Sunday, May 17, 2015

မျောက်ငါးကောင်နဲ့ ငှက်ပျောသီး

သိပ္ပံပညာရှင်တစ်ခုဟာ စမ်းသပ်မှုတစ်ခုကို ပြုလုပ်တဲ့အနေနဲ့ မျောက်ငါးကောင်ကို လှောင်အိမ်ချိုင့်တစ်ခုထဲ ထည့်တယ်။ လှောင်ချိုင့်ရဲ့အလယ်မှာ လှေကားတစ်ခုရှိပြီး အခန်းရဲ့ အလယ်မှာ ကြိုးတန်းနဲ့ ငှက်ပျောသီးတွေကို တင်ထားလိုက်တယ်။ လှေကားနဲ့တက်မှ မှီမယ့်အကွာအဝေးပေါ့။
မျောက်တစ်ကောင်ကောင် လှေကားကို စတက်လိုက်ပြီဆိုတာနဲ့ သိပ္ပံပညာရှင်တွေက အခန်းထဲကို ရေအေးတွေနဲ့ ဖျန်းလိုက်တယ်။ ရေအေးကြောင့် လန့်ဖျန့်သွားတဲ့ မျောက်တွေဟာ လှေကားပေါ်တက်ပြီး ငှက်ပျောသီးယူမယ့် မျောက်ကို ရိုက်နှက်ကြတယ်။

တစ်ကောင်တက်တိုင်း ရေအေးနဲ့ အဖျန်းခံရတဲ့အတွက် တက်တဲ့ကောင်ကို ကျန်မျောက်တွေက ၀ိုင်းရိုက်ကြတယ်။ အချိန်ကြာတော့ မျောက်ငါးကောင် စလုံး လှေကားပေါ်ကို ဘယ်သူမှ မတက်ရဲကြတော့ဘူး။ မျောက်တွေ ကည့်ရတာလည်း ဒေါသတွေ ထွက်နေပုံပဲ။

ဒါနဲ့ သိပ္ပံပညာရှင်တွေက မျောက်ငါးကောင်ထဲက တစ်ကောင်ကို ထုတ်ပြီး အခြား အသစ်တစ်ကောင်ကို လှောင်အိမ်ထဲမှာ ကျန်ခဲ့တဲ့ လေးကောင်ထဲ ထည့်ပေးလိုက်တယ်။ အချိန်အတော်ကြာတော့ အသစ်ရောက်လာတဲ့ မျောက်က လှေကားကိုတက်ပြီး ငှက်ပျောသီးကို ယူမလို့ လုပ်တယ်။ အဲ့အခါမှာ အရင်အဟောင်း မျောက် ၄ ကောင်က အသစ်ကောင်ကို လှေကားပေါ်တက်တိုင်း ရိုက်ပါလေရော။

ဒါနဲ့ အသစ်မျောက်က ပြန်ဆင်းလိုက်တယ်။ ကျန် ၄ ကောင်က မရိုက်တော့ဘူး။ တအောင့်လောက်ကြာတော့ ပြန်တက်တယ်။ ကျန် ၄ ကောင်က ရိုက်တယ်။ ဒီတော့ အသစ်ရောက်လာတဲ့ မျောက်လည်း မတက်ရဲတော့ဘူး။

ဒါနဲ့ ကျန်မျောက်လေးကောင်ထဲက မျောက်အဟောင်းတစ်ကောင်ကို ထုတ်ပြီး နောက်အသစ်တစ်ကောင် ထပ်ထည့်ပေးလိုက်တယ်။ အသစ်ရောက်လာတဲ့ကောင်လည်း ပထမကောင်လိုပဲ လှေကားပေါ်တက်ပြီး ငှက်ပျောသီး ယူမလို့ ကြိုးစားတယ်။ အဲ့ခါမှာ ကျန်တဲ့မျောက် လေးကောင်က သူ့ကို ၀ိုင်းရိုက်နှက်ပါလေရော။ ထူးဆန်းတာက ပထမဆုံး အသစ်ရောက်လာတဲ့ကောင်ပါ ၀င်ရိုက်နှက်တာကိုပဲ။

ဒီလိုနဲ့ မျောက်တွေကို အဟောင်းတစ်ကောင်ထုတ်၊ အသစ်တစ်ကောင်ထုတ်ပြီး စမ်းသပ်ကြည့်တာ အထက်က ပုံစံအတိုင်း အသစ်ရောက်လာတဲ့ မျောက်က လှေကားပေါ်ကိုတက်ပြီး ငှက်ပျောသီး ယူဖို့ ကြိုးစားတိုင်း ကျန်တဲ့မျောက်တွေက ရိုက်နှက်တာကို တွေ့ရတယ်။

သိပ္ပံပညာရှင်တွေဟာ ပထမအုပ်စုတုန်းကသာ ရေအေးနဲ့ ဖျန်းခဲ့ပေမယ့် နောက် လဲလိုက်တဲ့ အုပ်စုတွေကို ရေအေးနဲ့ ဖျန်းစရာမလိုပဲ မျောက်အချင်းချင်း တစ်ကောင်တက်မယ်လုပ်လိုက်၊ အားလုံးက ၀ိုင်းရိုက်လိုက် လုပ်နေတာကို တွေ့လိုက်ရတယ်။

ဒါဖြင့် ဒီမျောက်တွေဘာလို့ တစ်ကောင်နဲ့တစ်ကောင် ရိုက်နှက်နေရတာလဲ။
ဒါဖြင့် မျောက်တွေသာ စကားပြောတတ်ရင် ဒီကိစ္စကို ဘာများပြောကြမလဲ။ "ငါတို့ မသိဘူးလေ။ ဒီနေရာမှာ ဒီလိုပဲ ဖြစ်ရမှာ မဟုတ်လား" လို့ပဲ ပြောမလား။ တကယ်လို့ မျောက်တွေနေရာမှာ လူတွေသာဆိုရင်ကော၊ အပေါ်က ငှက်ပျောသီးကို ရဖို့ လှေကားနဲ့တက်တဲ့လူကို ရိုက်နေကြဆိုရင် ဆက်ရိုက်နေကြမလား။

သင်ခန်းစာက ဘယ်တော့မှ သူများဦးနှောက်၊ အပြုအမူအတိုင်း မနေထိုင်ပါနဲ့။ ကိုယ်ပိုင်အသိဉာဏ်နဲ့သာ ပြုမူနေထိုင်ပြီး အပြုအမူတစ်ခုကို မလုပ်မီ စဉ်းစားဆင်ခြင်ဖို့ပါပဲ။

Download Wun Zinn

0 comments:

Post a Comment