည့်မှာ အပြစ်သွားဖြစ်နေတာကိုး။ ဆိုတော့ ခုနက ပြောတဲ့ မှားယွင်းတဲ့ ပေါ်လစီ၊ စင်ကာပူက သူက Economy နံပါတ် (၁)၊ ကျန်တာက နံပါတ် (၂) သူက မလေးရှိတယ်။ တရုတ်ရှိတယ်။ ဒါပေမယ့် လီကွမ်ယူက ပြောတာ ငါတို့ တရုတ်ဆိုပြီးတော့ မဖော်ပြနဲ့၊ တရုတ်က များတာကိုး။ လူမျိုးရေးအနေနဲ့ အခွင့်အရေး ယူတာ မဖြစ်စေနဲ့။ ဒီလိုတက်လာတယ်။ စင်ကာပူနိုင်ငံသားလို့ပဲ ခေါ်၊ အစိုးရထဲမှာလည်း  လူမျိုးအစုံ ထည့်ထားတယ်။ အချိုးအစားနဲ့၊ တက္ကသိုလ်ရောက်လာလို့ ရှိရင် ငါတို့ နိုင်ငံထဲမှာရှိတဲ့ တရုတ်၊ မလေး၊ တမေးလ်အဲ့ဒီ သုံးမျိုးထဲက တစ်ခုခု သင်ရမယ်။ ဒါမှသူ ဘွဲ့ယူတဲ့ ဘာသာရပ် တစ်ခု ပါတာရော။ ကျွန်တော်တို့ကျတော့ ငယ်ငယ်ကတည်းက မင်းစာမသင်ရဆိုတာကြီးက မဖြစ်သင့်တဲ့ ဖော်မြူလာ၊ မအောင်မြင်တဲ့ ဖော်မြူလာကို အသေသွားကိုင်နေတော့ ဒုက္ခရောက်တာပေါ့။ နိုင်ငံချမ်းသာပေမယ့် ပြည်သူက ဆင်းရဲနေရတယ်။ ဆိုတော့ ဒါက ဘာလည်းဆိုရင် ခေါင်းဆောင်ရဲ့ ပေါ်လစီပဲ။ အဲ့ဒီတော့ တိုးတက်ရင်လည်း ခေါင်းဆောင်ပဲ၊ ဆုတ်ယုတ်ရင်လည်း ခေါင်းဆောင်ပါပဲ။


မေးခွန်း (၅) - ဆရာ့အနေနဲ့ ၀န်ဇင်း Mobile Application လေးအပေါ် မြင်တဲ့အမြင်လေး ပြောပြပေးပါလား ဆရာ။

အဖြေ - ကျွန်တော့်အမြင်ကတော့ အောင်မြင်ဖို့ အချိန် လိုအပ်ပါသေးတယ်။ တိုင်းရင်းသားတွေရဲ့ စာပေတွေကို ပါဝင်စေချင်တယ်ဆိုရင် ဒီထက် ပိုကြိုးစားဖို့ လိုပါလိမ့်မယ်။
Download Wun Zinn


0 comments:

Post a Comment