Thursday, July 2, 2015

လူဥယျာဉ်


တိရစ္ဆာန်တွေအချို့ဟာ အားလပ်ရက် စနေ၊ တနင်္ဂနွေနေ့ရောက်ပြီဆိုရင် မြို့လယ်ကောင်က လူ့ဥယျာဉ်ကို လာရောက်ကြည့်ရှုကြတယ်။

ဟိုနေရာရောက်ရင် ဟိုလူနဲ့ ပျော်နေလိုက်၊ ဒီနေရာရောက်ရင် ဒီလူနဲ့ ရန်ဖြစ်လိုက်နဲ့ ဂနာမငြိမ်ဖြစ်နေတဲ့ လူတွေကို မျောက်တွေက တအံ့တသြ ကြည့်နေကြတယ်။ ကလေးမျောက်တွေက ပြောနေကြတယ်။ ကျရာနေရာမှာ ပျော်အောင်နေတဲ့ ငါတို့နဲ့ အတော်တူတဲ့ အကောင်တွေပဲတဲ့။ နောက် သူတို့စိတ်ထဲမလည်း မျောက်သည် လူကဆင်းသက်သည်ဆိုတဲ့ အဆိုကို မြင်ယောင်ပြီး သူတို့ ဘိုးဘေးတွေဖြစ်တဲ့ လူတွေကို လှောင်အိမ်ထဲ ထည့်ထားတဲ့အတွက် တချို့မျောက်တွေကတော့ စိတ်ကောင်းပုံ မရကြဘူး။

တစ်နေရာရောက်တော့ ယုန်မိသားစု တစ်စုဟာ တီးတိုးတီးတိုးနဲ့ လူတချို့ကို ကြည့်နေကြတယ်။ ပြီးတော့ ပါးစပ်ကလည်း

"တို့လိုပဲ ကြောက်တတ်လိုက်တဲ့ လူတွေပါလားနော်တဲ့.."

သူတို့ညွှန်ပြရာ ကြည့်လိုက်တော့ မျက်စိသူငယ် နားသူငယ်နှင့် လူတချို့ကို တွေ့လိုက်ရသည်။

ကျားမိသားစုကြီးကတော့ လူတွေကိုကြည့်ရင်း စုတ်တသတ်သတ်နဲ့ ပြောဆိုနေကြတယ်။ အကြောင်းက သူတို့ကျားတွေဟာ သားကောင်ဖမ်းရင် ဘယ်တော့မှ ပေါ်တင်ဖမ်းလေ့မရှိဘဲ ပုန်းလျှိုးကွယ်လျှိုးနဲ့ နောက်ကနေ အလစ်ကိုသာ ချောင်းမြောင်းဖမ်းယူတတ်လို့ ကျားငစဉ်းလဲလို့ တချို့တိရစ္ဆာန်တွက သူတို့ကို သမုတ်သလိုမျိုး လူတွေကိုလည်း လူငစဉ်းလဲလို့ သူတို့ သမုတ်သင့်ကြောင်း ပြောဆိုနေကြတာ ဖြစ်တယ်။ သူတို့အဆိုအရ လူတချို့ဟာ လူသားကောင်ဖမ်းရာမှာ ဘယ်တော့မှ ရှေ့ကနေ ရင်မဆိုင်ပဲ နောက်ကနေ သွယ်ဝိုက်ချောင်းမြောင်းပြီး ဒုက္ခပေး ဖမ်းဆီးကြသတဲ့။ ဖြတ်သွားဖြတ်လာ တိရစ္ဆာန်တွေကလည်း ကျားငစဉ်းလဲ တွေရဲ့ သုံးသပ်ချက် မှန်ကန်ကြောင်း ထောက်ခံပြောဆိုနေကြ သေးတယ်။

တစ်နေရာအရောက်တော့ တိရစ္ဆာန်များစုဟာ လူ့လှောင်အိမ်တစ်ခုကို ကြည့်ရင်း ပြောဆိုနေကြတယ်။ သူတို့ပြောဆိုနေကြတဲ့ ပုံစံက သူတို့ဟာ အသားစားဆို အသားစား၊ အသီးအနှံဆို အသီးနှံသာ စားသုံးတဲ့ တိကျတဲ့ စားသုံးမှု ပုံသဏ္ဍာန်ရှိတဲ့ တိရစ္ဆာန်တွေဖြစ်ပြီး လူတွေကတော့ အသားစား လိုက်၊ အသီးအနှံစားလိုက်နဲ့ စားချင်ရာစားနေတဲ့ အစုံစား သတ္တ၀ါ ဖြစ်ကြောင်း၊ နောက် တိရစ္ဆာန်တွေဖြစ်တဲ့ သူတို့ဟာ အစာစားတဲ့အခါ အသားစားသူဖြစ်ဖြစ်၊ အသီးအနှံစားသုံးသူဖြစ်ဖြစ် ဆာလောင်တဲ့အချိန် ကျမှသာ အစာကို ရှာဖွေစားသောက်တတ်ကြ သော်လည်း လူတွေကတော့ ဆာသည်ဖြစ်စေ၊ မဆာသည်ဖြစ်စေ အဆာကို ကြိုတင် သိုလှောင် သိမ်းဆည်းတတ်တဲ့ လောဘကြီးတဲ့ သတ္တ၀ါတစ်မျိုးဖြစ်ကြောင်း၊ ပို၍ ထူးဆန်းသည်က တိရစ္ဆာန်တို့သည် မျိုးတူခြင်း မသတ်ဖြတ်ကြ၊  လူတို့မူကား လူလူချင်းလည်း ရာစုနှစ်ပေါင်းများစွာ သတ်ဖြတ်လာကြသည့် အစဉ်အလာရှိသည့်၊ နောက်လည်း ထပ်မံသတ်ဖြတ်ရန် စိုင်းပြင်းနေပုံရသည့်  ထူးဆန်းသည့် တောဥပဒေသ၏ ကြီးနိုင်ငယ်ညှင်း ဗီဇရှိသည့် လူသားတို့ ဖြစ်ကြောင်း ပြောဆိုနေကြသည်။

နောက် လူ့ဥယျာဉ်အတွင်း မြင်မြင်သမျှ စိတ်ပျက်လာပုံရသည့် တိရစ္ဆာန်တို့သည် ခွေးတို့၏ ညည်းတွားပြောဆိုသံကို ကြားရသဖြင့် ပြုံးမိပြန်သည်။ ခွေးတို့က သူတို့နှင့်တူသော သစ္စာရှိသည့် လူအနည်းငယ်ကို လိုက်ရှာရာ ဟောဒီလောက် ကျယ်ဝန်းသည့် လူဥယျာဉ်ထဲတွင် မပြောပလောက်သည့် အနည်းငယ်မျှသော ပမာဏသာ တွေ့ခဲ့ရ၍ သစ္စာရှိသူ လူသားမျိုးစိတ်များ မျိုးတုန်းပျောက်ကွယ်တော့မည့် အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်၊ လူကောင်းများမှာလည်း ယခုဆိုလျှင် အင်မတန် ရှားပါးလာပြီဖြစ်သဖြင့် နောင်ပြုလုပ်မည့် အစည်းအဝေးတွင် ထိုကိစ္စကို အရေးတကြီး တင်ပြဆွေးနွေးသင့်ကြောင်းလည်း ပြောဆိုသွားသည်ကို တွေ့လိုက်ရသည်။

ဤသို့ဖြင့် ထိုနေ့က လူ့ဥယျာဉ်ထဲတွင် တိရစ္ဆာန်တို့သည် လူသားတိရစ္ဆာန် တို့အား ကြည့်ရှုရင်း စုတ်သတတ်နှင့် တီးတိုးပြောဆိုသံများ၊ အော်ဟစ်နေသံ များဖြင့် ဆူညံနေလျက် ရှိကြလေသည်။

Download Wun Zinn

0 comments:

Post a Comment