လူကြီးလူကောင်းကို အင်္ဂလိပ်လို Gentleman လို့ ခေါ်ပြီး လူတော်လူကောင်းကိုတော့ sharp and clever လို့ ပြောတတ်ကြတယ်။ လူကြီးလူကောင်းစိတ်ဆိုတာ ရိုးသားဖြောင့်မတ်ရုံ၊ ဉာဏ်ပညာကြီးမားရုံ ကရုဏာထားတတ်ရုံနဲ့တင် မပြီးပါဘူး။ ဒီထက်ကို ပိုပြီးတော့ မြင့်မြတ်တဲ့ စိတ်သဘောထား ရှိရပါတယ်။ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဘာသာပြန် စာအုပ်တစ်အုပ်ကို "စိတ်ထားဝတိံ" လို့ ဆရာကြီးက အမည်ပေးခဲ့ပါတယ်။ အဲဒီ စကားကို ယူပြီး ပြောရမယ်ဆိုရင်"၀တိံလောက်ထိ မြင့်မြတ်တဲ့စိတ်" ရှိသူလို့ ပြောရမယ် ထင်ပါတယ်။ ရန်သူ့လက်ထဲကဓား လွတ်ကျသွားရင်
ဓားပြန်ကောက်ယူခွင့်ပေးပြီးမှ ဆက်လက်ယှဉ်ပြိုင်တဲ့ စိတ်မျိုးကို လူကြီးလူကောင်းစိတ်လို့ ဆရာကြီး ရွှေဥဒေါင်းက ရေးခဲ့ပါတယ်။
လူတော်လူကောင်းဆိုတာက ပညာထူးချွန်ပြီး အသောက်အစား ကင်းတာ၊ ယဉ်ကျေးလိမ္မာတာ၊ ကိုယ်ချင်းစာတရား ရှိတာကို ပြောတာလို့ ယေဘုယျ ပြောလို့ရပါတယ်။ ဒါပေမဲ့ အထက်က ပြောခဲ့သလို သူသေကိုယ်သေ ယှဉ်ပြိုင်တိုက်ခိုက်ရတဲ့ တိုက်ပွဲမျိုးမှာ တစ်ဖက်သား ဓားလွတ်ကျတာကို ပြန်လည်ကောက်ယူခွင့်ပေးတာတော့ လုပ်နိုင်မယ် မထင်ဘူး။ ကိုယ်အသက်ရှင်ဖို့ တစ်ခုတည်းကြည့်နေကြတဲ့အတွက်လည်း ဒီအပြုအမူကို မတရားဘူးလို့လည်း မဆိုနိုင်သလို လူတော်လူကောင်း မဟုတ်ဘူးလို့လည်း ပြောကြမှာ မဟုတ်ပါဘူး။
လူကြီးလူကောင်းစိတ်ဓာတ် (Gentleship) ရှိသူကတော့ တရားသဖြင့် (fair) ဖြစ်တယ်ဆိုတိုင်း အနိုင်မယူပါဘူး။ သူ့စိတ်ထဲမှာ မလုပ်သင့်ဘူး ယူဆရင် မလုပ်ဘဲနေပါတယ်။ အားနည်းသူကို အနိုင်မကျင့်တတ်ဘူး။
လူတော်ဖြစ်ဖို့ မခက်ပါဘူး။ ပိုက်ဆံတတ်နိုင်ပြီး ကြိုးစားရင် ဘယ်သူမဆို လူတော်ဖြစ်နိုင်တယ်။ လူကောင်းဖြစ်ဖို့ကျတော့ လူတော်ဖြစ်ဖို့လောက် မလွယ်ဘူး။ ဒါကြောင့် လောကမှာ လူတော်ထက် လူကောင်းရှားတာ ဖြစ်တယ်။ လူကြီးလူကောင်းကျတော့ ရှာတွေ့ဖို့ခက်တယ်။ လူတော်လူကောင်း တစ်သောင်းထဲက လူကြီးလူကောင်း တစ်ယောက် ထွက်ချင်မှ ထွက်ပါတယ်။
ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာပြီး နေချင့်စဖွယ်ဖြစ်အောင် စာသင်ကျောင်းတွေမှာ လူကြီးလူကောင်းစိတ်ဓာတ်အကြောင်း သင်ကြားပေးသင့်တယ်။ ငယ်စဉ်ကတည်းက ခေါင်းထဲမှာ စွဲနေအောင် လုပ်ပေးထားမှ လူကြီးလူကောင်း ကလေးတွေ ပေါ်ထွက်လာမှာ ဖြစ်တယ်။ မြန်မာရာဇ၀င်ထဲက နိုင်တိုင်း ဖိထောင်းတာ မကောင်းဘူး၊ ရတိုင်းယူတာ မကောင်းဘူးဆိုတဲ့ စိတ်ဓာတ်မျိုးပေးတဲ့ အကြောင်းအရာတွေကို ထုတ်နုတ်သင်ကြားပေးသင့်တယ်။
The Hot News Journal
Vol.1, No.1,23 July 2010 ပါ ဆရာကြီး လူထုစိန်ဝင်း၏ လူတော်လူကောင်းနဲ့ လူကြီးလူကောင်းကို ထုတ်နုတ်ဖော်ပြပါသည်။

Download Wun Zinn

0 comments:
Post a Comment