စာရေးဆရာကြီး လီယိုတော်စတွိုင်းက လူ့ဘ၀ကို ဒီလို အဓိပ္ပာယ်ဖွင့်ဖူးတယ်။ တစ်ခါက လူတစ်ယောက်ဟာ ပူပြင်းလှတဲ့ သဲကန္တာရမှာ ခရီးသွားနေတုန်း ဗြုန်းဆို သူ့နောက်က အန္တရာယ်ပေးမယ့် ကြောက်မက်ဖွယ်ရာ အကောင်ကြီး တွေ လိုက်လာတယ်တဲ့။ အဲ့အခါမှာ ကြောက်လန့်သွားတဲ့ လူသားဟာ သတ္တ၀ါကြီးတွေရန်က လွတ်အောင် ထွက်ပြေးရင်းနဲ့ ရေတွင်းပျက်လေး တစ်ခုကို သွားတွေ့တယ်။ ဒါနဲ့ နောက်က ကြောက်စရာ သတ္တ၀ါကြီးတွေရဲ့ လက်က လွတ်အောင်ဆိုပြီး ရေတွင်းပျက်လေးထဲ ခုန်ဆင်းလိုက်တယ်။ ကံကောင်းချင်တော့ ရေတွင်းပျက်လေးရဲ့ အောက်ခြေအနည်းငယ်မှာ လူတစ်ယောက်ခိုစရာ သစ်ကိုင်းလေးတစ်ခု ပေါက်နေတယ်လေ။
ရေတွင်းပျက်လေးထဲက မြေသားမှာပေါက်နေတဲ့ သစ်ကိုင်းလေးတစ်ခုကို ဆုပ်ကိုင်ထားရင်းနဲ့ ရေတွင်းအောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ ရေတွင်း ပျက်ထဲ အစွယ်တဖွေးဖွေးနဲ့ နဂါးကြီးတစ်ကောင် စောင့်နေတာကို တွေ့မိ သတဲ့။ အဲ့အချိန်မှာ သစ်ကိုင်းကိုလည်း ကြွက်ဖြူနဲ့ ကြွက်မဲ နှစ်ကောင် က ကိုက်ဖျက်နေတယ်။
လူသားအနေနဲ့ ရွေးစရာလည်း မရှိတော့ပါဘူး။ ရေတွင်းအပေါ်မှာလည်း ကြောက်စရာ သတ္တ၀ါကြီးတွေက ဟိန်းဟောက်လို့၊ အောက်မှာလည်း အစွယ်တဖွေးဖွေးနဲ့ နဂါးကြီးက စောင့်နေလို့။ အသက်ရှင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တဲ့ သစ်ကိုင်းလေးကိုလည်း ကြွက်ဖြူ၊ ကြွက်မဲနှစ်ကောင်က ကိုက်ဖျက်လို့။ ဒီအချိန်မှာပဲ သစ်ကိုင်းက သစ်ရွက်လေးပေါ်မှာ ကျနေတဲ့ ပျားရည်စက်ကို လူသားဟာ အငမ်းမရ ရက်နေသေးတဲ့ပုံနဲ့ ဘ၀ဟာ တူတယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုဖူးပါတယ်။
တော်စတွိုင်းပြောချင်တဲ့ ဘ၀ဆိုတာဟာ ကျွန်တော်တို့တွေဟာ မွေးကတည်းက သဲကန္တာရနဲ့ တူတဲ့ ဘ၀ခရီးလမ်းကို လျှောက်လှမ်းခဲ့ကြပါတယ်။ ဗြုန်းဆို ပေါ်လာတဲ့ သတ္တ၀ါဆိုးကြီးတွေဆိုတာ ကျွန်တော်တို့ဘ၀မှာ ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာတွေပါပဲ။ ရေတွင်းပျက်ထဲက နဂါးနဲ့တူတဲ့ သေမင်းက ကျွန်တော်တို့ကို စောင့်ကြိုနေတယ်။ သစ်ကိုင်းတွေကို ကိုက်ဖြတ်နေတဲ့ ကြွက်ဖြူနဲ့ ကြွက်မဲဆိုတာက ပြောင်းလဲနေတဲ့ နေ့ နဲ့ ည သဘောတရားကို ပြောတာ ဖြစ်ပါတယ်။ လူသားဟာ တစ်ကိုယ်တည်း ရည်မှန်းချက်မရှိ သွားလာနေရင်း အခက်အခဲတွေ၊ ပြဿနာတွေကို ထွက်ပြေးရင်းနဲ့ နေ့နဲ့ည ဆိုတဲ့ အချိန်ဒီရေဟာ တဖြည်းဖြည်း သူ့ကို တိုက်စားနေတယ်။ သေမင်းကလည်း သူ့ကို အဆင်သင့် စောင့်ကြိုလို့ပေါ့။ ဒီလောက် ဘေးဒုက္ခတွေ ရောက်နေတာတောင် လူသားဟာ လူ့ဘ၀ရဲ့ ချိုမြိန်တယ်လို့ ထင်ရတဲ့ ကြွေးဟောင်းကြွေးသစ် ဆိုင်ရာ ကိစ္စတွေကိုလည်း တစ်ခါတစ်လေ ပျားရည်စက်ကို မက်မောသလိုမျိုး သူကြုံနေရတဲ့ဒုက္ခတွေကို မေ့နေတတ်သေးသတဲ့။
Download Wun Zinn

0 comments:
Post a Comment