Sunday, March 29, 2015

အကြည်တော်နှင့် တွေ့ဆုံခြင်း


စာရေးဆရာ အကြည်တော်နဲ့ ၀န်ဇင်းအဖွဲ့သားများ တွေ့ဆုံခဲ့တုန်း ၀န်ဇင်းစာဖတ်ပရိသတ်တွေရဲ့ ရင်ထဲက စကားတွေကို ဘယ်လို ဗြူးခဲ့တယ်ဆိုတာ ၀န်ဇင်းပရိသတ်များအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ ဆရာပရိသတ်များအတွက်လည်း ပြန်လည်ဝေမျှပေးလိုက်ပါဦးနော်။

#WZ - အကြည်တော်ဆိုတဲ့ နာမည်တစ်ခုကို ဘယ်လိုထိန်းသိမ်းသလဲ၊
#AKT- ကိုယ့်ရဲ့အရည်အသွေးနဲ့ အဓိက သက်ဆိုင်မှာပေါ့။ ကိုယ်လုပ်နေတဲ့ အလုပ်မှာ ယုံကြည်မှုရှိနေဖို့နဲ့ အမြဲတမ်း စိတ်ပါနေဖို့ပါပဲ။

#WZ - ဆရာက စာပေဟောပြောပွဲတွေလည်း သွားဟောပြောနေတာဖြစ်လို့ စာရေးပြီး အသိပညာပေးရတာနဲ့ စကားနဲ့ဟောပြောရတာ ဘယ်လိုကွဲပြားချက် မျိုးရှိလဲ။

#AKT - စာပေဟောပြောပွဲကျတော့ ကျွန်တော်တို့က အများဆုံး တစ်နာရီ၊ တစ်နာရီခွဲအတွင်းမှာပဲ ဟောပြောရတာဆိုတော့ သူတို့အတွက် အဓိက ထိရောက်မယ့် စကားတွေကိုပဲ ပြောရတာပေါ့။ စာရေးတာကတော့ စာအုပ်ပေါင်း လေး ငါး ခြောက်ဆယ် ရှိနေပြီဆိုတော့ အဲ့ဒီထဲကမှ ကိုယ်တွေ့ကြုံတဲ့၊ ကိုယ့်ဘ၀အတွေ့အကြုံထဲက အကောင်းဆုံးဟာတွေကို (၂) နာရီလောက် သူတို့အတွက် အသိပညာရအောင် ကြိုးစားပြီး ပြောရတာပေါ့။

#WZ - ခုဆိုဆရာက စတိုင်ယာလို့ခေါ်တဲ့ သရော်စာရေးတာကို ပေါ်ပြူလာဂျာနယ်မှာ ရေးသားတာ အပတ်စဉ်ပေါ့။ အဲ့ဒီတော့ စာပေဟာ နိုင်ငံရဲ့အကူးအပြောင်းမှာ ဖြစ်နေတဲ့ကိစ္စတွေကို အမှားတွေကို ဒီလိုထောက်ပြခြင်းက ဘယ်လောက်အတိုင်းအတာထိ အကျိုးသက်ရောက်မှုရှိ တယ်လို့ ထင်ပါသလဲ။

#AKT - ကျွန်တော်တို့လည်း စတိုင်ယာပေါ့၊ ဝေဖန်ထောက်ပြတာကို အမြဲတမ်း လုပ်နေတာပဲ၊ ဒါပေမယ့် ကျွန်တော့်အမြင်နဲ့ပြောရရင်တော့ ကျွန်တော်တို့ ဘယ်လောက်ပြောပြော သိပ်ပြီးတော့ ပြောင်းလဲလာတာမျိုးတော့ မရှိဘူးပေါ့။ ဒါပေမဲ့လည်း အရင်က ဘာမှမပြောခဲ့ရတာနဲ့စာရင် ဒီလို ပြောခွင့်ရလာတာက အခုတော့ အကျိုးရှိတယ်လို့ပဲ ပြောရမှာပေါ့။ ဒါပေမဲ့နောက်ပိုင်းဆိုရင်တော့ နည်းနည်းအသိအမှတ်ပြုပြီးတော့ ပြင်လာလိမ့်မယ်လို့တော့ ယူဆရတာပေါ့။ အဲ့လိုဖြစ်လာလို့ရှိရင်လည်း ကောင်းမယ်လို့ ယူဆရပါတယ်။

#WZ - သရော်စာဟာ အားပြင်းသလောက် အထိအခိုက်များတာမို့ ဘယ်လိုကိုင်တွယ် ရေးသားသင့်ပါသလဲ။

#AKT - သရော်စာဆိုတဲ့ သဘောက လူတစ်ယောက်ကို ထိုးလိုက်သလိုပါပဲ။ ကိုယ့်ရဲ့ လက်သီးပြင်းအားနဲ့ တစ်ဖက်လူရဲ့ ခံနိုင်ရည်ကို တွက်ရတာပေါ့နော်။ တကယ်လို့ ကိုယ့်ရဲ့ လက်သီးပြင်းအားက တအားပြင်းသွားလို့ရှိရင်လည်း တစ်ဖက်လူအတွက် အနာတရ ဖြစ်နိုင်တာပေါ့။ ကိုယ်ထိုးတာကို ပျော့သွားလို့ရှိရင်လည်း ဘာမှထိခိုက်တာမျိုး မဖြစ်ဘူး။ အဲ့ဒီတော့ သရော်စာဆိုတဲ့ သဘောက ကိုယ်ထိုးလိုတဲ့ အားနဲ့ တစ်ဖက်လူရဲ့ ခံနိုင်ရည်ကို အမြဲ တွက်ရတာပေါ့နော်။ နောက်ပြီးတော့ သရော်စာဆိုတဲ့ သဘောက ဝေဖန်ရေးဆန်တဲ့ ဟာသပေါ့။ ဝေဖန်တယ်ဆိုရင်လည်း အားလုံးသိတဲ့ အကြောင်းအရာကို ဖြစ်နေရမယ်။ လူမသိတဲ့ အကြောင်းအရာကို သရော်နေမယ်ဆိုရင်လည်း ဘယ်လိုမှ ထိရောက်မှာ မဟုတ်ဘူး။ အားလုံးသိတဲ့ အရာဖြစ်ရမယ်။ ခုနက တစ်ဖက်လူရဲ့ ခံနိုင်ရည်နဲ့ လက်သီးပြင်းအားကို သိရမယ်ပေါ့။

#WZ - စောကြည်ဖြူ၊ မြင့်စန်းရီ ရေးဖြစ်ခဲ့ပုံလေး ပြောပြပေးပါ ဆရာ။

#AKT - စောကြည်ဖြူဆိုတာက ကျွန်တော့်နာမည်အရင်းပေါ့။ နောက် မြင့်စန်းရီဆိုတာက ဇာတ်ကောင်တစ်ခု မွေးလိုက်တာပေါ့။ အဓိကကတော့ ဟာသကို ရေးတယ်ဆိုတာ ဟာသမှာ နာကျင်မှု ပါတယ်။ ဟာသတစ်ခုကို ဖြစ်ဖို့ကို သွားရိုးသွားစဉ်အတိုင်း သွားနေလို့ရှိရင် ဟာသမဖြစ်ဘူးပေါ့။ နောက် သွားနေရင်းနဲ့ ခလုပ်တိုက်ပြီး ချော်လဲမှ ဟာသဖြစ်မှာပေါ့နော်။ နောက် ဟာသရဲ့ သဘောတရားက နာကျင်မှုပါတဲ့အတွက် တစ်ဖက်လူ ရယ်ရပေမယ့် ဒီမှောက်လဲတဲ့သူကတော့ နာတာပေါ့။ နစ်နာမှု ရှိတာပေါ့။ ဒီတော့ ကျွန်တော်က အရင်ရေးတဲ့အခါကျတော့ သူများကို နာတာထက်စာရင် ကိုယ့်ဟာကိုယ် အရင်ရေးကြည့်လိုက်တာပေါ့။ ကိုယ့်ကိုကိုယ် ဇာတ်ကောင်လုပ်ပြီးတော့ ရေးလိုက်တယ်။ နောက် မြင့်စန်းရီဆိုတာကလည်း ဒါကတော့ ကျွန်တော့်
စိတ်ကူးယဉ်ထဲက ကောင်မလေးပေါ့ဗျာ။ အဲ့လိုပဲ ပြောရမှာပေါ့။ တစ်ချို့က မြင့်စန်းရီကို အပြင်မှာ တစ်ကယ်ရှိတယ်လို့ ထင်ကြတာပေါ့။

#WZ - ဘီလူးဆိုတာက ဘယ်လိုလူမျိုးဖြစ်မလဲ ဆရာ။

#AKT - ဘီလူးဆိုတာက လူတစ်ယောက်တည်း မဟုတ်ဘူးပေါ့။ ဒီလို အပြုအမူမျိုးလုပ်တတ်တဲ့ လူလေးငါးယောက်လောက်ကို ပေါင်းပြီးတော့
ဇာတ်ကောင်တစ်ခုအနေနဲ့ ဖန်တီးခဲ့တာပေါ့။ အပြင်မှာ မရှိဘူးလားဆိုတော့ ရှိတယ်။ ဒါပေမယ့် အကုန်လုံးလုပ်တတ်တဲ့ အမူအကျင့်တွေကို ကျွန်တော်က လူတစ်ယောက်တည်းကိုပဲ ဇာတ်ကောင်တစ်ခုအနေနဲ့ လုပ်လိုက်တယ်ပေါ့၊ ဖန်တီးလိုက်တယ်ပေါ့။ ဒီတော့ ဘီလူးဆိုတာလည်း အပြင်မှာ တကယ်ရှိနေတဲ့ လူတစ်ယောက်လို တကယ် အသက်ဝင် လာတာပေါ့နော်။ ဘာလို့လဲဆိုတော့ အပြင်မှာလည်း ဒီလိုလူတွေက ရှိနေတာကိုး။ အဲ့ဒီအတွက်လည်း ဘီလူးဆိုတာလည်း အောင်မြင်လာတယ်လို့ပဲ ပြောရမယ်ပေါ့။

#WZ - ဟာသ၀တ္ထုတွေ အရေးနည်းလာတာ ဘာ့ကြောင့်များလဲ ဆရာ။

#AKT - ဟာသ၀တ္ထုကို အမှန်အတိုင်း ပြောရရင် ဖန်တီးရတာ အခက်ဆုံးပဲ။ လူတစ်ယောက်ကို သရုပ်ဆောင်ခိုင်းသလို မျက်နှာနဲ့ ပြောင်ပြလို့လဲ မရဘူး။ ကျွန်တော်တို့က စာကြောင်းတွေကြီးပဲ ရေးပြရတာ။ ဆိုတော့ ဖန်တီးဖို့အတွက်ကို အစကတည်းက ဖန်တီးနိုင်တဲ့လူက အရေအတွက် နည်းခဲ့တယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကဆို ဆရာ သော်တာဆွေတို့၊ ဆရာ အီကြာကွေးတို့ ရှိခဲ့တယ်။ နောက်ပိုင်းကျတော့ ဟာသဆိုတာ နည်းနည်း မျိုးဆက်ပြတ်သွားတာပေါ့။ ဟာသကိုပဲ သီးသန့်ရေးတဲ့ မျိုးဆက်က မရှိတော့ဘူးပေါ့။ နောက် ကျွန်တော် ဟာသ၀တ္ထုတွေ ရေးတယ်။
အဲ့ဒီခါမှာ ကျွန်တော် ရေးစတုန်းက အဲ့လိုမျိုး မြန်မာပြည်ကလည်း တစ်ခုခု လုပ်တယ်ဆိုရင် အကုန်လိုက်လုပ်တတ်ကြတယ်ပေါ့နော်။ ကျွန်တော့် အရှေ့မှာဆို ဂမ္ဘီရဆို ဂမ္ဘီရသမားတွေကြီးပဲ၊ စုံထောက်ဝတ္ထုဆိုလည်း စုံထောက်ဝတ္ထုတွေ တပုံကြီးပဲ။ အဲ အဲ့ဒီလူတွေပဲ ကျွန်တော်တို့ ဟာသဖြစ်လာတဲ့အခါမှာ ဟာသ၀တ္ထုဆိုတာ မရေမတွက်နိုင်လောက်အောင် ထွက်လာကြတယ်။ ဒါပေမဲ့ ဒီဟာက အခြေခံသဘောတရား လိုတာပေါ့။ ဟာသကို တကယ်ဝါသနာပါလို့ ရေးတာလား၊ ဒါမှမဟုတ် ဒီဟာ ခေတ်ကောင်းလို့ လာဝင်ရေးတာလား၊ အဲ့ဒီမှာ ဟာသ၀တ္ထုစာအုပ်တွေ အများကြီးပဲ ရေးတဲ့ဆရာတွေလည်း အများကြီးပဲ ပြန်ပေါ်လာတယ်။ ဒါပေမယ့် ကြာလာတဲ့အခါ သူတို့ လမ်းကြောင်းမဟုတ်ဘူး၊ သူတို့လိုင်း မဟုတ်တဲ့အခါကျတော့ သူတို့က ပြန်ပြန်ပြီးနောက်ဆုတ်သွားကြတာပေါ့။
ဒီဟာသကိုပဲ ကျွန်တော်တို့လိုပဲ တစိုက်မတ်မတ် ရေးတဲ့သူမရှိတဲ့အခါကျတော့ ဟာသ၀တ္ထုတွေ အထွက် ပြန်နည်းသွားတာပေါ့နော်။

#WZ - လူပျိုကြီးနဲ့ အပျိုကြီးကို ရှင်းအောင်ပြောပြပါဆရာ။

#AKT - သူက သီအိုရီကတော့ အများကြီးပဲ၊ အလွယ်ကူဆုံး ပြောရရင် လူပျိုကြီးဆိုတာ ဂျိုပါတယ်ပေါ့။ ဦးချိုပါတဲ့ သတ္တ၀ါပေါ့ဗျာ၊ ဒါပေမယ့် မခွေ့တတ်ဘူး။ အပျိုကြီးကတော့ ချိုလည်း မပါဘူး။ လန့်လန့်
ပြေးနေတာပေါ့ဗျာ။

#WZ - ဘ၀ဆိုတာ ဟာသတစ်ပုဒ်ဆိုရင် ဘယ်အပိုင်းက ပျော်ရွှင်စရာ အကောင်းဆုံး ဖြစ်မလည်းဆရာ။

#AKT - အဓိက, ကတော့ ကိုယ်လုပ်သမျှထဲမှာ မကောင်းတာရော၊ ကောင်းတာရော ငယ်စဉ်တုန်းမှာပဲ ပျော်စရာကောင်းတယ်ပေါ့။ အသက်ကြီးလာလို့ရှိရင် ကိုယ်လုပ်မိတာကော၊ မလုပ်မိတာရော နောင်တရတာပေါ့။ အဲ့ဒီတော့ လက်ရှိအချိန်မှာ ကိုယ်လုပ်ချင်တာ လုပ်နေတာကတော့ ပျော်စရာအကောင်းဆုံးပါပဲ။

#WZ - နောက်ထပ်မျိုးဆက်သစ်အားပေးအသိမှတ်ပြု ထိန်းကြောင်းပေးမယ့် မှတ်ချက်လေးပေးပါ။

#AKT - အခုမျိုးဆက်ကတော့ တယ်လီဖုန်းတွေကြီးပဲ ထိုင်ပွတ်နေတာ တွေ့ရတာပေါ့နော်။ စာအုပ်ဖတ်ဖို့ ကျန်တဲ့ဟာကို လေ့လာဖို့ဆိုတာထက်ကို.. ဒီဖက် အစိုးရခေတ်မှာ အကောင်းဆုံး ပြောင်းသွားတာက အရင်တုန်းက သိန်း (၅၀) လောက်ပေးရတဲ့ ဖုန်းကို အခု (၁၅၀၀) လောက်နဲ့ ရနေပြီပေါ့နော်။ အဲ့ဒီအတွက် လူတွေက တယ်လီဖုန်းပေါ်မှာ ရှာဖွေလို့ မကုန်နိုင်သေးဘူး ဖြစ်နေတာပေါ့။ ဒီ တယ်လီဖုန်းဆိုတဲ့ ကိစ္စတွေအားလုံး ငြိမ်သွားမှ ဒီ စာပေဖက်ကို ပြန်လှည့်လာမယ်လို့တော့ ထင်တယ်။ ကျွန်တော် တွေ့နေတာကတော့ နိုင်ငံခြားသား တွေ ခရီးသွားတဲ့အခါမှာ၊ သွားချင်တဲ့နေရာကို ရောက်အောင်သွားတယ်။ အသွားချင်ဆုံးနေရာကို ရည်မှန်းပြီးသွားတယ်။ အဲ့ဒီမှာ သူတို့ အကောင်းဆုံးဆိုတဲ့ နေရာကိုရောက်တဲ့အခါ သူတို့ဖတ်ဖို့အတွက် အကောင်းဆုံးစာအုပ်တွေကို သယ်သွားကြတယ်။ အဲ့ဒီတော့ သူတို့က စာဖတ်ချင်တဲ့စိတ်ကို အမြဲတမ်း ထိတွေ့မှုဖြစ်နေတဲ့အခါကျတော့ ၊ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ၊ နောက် စာပေကရတဲ့ အကျိုးတွေကို သူတို့က အများကြီး ကျယ်ကျယ်ပြန့်ပြန့် ခံစားရတာပေါ့နော်။ ကျွန်တော်တို့ဆီမှာတော့ ခုနက ပြောသလို ဒီ တယ်လီဖုန်း
ပေါ်မှာတင် ရှာလို့မကုန်သေးတဲ့အတွက် ဘာမှတော့ သိပ်ပြီးပြောင်းလဲလာဖို့က သိပ်ပြီးမမြင်သေးပါဘူး။

#WZ - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ။
#AKT - ဟုတ်ကဲ့ ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။

ဒါလေးကတော့ ဆရာကိုယ်တိုင်သုံးတဲ့ facebook အကောင့်ပါတဲ့ ခင်ဗျာ။

www.facebook.com/sawkyi.phyu.315?fref=ts

အခုလို ဆရာအကြည်တော်နဲ့ အင်တာဗျူးလေးကို ဖတ်ရှုပြီးတော့ ဆရာ့ စာဖတ်ပရိသတ်များသာမက ၀န်ဇင်းပရိသတ်များပါ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက် တစ်ပါတ်တွေမှာလည်း ဘယ်သူတွေနဲ့ ၀န်ဇင်းအဖွဲ့သားတွေ တွေ့အုံးမှာလည်းဆိုတာ စောင့်မျှော်အားပေးကြပါဦးလို့..
Download Wun Zinn

0 comments:

Post a Comment