Tuesday, June 30, 2015

အလုပ်နဲ့ ကျွန်တော်


တစ်ခါက ခရီးသွားလူတစ်စုဟာ ညအိပ်ရပ်နားနေတုန်း ဗြုန်းဆို ကောင်းကင်က စူးရှရှအလင်းရောင်တန်းကြီးဟာ သူတို့နေထိုင်ရာ အနီးတစ်ဝိုက်မှာ ကျရောက်လာခဲ့တယ်။အံ့သြထိတ်လန့်နေကြတဲ့ ခရီးသွားတွေဟာ ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရတယ် -

"ငါကား တန်ခိုးရှင်ဖြစ်သည်။ သင်တို့အခု ရှိတဲ့နေရာမှ ကျောက်တုံးကျောက်ခဲ များကို ကောက်ယူပါလေ၊ သင်တို့ ကောက်ယူခဲ့သော ကျောက်တုံး ကျောက်ခဲများ အမျှ ပျော်ရွှင်မှုသည် သင်တို့၌ ဖြစ်ပေါ်စေလိမ့်မည်"
လို့ ပြောဆိုသံကို ခရီးသွားတို့ ကြားလိုက်ရတယ်။

ဒါနဲ့ ခရီးသွားတွေလည်း စိန်၊ ရွှေ၊ ငွေ၊ အသိဉာဏ်ဥစ္စာကျတော့ မပေးဘဲနဲ့ ကျောက်တုံးကောက်ခိုင်းနေတဲ့ တန်ခိုးရှင်ကို ကျိန်ဆဲရင်း မယုံတစ်ဝက်၊ ယုံတစ်ဝက်နဲ့ ကျောက်တုံးတွေကို ကောက်နေလိုက်တယ်။ ဒီလိုနဲ့ နောက်တစ်နေ့ နံနက်မိုးလင်းတော့ သူတို့အိတ်ထဲက ကျောက်တုံးတွေဟာ စိန်တုံးတွေ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ခရီးသွားတွေလည်း စိန်တုံးတွေကို တွေ့လိုက်ရလို့ ၀မ်းသာသွားပေမယ့် နည်းနည်းပဲ
ကောက်ခဲ့ကြလို့ ၀မ်းနည်းနေမိတယ်တဲ့။

ဒီပုံပြင်လေးကို ကြားရတော့ ကျွန်တော် Steve Jobs ပြောတဲ့ "Dots များကို ဆက်သွယ်ခြင်း" ကို သတိရမိတယ်။ စတိဗ်ပြောတာက အခုလက်ရှိ အလုပ်တွေဟာ (dots) မည်မျှပင် သေးငယ်သည်ဖြစ်စေ တစ်နေ့မှာတော့
သင့်ကို အောင်မြင်မှုပန်းတိုင်ဆီကို စုပေါင်းပုံဖော်ပေးမည့် အရေးကြီးတဲ့ အစက်အပြောက်များအဖြစ် ယုံကြည်စွာ လုပ်ကိုင်ကြဖို့ ပြောဆိုခဲ့ကြတယ်။ တစ်နည်းအားဖြင့် ပြောရင် တန်ဖိုးရှင်ပြောတဲ့ ကျောက်တုံးတွေကို ကျွန်တော်တို့ ယုံကြည်မှုရှိစွာနဲ့ တတ်နိုင်သမျှ များများ ကောက်ယူ ထားသင့်တယ်ဆိုတာပါပဲ။

တကယ်တော့ အခုလက်ရှိလုပ်နေတဲ့ အလုပ်လေးတွေက တစ်နေ့မှာ အောင်မြင်မှုရဲ့ အခြေခံကျတဲ့ အုတ်မြစ်လေးတွေဆိုတာ တွေးကြည့်ရင် ရုတ်တရက်တော့ မဖြစ်နိုင်စရာပါ။ သို့ပေမယ့် အောင်မြင်နေတဲ့ လူတိုင်းကတော့ သူတို့ရဲ့ အသေးငယ်ဆုံးသော အလုပ်တိုင်းက သူတို့ကို ဒီနေရာအထိ ရောက်ရှိစေခဲ့တယ်လို့ အခိုင်အမာ ပြောဆိုနေကြ ပါတယ်။ ကျွန်တော်တို့လည်း တစ်ခါတစ်လေတော့ လွန်ခဲ့တဲ့ ဆယ်နှစ်နဲ့ အခုလက်ရှိ အခြေအနေကို နှိုင်းယှဉ်ချိန်ထိုးသင့်ပါတယ်။

ဒါဖြင့် သင် အခု လုပ်ကိုင်နေတဲ့ အလုပ်တွေကို သင် အထင်မသေးသင့်သလို၊ ဒီအလုပ်ကြောင့် ခံစားနေရတဲ့ အရှက်တရားတွေ၊ ပျောက်ဆုံးနေတဲ့ ယုံကြည်မှုတွေဟာ မဖြစ်ပေါ်သင့်တာတွေလို့ သင် ခံယူရမှာပေါ့။

မှန်ပါတယ်။ တချို့က လက်ရှိအလုပ်ရဲ့ အခြေအနေကြောင့် ဘ၀ဟာ ရပ်တန့်နေတဲ့ သစ်ပင်တစ်ပင်လို ခံစားနေကြရတယ်။ ပြောပါရစေ။ တကယ်တော့ ရပ်တန့်နေတယ်လို့ ထင်ရတာ အလုပ်ကြောင့်မဟုတ်ပါဘူး။ သင့်ရဲ့ အတွင်းစိတ်က ခံယူချက်ကြောင့်ပါ။ ဘယ်အရာမဆို စိတ်ကို စတင်ပြင်ဆင်ရပါတယ်။ အကြောင်းက စိတ်သည် အရာအားလုံးရဲ့ ရှေ့ဆောင်ဖြစ်လို့ပါပဲ။ တကယ်တော့ ဒီလို တန်ဖိုးမရှိဘူးလို့ တွေးတတ်တယ်ဆိုတာ အဆိုးမြင်သမားတစ်ယောက်ရဲ့ ပုံစံပါပဲ။ အဆိုးမြင်သမားဆိုတာ "ကုန်ပစ္စည်းတိုင်းရဲ့ ဈေးနှုန်းကိုသိပြီး ကုန်ပစ္စည်းတွေရဲ့ အသုံးဝင်ပုံကို မသိသူ" ဆိုရင်သင် သူတို့ရဲ့ အသုံးဝင် ပုံလေးတွေကို နည်းနည်းလောက် တွေးကြည့်လိုက်ရင် သင့်ကျောက်ခဲတွေ စိန်အဖြစ်ပြောင်းလဲလာတာကို သင် မြင်ရပါလိမ့်မယ် မိတ်ဆွေ။

Photo Credit : Original Uploader

Download Wun Zinn

0 comments:

Post a Comment