Wednesday, April 22, 2015

"Think Different" နှင့် ပတ်သက်၍ ခဏတာ


မနေ့က တွေ့နေကျ သူငယ်ချင်းများနှင့် တွေ့တော့ facebook အွန်လိုင်းရပ်ဝန်းမှ ရရှိခဲ့သည့် ရေနွေးကရား ဓာတ်ပုံလေးကို ပြရင်း ဒါမျိုးလေးသာ ရှိရင် မြန်မာနိုင်ငံမှ လက်ဘက်ရည်ဆိုင်များအတွက်
အဆင်ပြေနိုင်ကြောင်း ပြောရာ သူငယ်ချင်း တစ်ယောက်က အကယ်၍ တစ်ယောက်တည်း နေသူသာဆိုလျှင် ယခု ရေနွေးကရားကို အသုံးပြုရတာ အဆင်မပြေနိုင်ကြောင်း ပြောရာ -

A = မင်းကလည်း နောက် လူ ၄ ယောက်ခေါ်ပြီး ဖိတ်လိုက်လေ။ မင်းလည်း တစ်ခွက်တည်း သောက်ရ၊ သူငယ်ချင်းတွေလည်း သောက်ရတာပေါ့။
B = တစ်ယောက်တည်းဆိုလည်း ကော်ဖီအေးသောက်ပေါ့၊ ကျန်တဲ့ခွက်တွေကို ရေခဲသေတ္တာထဲ ထည့်ထား၊ ပြီးတော့မှ ပြန်သောက်ပေါ့၊ အဆင်ပြေတာပဲ။
C = ကျန်တဲ့အပေါက်တွေကို ပိတ်တဲ့ ဗူးဆို့လေးခု လုပ်ပြီး သောက်ပေါ့။
D = စောင်းထည့်ပေါ့၊ ဒါမှမဟုတ်လည်း အဲ့လောက် အလုပ်တွေရှုပ်နေတာ မ၀ယ်ပဲနဲ့ တစ်ယောက်တည်း သုံးတဲ့ ရေနွေးကရားသာ ၀ယ်သုံးပါတော့ကွာ။

နောက်ဆုံးတစ်ယောက် စကားအဆုံးတွင် မိမိတို့ သူငယ်ချင်း ၅ ယောက်မှာ မတိုင်ပင်ပဲ ရယ်မိလိုက်ကြသည်။

ထို့နောက် ထိုကိစ္စကို ပြောရင်း Apple ၏ ဖခင်ကြီး Steve Jobs ပြောခဲ့သည့် "Think Different" နှင့် ပတ်သက်၍ မိမိတို့ ဆက်စပ်ပြောဆိုမိကြပြန်သည်။ မိမိတို့ သူငယ်ချင်း ၅ ဦးသည် ယခုအခါ ကိစ္စတစ်ခုအပေါ် စဉ်းစားရာ မတူညီသည့်အမြင် ၅ မျိုးနှင့် ဆက်စပ်စဉ်းစားမိသည်။ မည်သည့်ကိစ္စက အလုပ်ဖြစ်မည်ဆိုသည်က ထိုပစ္စည်းကို သုံးစွဲသူနှင့်သာ ဆိုင်နိုင်လိမ့်မည်။

ကိစ္စတစ်ခုချင်းစီတိုင်းက တစ်စုံတစ်ဦးအတွက် အလုပ်ဖြစ်နိုင်သော်လည်း ကျန်သူများအတွက် အလုပ်ဖြစ်
ချင်မှ ဖြစ်မည်။ ထို့ပြင် ဆက်လက်၍ "Think Different" ဆိုသည်မှာ အဘယ်နည်း။ ဘယ်လိုတွေးခေါ်ခြင်းမျိုးကို ပြောခြင်း ဖြစ်သနည်း၊ မည်သည့်အချိန်၌ အလုပ်လုပ်သနည်း။ ထို့ပြင် မတူညီသည့်အတွေးအခေါ်
တိုင်းကိုကော လက်ခံပေးသင့်သလား။ ယုတ္ထိမရှိသည့် အတွေးအခေါ်တစ်ရပ်ဟု ခေတ်က ဆိုရုံမျှဖြင့် ငြင်း
ပယ်သင့်ပါသလား စသည်ဖြင့် မိမိတို့ ခေါင်းထဲတွင် မွေးခွန်းများ ဆက်လက်ပလုံစီသွားတော့သည်။

သူငယ်ချင်းတစ်ယောက်က ထိုကိစ္စနှင့် ပတ်သက်၍ မိမိတို့အား ပုံပြင်လေးတစ်ပုဒ် ပြောပြသည်။ တစ်ခါက လူတစ်ယောက် အိပ်ပျော်နေစဉ် ပါးစပ်တွင်းသို့ ကြွက်တစ်ကောင် ၀င်သွားသည်။ ထိုကြွက်ဝင်သွားသည်ကို မြင်၍ ကြောင်တစ်ကောင်က နောက်မှ လိုက်ဝင်သွားသည်။ ထိုသည်ကို ထိုသူ့မိန်းမ မြင်သောအခါ
ယောက်ျားနိုးလာသည်နှင့် ထိုအကြောင်းကို ပြောပြသည်။ ထိုအခါ ယောက်ျားက ကြွက်ဝင်သွားသည့်
အတွက် မိမိအိပ်ပျော်နေစဉ် ဒိန်ခဲကိုကြိုးနှင့်ချိတ်၍ မိမိပါးစပ်နားတွင် ချိတ်ရန် ပြောရာ မိန်းမက ဒိန်ခဲမဟုတ်ပဲ ငါးကြော်သာ ဖြစ်သင့်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ကြွက်နောက်တွင် ကြောင်ဝင်သွားသောကြောင့် ပထမ ထွက်မည့်အကောင်မှာ ကြွက်မဟုတ်ပဲ ကြောင်ဖြစ်ခြင်းကြောင့် ဟုဆိုသည်။ ထို့နောက် ထိုသူ
အိပ်ပျော်သွားခိုက်တွင် ငါးကြော်ကို ကြိုးဖြင့်ချိတ်၍ထားရာ ငါးကြော်နံ့ရ၍ ကြောင်မှ ဗိုက်ထဲက အရင်ထွက်လာသည်။ ထို့နောက် ကြွက်လည်း နောက်မှ ထွက်လာသည်။ ထိုစဉ် ထွက်လာသည့်ကြွက်သည် အသိုက်သို့ ပြန်ရောက်သွားခိုက် အဘိုးကြွက်နှင့်တွေ့ရာ မိမိ ကံမကောင်းကြောင်း၊ မိမိပေါ်တွင် ကြောင်တစ်ကောင် တက်ဖိနေသည့်အတွက် မိမိမှာ ထွက်၍ မရကြောင်း၊ အကယ်၍သာ ထိုကြောင်ကို ကြွက်သူရဲကောင်း
တစ်ယောက်က ချူဆွဲထားပါက မိမိမှာ အလွယ်တကူပင် ထိုကြောင်လက်မှ လွတ်နိုင်ကြောင်း ပြောရာ
ကြွက်အဘိုးက
"မင်းတို့ကောင်တွေ ဟိုနေ့က အစည်းအဝေးထဲမှာကတည်းက ကြောင်ကို ချူဆွဲဖို့ ပြောတာ ငါသိသားပဲ၊ ဒီအကြံ ကောင်းလို့ ဆွဲမယ်လည်းဆိုရော ဘယ်ကြွက်မသားထွက်လာလို့လဲ။ နောက်ဘယ်တော့မှ ကြောင်ကို ချူဆွဲမယ့်သူ မရှိပဲနဲ့၊ ဒီအကြံကို မတင်ပြနဲ့" ဟု ဒေါနှင့်မောနှင့် ပြောလိုက်သည်ဟု ပြောကာ ပုံပြင်ကို
နိဂုံးချုပ်သွားသည်။

အတွေးအခေါ်တစ်ခုသည် မည်မျှပင် မှန်ကန်သည်ဟု ဆိုသော်လည်း ဤအတွေးအခေါ်ကို
အကောင်အထည် မဖော်နိုင်သရွေ့ အလုပ်မဖြစ်ကြောင်း၊ အချိန်အနေနှင့် အချိန်အခါကို လိုက်၍သာ
တွေးခေါ်သင့်ကြောင်းကိုပါ ဆက်လက်ပြောဆိုသွားသည်။ ထိုပုံပြင်ထဲကလို ကြောင်ကို ချူဆွဲရန်မှာ ကြွက်တိုင်းလုပ်သင့်သော်လည်း လက်တွေ့အကောင်အထည် ဖော်ရန် ခက်ခဲသည်ဆိုလျှင် ဖြစ်နိုင်သည်ကိုသာ
ပထမဦးစွာ စဉ်းစားသင့်ကြောင်း ပြောဆိုသေးသည်။

ထိုသူငယ်ချင်းကပင် ကွဲပြားခြားနားစွာ တွေးပါဟု ဆိုသော်လည်း အတွေးအခေါ်တိုင်းသည် မည်သည့်ခရီးထိ သွားနိုင်သလဲ၊ မည်သည့် အချိန်ကာလတစ်ခုအထိ မှတ်ကျောက်တင်ခံနိုင်မည်နည်း ဆိုသည်မှာ ထို
ကွဲပြားခြားနားစွာ တွေးခြင်းဟူသော အယူအဆထက်ပိုအရေးကြီးကြောင်း၊ အတွေးအခေါ် အယူအဆတစ်ခုကို တိုင်းတာရာတွင် ဘုရားဟော "ကာလာမသုတ်" ဖြင့်သာ တိုင်းတာပြီး ဆုံးဖြတ်သင့်ကြောင်း
ပြောဆိုရင်း ဆွေးနွေးပွဲကို လက်စသိမ်းလိုက်ကြပါသည်။

Download Wun Zinn

0 comments:

Post a Comment