Wednesday, June 10, 2015

မိန်းမဆိုတာ ဘယ်လိုမျိုးလည်း


လူတွေက ပြောကြတယ်။ ဘ၀ဆိုတာ ကျော်ဖတ်လို့မရတဲ့ စာအုပ်တစ်အုပ်ပဲတဲ့။

ဒီစကားနဲ့ ပတ်သက်လို့ ကျွန်တော် တွေးကြည့်မိတယ်။ ဖြစ်နိုင်ပါတယ်။ ဘ၀ဆိုတာ ကျော်ဖတ်လို့မရတဲ့ စာအုပ်တစ်အုပ်ဆိုရင် အဲ့ဒီစာအုပ်ဟာ
ဖြစ်ချင်းဖြစ် (ကျွန်တော့်အတွက်) ကိုယ်ပိုင်မိခင်ဘာသာစကားနဲ့ မရေးထားဘဲ တိုင်းတစ်ပါးသား ဘာသာစကားနဲ့ ရေးထားတဲ့
စာအုပ်တစ်အုပ်တော့ ဖြစ်နိုင်တယ်။

တကယ်လို့သာ ဘ၀ဟာ ကိုယ်ပိုင်မိခင်ဘာသာစကားနဲ့ ရေးသားထားရင် အဲ့လောက် နားလည်ရခက်ခဲမှာ မဟုတ်ဘူး။ ခုတော့ အကြောင်းအရာ ပိုင်းက ရှုပ်ထွေးသလို၊ မြင့်မိုရ်တောင်လောက်မြင့်တဲ့ စကားလုံး တွေကို တက်နေရတာနဲ့ စိမ်းနေတဲ့ တိုင်းတပါးဘာသာခြားစာအုပ်မျိုးနဲ့ ဘ၀ဟာ တူတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် ပြောချင်တာက
ဘ၀နဲ့ စာအုပ်အကြောင်း မဟုတ်ပါဘူး။ အဓိက ပြောချင်တာက ဒီဘ၀မှာ ပါဝင် ပတ်သက်လာတဲ့ မိန်းမအကြောင်း။ ကျွန်တော့်အတွက် မိန်းမတွေကတော့ အဲ့ဒီစာအုပ်ကို နားလည်ဖို့ ဘာသာပြန်ပေးနိုင်တဲ့ အဘိဓာန် စာအုပ်တစ်အုပ်လို့ ဆိုချင်ပါတယ်။

မိန်းမဆိုတာ အဘိဓာန်စာအုပ်တစ်အုပ်ပါ။ အဘိဓာန်မှာ ကျွန်တော်တို့ မကျက်မှတ်ရသေးတဲ့၊ မသိရှိသေးတဲ့၊ နားမလည်နိုင်သေးတဲ့
စကားလုံးအတွဲအစပ်တွေ၊ အဓိပ္ပာယ်တွေ မြောက်များစွာ ပါဝင်နေသလို မိန်းမတွေမှာလည်း ကျွန်တော်တို့ မထင်ထားတဲ့၊ နားမလည်နိုင်သေးတဲ့
ဘ၀အဓိပ္ပာယ်ဖွင့်ဆိုပုံ Definition တွေ မြောက်များစွာ ပါဝင်နေတာကို တွေ့ရလိမ့်မယ်။

နောက် အဘိဓာန်မှာ အက္ခရာအစဉ်လိုက် အဓိပ္ပာယ်ဖွင့်ဆိုပြထားသလိုပဲ မိန်းမတွေဟာလည်း သူ့ပြဿနာနဲ့သူ့အခန်းရောက်မှ ဆိုင်ရာဆိုင်ရာ ပြဿနာဖြေရှင်းနည်းတွေကို ထည့်သွင်းဖော်ပြထားတဲ့ အဘိဓာန်စာအုပ်ကြီးတစ်အုပ်လိုမျိုး အခက်အခဲနဲ့ ကြုံရတိုင်းမှာ ယောက်ျားသားများထက် ပိုပြီး ကြံရည်ဖန်ရည်ကောင်းတာကို
တွေ့နိုင်ပါတယ်။ ထက်ပါစကား မှန်,မမှန်ကိုတော့ မိန်းမတွေနဲ့ ပြဿနာဖြေရှင်းကြည့်တဲ့အခါ စူးစမ်းကြည့်နိုင်ပါတယ်။

အဘိဓာန်စာအုပ်မျိုးစုံရှိသလို မိန်းမတွေလည်း မျိုးစုံရှိတယ်။ ဒါပေမယ့် ဒါဟာ မိန်းမတွေဟာ အဘိဓာန်နဲ့တူတယ်ဆိုတဲ့ ကျွန်တော့်ရဲ့ ရပ်တည်ချက်ကိုတော့ ထုံထိုင်းသွားစေမှာ မဟုတ်ဘူး။ တစ်ချို့က အိတ်ဆောင်၊ တချို့က တယုတယနဲ့ အသံထွက်အစ မှန်ကန်အောင် ဖော်ပြတတ်လွန်းလို့ တန်ဖိုးကြီးကြီး ပေးချေထားရတဲ့ အဘိဓာန်လိုမျိုး... တချို့ကလည်း လွန်ခဲ့သော ဆယ်စုနှစ်တွင်းက ထွက်ပေါ်ခဲ့တဲ့ အဘိဓာန်လို ခေတ်သစ်စကားလုံးများကို ဖော်ပြနိုင်စွမ်း မရှိတော့။ ဒါပေမယ့် သူတို့အားလုံးမှာ တူညီတဲ့တစ်ချက်မှာ အားလုံးဟာ ကျွန်တော်တို့ရဲ့ ဘ၀စာအုပ်ကို ဖတ်ရှုဖို့အတွက် တစ်နည်းမဟုတ် တစ်နည်း အနည်းနဲ့အများ အထောက်အကူ ပြုနေတယ်။ အကယ်၍သာ ကျွန်တော်တို့က အကျိုးရှိရှိ အသုံးချတတ်မယ်ဆိုရင်ပေါ့။

ဘ၀ဆိုတဲ့ စာအုပ်ထူကြီးကို ဖတ်လိုက်လို့ နားမလည်တဲ့အခါ အဘိဓာန်နဲ့ တူတဲ့ မိန်းမတွေကို အဓိပ္ပာယ်ဖွင့်ခိုင်းကြည့်လိုက်ပါ မိတ်ဆွေ ...
အံ့သြစရာကောင်းလောက်အောင် သူတို့ဟာ ရှင်းလင်းပြတ်သားစွာ ဖွင့်ဆိုင်နိုင်တာကို တွေ့ရမယ်။ တစ်ချို့အခန်းတွေ၊ စကားလုံးတွေကိုတော့
ကိုယ့်ဘာသာကိုယ် ကျက်မှတ်ထားသင့်တယ်လို့တော့ အကြံပေးပါရစေ။ အကြောင်းက အဘိဓာန်ဆိုတာ နေရာတိုင်း သယ်ဆောင်ရ ခက်ခဲလို့ပါပဲ။

Download Wun Zinn

0 comments:

Post a Comment