တစ်ခါတုန်းက ချစ်ခြင်းမေတ္တာဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ သူငယ်ချင်းအရှာထွက်ခဲ့တယ်။
ချမ်းသာမှုဆိုတဲ့ လူတစ်ယောက်ကို တွေ့တဲ့အခါ သူနဲ့ သူငယ်ချင်း ဖြစ်ပါရစေလို့ ချစ်ခြင်းမေတ္တာလေးက ခွင့်ပန်တယ်။ အဲ့ခါမှာ ချမ်းသာမှုဟာ ချစ်ခြင်းမေတ္တာကို ကြည့်ရင်း သူနဲ့သူငယ်ချင်းဖြစ်ချင်ရင် ရွှေ၊ ငွေဥစ္စာစတဲ့ ပစ္စည်းဥစ္စာကြွယ်ဝပြည့်စုံရမယ်လို့ ဆိုတယ်။ ချစ်ခြင်းမေတ္တာလေးဟာ သူ့မှာ ချမ်းသာမှု အလိုရှိတဲ့ ရွှေ၊ ငွေဥစ္စာရတနာ ပစ္စည်းများ မရှိတဲ့အတွက် ချမ်းသာမှုနားက ထွက်လာပြီး သူငယ်ချင်း ရှာပုံတော် ထပ်ဖွင့်ရပြန်တယ်။
လမ်းခရီးမှာ မာန်မာနဆိုတဲ့ လူတစ်ယောက်နဲ့ တွေ့တော့ ၀မ်းသာအားရနဲ့ သူငယ်ချင်း ဖြစ်ပါရစေလို့ ချစ်ခြင်းမေတ္တာလေးက ခွင့်ပန်တယ်။ မာန်မာနကလည်း မင်းဟာ ဘယ်လိုလူလဲ၊ ဘယ်ဘာသာဝင်လဲ၊ ဘယ်လို စိတ်ဓာတ်မျိုးနဲ့ ငါ့ကို ခင်ချင်တာလဲ၊ မင်းကကော ငါနဲ့ တူသလား၊ တန်သလားလို့ မေးခွန်းများစွာ မေးလိုက်တဲ့အခါ ချစ်ခြင်းမေတ္တာလေးဟာ ဒီ မာန်မာနဟာ လူတစ်ယောက်ရဲ့ ပကတိတန်ဖိုးကို နားလည်မပေးနိုင်တဲ့သူ တစ်ယောက်ပဲ။ ဒီလို လူမျိုးနဲ့ သူငယ်ချင်းဖြစ်လို့ ကောင်းမယ် မထင်ဘူးဆိုပြီး ချစ်ခြင်းမေတ္တာလေးဟာ သူ့ရဲ့ သူငယ်ချင်း ရှာပုံခရီးကို ထွက်လာခဲ့တယ်။။
ဒီလိုနဲ့ လမ်းခရီးမှာ ကြေကွဲမှု၊ ပျော်ရွှင်မှုစတဲ့ သူတွေနဲ့လည်း တွေ့ခဲ့သေးတယ်။ တစ်ယောက်တည်းနေချင် တဲ့ ကြေကွဲမှုနဲ့ အမြဲလိုလို ပျော်အောင်နေတတ်ပြီး တစ်ဖက်သားကို ဂရုစိုက်ဖို့ မေ့နေတဲ့ ပျော်ရွှင်မှု တို့ဟာလည်း ချစ်ခြင်းမေတ္တာလေးရဲ့ သူငယ်ချင်း မဖြစ်ခဲ့ဘူးပေါ့။
စိတ်ပျက်လက်ပျက်နဲ့ ချစ်ခြင်းမေတ္တာလေးဟာ ထိုင်နေမိတယ်။ လမ်းခရီးမှာ သူတွေ့ခဲ့တဲ့ သူတွေဟာ သူ့အတွက် ၀မ်းနည်းစရာကောင်းအောင် သူငယ်ချင်းကောင်း မဖြစ်နိုင်တဲ့သူတွေ ဖြစ်နေတယ်။ စိတ်မကောင်းဖြစ်နေတဲ့ ချစ်ခြင်းမေတ္တာနားကို အဘိုးအိုတစ်ဦး ရောက်လာပြီး ချစ်ခြင်းမေတ္တာလေးရဲ့ ပခုံးကို ပုတ်လိုက်တယ်။ ပြီးတော့ ချစ်ခြင်းမေတ္တာလေးနဲ့ သူငယ်ချင်း ဖြစ်ပါရစေလို့ ပြောတယ်။ ချစ်ခြင်းမေတ္တာလေးကလည်း အဘိုးအိုရဲ့ သူ့အပေါ်ထားတဲ့ စေတနာကို နားလည်သဘောပေါက်ပြီး အဘိုးအိုနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်။
ဒီလိုနဲ့ ချစ်ခြင်းမေတ္တာလေးအကြောင်း ကြားရတဲ့ ချမ်းသာမှု၊ ပျော်ရွှင်မှု၊ ကြေကွဲမှုနဲ့ မာန်မာနစတဲ့ သူငယ်ချင်းများဟာ ချစ်ခြင်းမေတ္တာလေးရဲ့ စစ်မှန်တဲ့ စေတနာသဘောကို နားလည်ပြီး လိုက်ရှာကြတယ်။ အဲ့အခါမှာ အဘိုးအိုတစ်ဦးနဲ့ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ချစ်ခြင်းမေတ္တာလေးကို သွားတွေ့တယ်။ ဒါနဲ့ ချစ်ခြင်းမေတ္တာလေးကို မေးတယ်။ သူတို့လို ငယ်ရွယ်တဲ့ လူတွေ၊ ပြည့်စုံကြွယ်ဝတဲ့ သူငယ်ချင်းတွေနဲ့ သူငယ်ချင်း မလုပ်ပဲ၊ အဘိုးအို တစ်ယောက်နဲ့ ဘာလို့ ပျော်ရွှင်ရတာလဲ လို့ ချစ်ခြင်းမေတ္တာလေးကို မေးလိုက်တယ်။
အဲ့အခါမှာ ချစ်ခြင်းမေတ္တာလေးက "ဒီ အဘိုးအို နာမည်က အချိန်ကာလလို့ ခေါ်တယ်။ အချိန်ကာလ တစ်ခုတည်းကသာ ချစ်ခြင်းမေတ္တာရဲ့ ကြီးမြတ်မှုကို နားလည်ပေးနိုင်တယ်" လို့ ပြန်ဖြေလိုက်တယ်။

Download Wun Zinn

0 comments:
Post a Comment