Sunday, March 29, 2015

ခုနှစ်ကြိမ်လဲရင် ရှစ်ကြိမ် ပြန်ထကြမယ်


ဟိုတယ်သို့ ၀င်လိုက်သည်နှင့် ဧည့်ကြိုကောင်တာတွင် ၀န်ထမ်းများနှင့် ပြုံးရယ်စွာ စကားပြောနေသော သူမကို မြင်လိုက်ကတည်းက ယနေ့ရုံးက တွေ့ရန် လွှတ်လိုက်သည့် နိုင်ငံခြားသူ ဖြစ်မည်ဟု ထင်မိသည်။ သူမကလည်း မိမိကို မြင်သည်နှင့်
"----- ကုမ္ပဏီက လွှတ်လိုက်တဲ့ သူထင်တယ်?"
"ဟုတ်ကဲ့..မင်္ဂလာပါ၊ ကျွန်တော် 'သက်' ပါ"
သူမက လွယ်အိတ်ထဲမှ စာရွက်တစ်ချို့ကို ထုတ်လိုက်ပြီး"တွေ့ရတာ ၀မ်းသာပါတယ် 'သက်' ကျွန်မနာမည်က 'မော်နီကို' ပါ၊ ဒါတွေက
ကျွန်မ တွေ့ရမည့် လူစာရင်းတွေနဲ့ ကျွန်မ သွားချင်တဲ့ နေရာတွေပါ"
မိမိက သူမပေးသော စာရွက်ကို လှမ်းယူ၍ ဖတ်ကြည့်ရင်း...
"ဟုတ်ကဲ့၊ ဒါဖြင့်လည်း ကျွန်တော်တို့ သွားကြရအောင် ခင်ဗျာ"
-------------
သူမနာမည်မှာ 'မော်နီကို' ဟု ခေါ်သည်ဟု ရုံးက အစောကတည်းက ပြောပြထား၍ သိရှိရပြီး နာမည်ကြီး ဒီဇိုင်နာတစ်ယောက်ဖြစ်ကာ သူမ လိုအပ်သမျှ ကူညီလုပ်ကိုင်ပေးရန် ရုံးက ပြောလိုက်သည်မှအပ မိမိမှာ ဘာမှမသိပါ။ ပြင်သစ်သူပီပီ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ နှာတံပေါ်ပေါ်နှင့် ဆံပင်အဖြူရောင် အတိုညှပ်ထားသည့် သူမမှာ အသက် ၅၀ ကျော် ၆၀ နီးပါး ရှိမည်ဟု ခန့်မှန်းရသော်လည်း သူမကို ကြည့်ရသည်မှာ ဆယ်ကျော်သက် လေးတစ်ယောက်လို သွက်လက်ပေါ့ပါးနေသည်။ ရှင်သန်နေသည့် လိပ်ပြာလေးတစ်ကောင်လိုပင်။ သူမနှင့် ပတ်သက်၍ ထိုအရာတို့အပြင် မိမိသည် အခြားအရာတစ်ခုကို ထူးထူးခြားခြား သတိထားမိပြီး အရာရာကို စူးစမ်းလိုသူ (စပ်စုလိုသူ) မိမိအနေဖြင့် ထိုအရာကို ကြည့်ရင်းနှင့်ပင် သိချင်စိတ် ပြင်းပြ လာမိသည်။ သို့သော်လည်း ယခုမှ စတွေ့သည်မို့ မိမိလည်း အိမ်ရှင် ဧည့်ဝတ်ကျေရန်သာ ပထမဦးစားပေးဟု နှလုံးထား၍ သူမ အလုပ်အတွက် လိုအပ်သည်များကိုသာ လိုက်လံကူညီပေးရင်း နှုတ်ဆိတ်နေမိသည်။
အလုပ်ကိစ္စများပြီး၍ ဟိုတယ်သို့ ပြန်လိုက်ပို့အပြီးတွင် သူမက - 'သက်၊ မနက်ဖြန်ကို ထပ်လာခဲ့ပေးပါ၊ ကျွန်မ သွားချင်တဲ့ နေရာတွေ ရှိသေးလို့' ဟု ဆို၍ မိမိမှာလည်း ပြုံး၍ ခေါင်းညိတ်ကာ မနက်ဖြန် လာခဲ့ပါမည်ဟု ကတိပေး၍ ပြန်လာခဲ့သည်။ အပြန်လမ်းတွင်တော့ မနက်ဖြန်တွင် သူမနှင့် ပတ်သက်၍ မိမိသိလိုသည့်အရာကို မေးဖြစ်အောင် မေးမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။
--------------------
မနက်ပိုင်းတွင်တော့ သူမ သွားချင်သည့် နေရာများကို လိုက်ပို့ပြီး၍ နေ့လည်စာ စားချိန်တွင် စားသောက်ဆိုင်တစ်ခုတွင် ၀င်ရောက်စားသောက်ရင်း မိမိက စကားစလိုက်မိသည်။

"'မော်နီကို' ကျွန်တော့်ကို တစ်ခုလောက် မေးခွင့်ပြုပါ၊ ခင်ဗျားကို စတွေ့ကတည်းက ကျွန်တော် ဒါလေးက ထူးဆန်းတယ် ထင်လို့ပါ။"
"မေးပါ၊ ဘာများလဲ?"
"ဟုတ်ကဲ့၊ ခင်ဗျား လက်ပေါ်မှာ ထိုးထာတဲ့ တက်တူးလေးက ကျွန်တော့်အတွက် ထူးဆန်းလို့ပါ"
သူမက ပြုံးရင်း "'ဒါက တက်တူးတစ်ခုပဲ မဟုတ်ဘူးလား"...
"ဟုတ်ကဲ့၊ ကျွန်တော် မှားရင်လည်း ခွင့်လွှတ်ပါ ခင်ဗျာ၊ ကျွန်တော်သိသလောက် ကတော့ တက်တူးကို ကြိုက်တယ်ဆိုရင် ခန္ဓာကိုယ်အနှံ့၊ လူမြင်ရတဲ့ နေရာတွေမှာ အနောက်နိုင်ငံသားတွေတော်တော်များများက ထိုးကြတယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဒါပေမယ့် စကားလုံးတစ်လုံး၊ သင်္ကေတတစ်ခုဟာ သူတို့ဘ၀အတွက် အပြောင်းအလဲကြီးကြီး ဖြစ်ပေါ်ခဲ့တယ်ဆိုရင်လည်း အဲ့ဒါလေးတစ်ခုတည်းကို ထိုးထားတတ်ကြပါတယ်၊ 'မော်နီကို' ရဲ့
တက်တူးဟာ ဒုတိယအမျိုးအစားမှာ ပါတယ်ထင်လို့ပါ"

သူမက ထပ်မံပြုံးပြရင်း...
"ရှင်..မှန်ပါတယ်..'သက်' ဒါလေးဟာ ကျွန်မဘ၀အတွက် အင်မတန်မှ အရေးပါတဲ့ စကားလုံးလေးပါ။ ကျွန်မ အမြတ်တနိုးထားလို့ ကျွန်မ လက်မှာ ထိုးထားပြီး အမြဲ အမှတ်ရစေတာပါ"..
"ဟုတ်ကဲ့၊ ဖြစ်နိုင်ရင် ကျွန်တော့်ကို ပြောပြပါလား ခင်ဗျာ.." ပြီးမှ မိမိသည် အားနာစွာဖြင့် (လုပ်သည်က အရင်၊ စဉ်းစားသည်က နောက်ဆိုသည့် မိမိ၏ အကျင့်အတိုင်း)
"အဆင်မပြေရင်လည်း မပြောပါနဲ့ ခင်ဗျာ...ကျွန်တော် စကားမှားသွားရင် တောင်းပန်ပါတယ်"...
သူမက လက်ကာပြလိုက်ရင်း...
"အို...မဟုတ်တာ...ကျွန်မ ဒီအကြောင်းကို လူတွေကို ပြောပြရတာ ကြိုက်ပါတယ်၊ လောလောဆယ် ကျွန်မ မေးချင်တာလေးက... ကျွန်မအကြောင်း ဘယ်လောက် သိသလဲ လို့ပါ"
"ဟုတ်ကဲ့...ပြင်သစ်နဲ့ ဂျပန်မှာ နာမည်ကြီး ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး ဟောလီဝုဒ်၊ ဘောလိဝုဒ်အပြင် မော်ဒယ်လောကမှာပါ ခင်ဗျားဟာ အောင်မြင်ကျော်ကြားတဲ့ ဒီဇိုင်နာတစ်ယောက်လို့ သိထားပါတယ်"
"အဲ့ဒီ မတိုင်ခင်ကကော..."
"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် မသိပါဘူး..." ဟု ပြောရင်း မိမိစိတ်ထဲ တွင်လည်း တဖြည်းဖြည်းနှင့်တော့ လန့်လာသည်။ ကုမ္ပဏီအတွက် အင်မတန် အရေးကြီးသည့် ပုဂ္ဂိုလ်ကို မိမိမှာ မိမိ၏ ဆွေမျိုး အဒေါ်တစ်ယောက်လို ဆက်ဆံပြောဆို နေမိသည်ကို ကုမ္ပဏီသာ သိသွားပါက၊ နောက် သူမ စိတ်ခုသွားကာမှ မိမိမှာ ဒုက္ခရောက်မည်ကို လန့်လာနေမိသည်။

"ဒီတက်တူးလေးကို မပြောခင် ကျွန်မ ဘ၀အကြောင်းကို အရင်ပြောပြမှ ရှင် နားလည်လိမ့်မယ်။ လွယ်လွယ်ပြောရရင်တော့ ကျွန်မက ပြင်သစ်နိုင်ငံက ဆင်းရဲသား ရပ်ကွက်တစ်ခုမှာ မွေးဖွားလာတဲ့ သူတစ်ယောက်ပဲ၊
ပိုက်ဆံမရှိတော့ မိသားစု အခြေအနေက မပြေလည်ဘူးလေ၊ ကျွန်မလည်း မိသားစု အခြေအနေကြောင့် ကျောင်းပညာရေးကို စိတ်မ၀င်စားမိဘူး၊ တော်တော် ဆိုးမိုက်ခဲ့တာပေါ့၊ ဒါပေမယ့် ဘုရားသခင်က
ကျွန်မကို လက်ဆောင်တစ်ခုပေးထားခဲ့တယ်၊ ဒါကို လက်ဆောင်လို့ မသိခင်အချိန်အထိပေါ့၊ ကျွန်မက အင်္ကျီလေးတွေ၊ ဂါဝန်လေးတွေ၊ နောက် ဒီဇိုင်းလေးတွေကို စိတ်ဝင်စားတယ်လေ၊ ဒါ့ကြောင့် ဖက်ရှင်ပညာကိုတော့
အလျဉ်းသင့်သလို သင်ယူကြိုးစားခဲ့တယ်.."
"နောက် ကျွန်မ အသက် ၁၉ နှစ်မှာ အိမ်ထောင်ကျတယ်၊ ရတဲ့ ယောက်ျားက လည်း ကျွန်မနဲ့ ပုံစံတူအတိုင်းပါပဲ။ နောက် ကျွန်မ အသက် ၂၁ မှာ သူနဲ့ ကျွန်မ ကွာရှင်းခဲ့တယ်။ အိမ်ထောင်စုတွေ ကွဲပြဲတဲ့ ထုံးစံအတိုင်း ပိုက်ဆံမရှိရာက အစပြုကြတာပေါ့"
"ကြားရတာ ကျွန်တော် စိတ်ကောင်းပါဘူး ဗျာ..."

သူမက ထပ်မံ ပြုံးပြရင်း...
"နောက် ကျွန်မလည်း စိတ်ဓာတ်ကျလာတယ်၊ ဒါနဲ့ ကျွန်မနဲ့ ဖက်ရှင် ၀ါသနာတူ သူငယ်ချင်းတစ်ယောက်က ဂျပန်မှာသွားနေတာ့ ၊ကျွန်မလည်း ဂျပန်မှာ အလုပ်ရလိုရငြား သွားခဲ့တာကနေ ကျွန်မဘ၀ ပြောင်းလဲလာခဲ့တာပေါ့"

"သြော်...ဟိုရောက်တော့ ခင်ဗျား အဆင်ပြေလာတယ်ပေါ့.."

"ဘယ်ကသာ...ပိုဆိုးလာတာ 'သက်' ရဲ့၊ ရှင်တို့နိုင်ငံကလူတွေ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်သွားလုပ်သလိုမျိုး ကျွန်မလည်း သွားလုပ်တာပါ။ ရောက်ခါစက နေစရာ အခန်းကျဉ်းလေးထဲမှာ၊ မျက်နှာစိမ်း တစ်စိမ်းတွေကြားမှာပေါ့၊ နောက် သူငယ်ချင်းနဲ့ ဖြစ်သလိုနေရင်း ကျွန်မ ၀ါသနာပါတဲ့ ဖက်ရှင်ကို လုပ်နေခဲ့တယ်၊ စားဝတ်နေရေးအတွက်ကတော့ ကြုံသလို ဖြေရှင်းခဲ့ရတာပေါ့၊ တစ်ခါတစ်လေ ကလေးတွေကို ပြင်သစ်စကား သင်ပေးတယ်၊ တစ်ခါတစ်လေ ကျွန်မ အရမ်းကြိုက်တဲ့ ဒီဇိုင်းလေးတွေကို ဈေးပေါပေါနဲ့ ရောင်းချခဲ့ရတာပေါ့..."

"အော်..."
"တစ်နေ့တော့ ဂျပန်အထည်စက်ရုံတစ်ရုံက မန်နေဂျာတစ်ယောက်က ကျွန်မ လုပ်ထားတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ကြည့်ချင်တယ်တဲ့...သူတို့ စက်ရုံကို လာခဲ့ပါဆိုလို့ ကျွန်မ သွားခဲ့တယ်။ မှတ်မှတ်ရရ ဆောင်းတွင်း တစ်မနက်မှာပဲ။
စိတ်က လောနေတာနဲ့ အချိန်ကို သေချာမကြည့်မိတဲ့ ကျွန်မဟာ အစောကြီး သွားရမယ့်နေရာကို ရောက်နေတာပေါ့၊ ဒါနဲ့ အနီးအနားက ကော်ဖီဆိုင်လေးမှာ ကော်ဖီသောက်ရင်း စောင့်မယ်ဆိုပြီး ထိုင်နေခဲ့တယ်လေ..."

သူမက မောသွားဟန်ဖြင့် ရေတစ်ခွက်ကို သောက်လိုက်ရင်း...
"အဲ့ဒီမှာ ကျွန်မ ဒီ စာသားလေးကို သွားတွေ့တာပဲ" သူမ လက်ပေါ်တွင် ထိုးထားသည့် တက်တူးလေးကို ပြရင်း "ဆိုင်လေးရဲ့ အပေါ်မှာ ချိတ်ဆွဲထားတာပေါ့၊ အမှန်ကတော့ အိမ်တိုင်းလိုလိုမှာ ဒီလို တက်တူးထဲက စာလေးကို ချိတ်ဆွဲထားတာ ကျွန်မ တွေ့နေရတယ်၊ ကျွန်မလည်း ဂျပန်စကားကို သင်နေပေမယ့် မဖတ်တတ်သေးဘူးလေ၊ ဒါနဲ့ ဆိုင်က ၀ိတ်တာလေးကို မေးလိုက်တာပေါ့၊ "ဒါ ဘာအဓိပ္ပာယ်လဲ" လို့၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါကို ကျွန်မက ကံကောင်းစေတဲ့ မန္တာန်၊ အင်းပြားတစ်ခုခုလို့ ထင်နေတာ..."

"ဒါပေမယ့် စားပွဲထိုးကောင်လေးရဲ့ အဖြေကြောင့် ကျွန်မ ငြိမ်သက် သွားမိ တယ်လေ.."

မိမိက... "အဓိပ္ပာယ်က ဘာများလဲ ခင်ဗျာ..."

"ဂျပန်စကားလေးတစ်ခွန်းပါ၊ 'သက်' ရှင် ယုံပါ့မလားတော့ မသိဘူး၊ ဒီစကားလေးကြောင့် ကျွန်မ ဘ၀ ပြောင်းလဲလာတယ်ဆိုတာ..."
"ဟုတ်...ကျွန်တော် ယုံပါတယ်"
"အဓိပ္ပာယ်က ... 'ခုနစ်ကြိမ်လဲရင် ရှစ်ကြိမ်ပြန်ထ' တဲ့"...

"ဗျာ...ခုနစ်ကြိမ်လဲရင် ရှစ်ကြိမ်ပြန်ထ..ရိုးရိုးလေးပါလား.."

"ဟား...ဟား...'သက်' ရဲ့၊ တကယ်တော့ လူတစ်ယောက် ဘ၀မှာ အောင်မြင်ဖို့ လိုအပ်တဲ့အချက်တွေက ရိုးရိုးလေးတွေပါပဲ၊ လူတွေရဲ့ အတ္တနဲ့ အတောမသတ်နိုင်တဲ့ လောဘကြောင့်သာ ဆန်းပြားတယ် ထင်ရတာပါ..."

သူမ စကားကြောင့် မိမိမှာ ...
"ဟုတ်ကဲ့...ကျွန်တော်က အံ့သြလို့ပါ၊ ဒီလိုမျိုး စကားဟာ ကျွန်တော်တို့ မြန်မာမှာလည်း ရှိပါတယ်၊ အဓိပ္ပာယ်ကတော့ အလုပ်လုပ်ရာမှာ ဇွဲမလျှော့ဖို့နဲ့ အစဉ်တစိုက် ကြိုးစားဖို့ မဟုတ်လား..."

"ဟုတ်ပါတယ်...ဒါပေမယ့် အဲ့တုန်းက ကျွန်မ တွေးမိတာလေးက သြော်...ငါ ဘယ်လောက်ပဲ ငါ့ဘ၀က ကြမ်းတယ်ပြောပြော၊ တစ်နည်းနည်းနဲ့တော့ ငါ အဆင်ပြေအောင် ကြိုးစားလာခဲ့တာပဲ၊ ပြောရရင်တော့ ငါဟာ ငါ့ကိုယ်ငါ လေးစားတဲ့ လူတစ်ယောက်ပဲလို့..ပေါ့"
"ငါ့ကိုငါ လေးစားတဲ့ သူတစ်ယောက်...ဟုတ်လား?"

သူမက...
"လောကမှာ လူဟာ လောကဓံရဲ့ လှိုင်းတံပိုး တိုက်ခိုက်မှုတွေကြောင့် ဘ၀တိုက်ပွဲမှာ ရှုံးနိမ့်မှုတွေ ကြုံရတာ ဓမ္မတာပါပဲ၊ သို့ပေမဲ့ ဘ၀တိုက်ပွဲမှာ ရှုံးနိမ့်မှုတွေ ကြုံရပေမယ့် ဒီတိုက်ပွဲကို ဆက်တိုက်နေတဲ့ ငါကတော့ ငါ့ကိုယ်ငါ မရှုံးဘူး...တစ်နည်းအားဖြင့် ပြောရရင်တော့ ကျွန်မဟာ ကျွန်မကိုယ်ကျွန်မ လေးစားလို့ ဒီအရှုံးတွေကြားမှာ လဲကျသွားတိုင်း ပြန်ပြန်ထလာတာပေါ့..."

"အင်း.. ခင်ဗျားပြောမှပဲ ကျွန်တော် ရေးရေးလေး မြင်တော့တယ်၊ ဟုတ်တာပေါ့၊ မိမိကိုယ်ကို မလေးစားတဲ့သူဆိုတာ ဒီအရှုံးတွေကြားမှာပဲ လဲကျနေတော့မှာပေါ့၊ အချိန်ကုန်ဆုံးနေတော့မှာပေါ့၊ ပြန်ထပြီး ဆက်လျှောက်ဖို့ဆိုတာ ကိုယ့်ဘ၀ကိုယ်၊ ကိုယ့်တန်ဖိုးကိုယ် လေးစားမှ ဖြစ်မှာပေါ့.."

"ကျေးဇူးတင်ပါတယ်...ကျွန်မ ပြောတာ နားလည်တဲ့အတွက်..." သူမက ရယ်စရာပြောတော့ ...မိမိပါ ရယ်မိသည်။

"အဲ့ဒီနေ့ကစပြီး ကျွန်မ အရှုံးတွေကို မကြောက်တော့ဘူး၊ လူတွေနဲ့ တွေ့ရဲ ပြောရဲ ဆိုရဲ၊ အရှုံးတွေကို ရင်ဆိုင်ရဲလာတယ်၊ ဒါဟာ ကျွန်မ မရှုံးတော့မှာ မို့လို့ မဟုတ်ဘူး၊ အရှုံးတွေကြားက ပြန်ပြန်ထလာမှာဖြစ်တဲ့ ကျွန်မကိုယ်ကျွန်မ
လေးစားသွားလို့ပဲ.."
"...."
"ဒါဟာ အင်မတန်မှ ရိုးရှင်းတဲ့ အောင်မြင်မှု သီအိုရီပါပဲ၊ ကိုယ့်ကိုကိုယ် လေးစားတဲ့သူဆိုတာ ဘယ်သူ့ကြောင့်နဲ့မှ ယိုင်ပြိုမလဲသွားတော့ဘူး၊ သူဟာ ကျိန်းသေပေါက် တစ်နေ့မှာ အောင်မြင်လာမှာပဲ။ ဒီနေရာမှာ အလျင်းသင့်လို့
ကျွန်မ ကြုံခဲ့တာလေးတွေကို ပြောပြချင်တယ်..."

"ဟုတ်ကဲ့..."

"ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ စစ်ဒဏ်ကြောင့် ချုံးချုံးကျခဲ့ရတာ လူတိုင်းအသိပဲ၊ ဒါပေမယ့် စစ်အေးခေတ်ရဲ့ အဖွံ့ဖြိုးဆုံးနိုင်ငံတွေထဲမှာ သူတို့ ထိပ်ဆုံးက ပါနေတယ်၊ နောက် သဘာဝဘေးအန္တရာယ်ဒဏ်တွေဖြစ်တဲ့
မီးတောင် ပေါက်ကွဲတာ၊ ငလျင်လှုပ်တာတွေဆိုတာ ခဏခဏ ဖြစ်လွန်းတော့ ပျက်စီးဆုံးရှုံးမှုတွေဆိုတာ ရှင်တို့ ကျွန်မတို့ မြင်နေရတာပဲ မဟုတ်လား..ပြီးခဲ့တဲ့ ဆူနာမီတုန်းကလည်း နူကလီးယား စက်ရုံတွေ ပေါက်ကွဲတာ၊ တိုက်တာအိုးအိမ်တွေ ပြိုကျပျက်စီးတာ၊ လူတွေ သေကျေကြတာ အားလုံး အသိပဲလေ...ဒါပေမဲ့ ဒီနိုင်ငံက လူတွေဟာ သူတို့ကိုယ်သူတို့ အင်မတန်မှ လေးစားတဲ့ သူတွေ...သူတို့ဟာ ရှုံးနိမ့်မှုတွေကို ကြုံတွေ့ရမယ်ဆိုတာ နားလည်တယ်၊ နောက် အရှုံးတွေကြားမှာ၊ လဲကျနေရာမှာ မနေဘူး၊ ရအောင် ပြန်ထလာကြတယ်..ခုချိန်မှာ သူတို့ ပြန်တည်ဆောက်ကြတယ်၊ သူတို့ ပြန်လည် မွေးဖွားလာကြတယ်၊ သူတို့ဟာ ကိုယ့်ကိုကိုယ် လေးစားတဲ့၊ ကိုယ့်နိုင်ငံကို လေးစားတဲ့ သူဆိုတာ လူတိုင်းကို အလုပ်နဲ့ သက်သေပြကြတယ်လေ.."

"...."

"ဒီနေရာမှာ အလျင်းသင့်လို့ ကျွန်မ ပြောပြချင်တာလေး တစ်ခု ထပ်ရှိသေးတယ်၊ ရှင်လည်း ကြားမိနိုင်ပါတယ်၊ နူကလီးယားစက်ရုံတွေ ပေါက်ကွဲတော့ ဒုက္ခရောက်နေတဲ့ လူတွေကို ကယ်ဆယ်ရေးသမားတွေ အစာဝေတုန်းကပေါ့၊ ရှိတဲ့ ရိက္ခာက နည်းနေတော့ တန်းစီနေတဲ့လူတန်းလျား ကြီးကြားထဲက အနောက်တော်တော်လှမ်းမှာ ကလေးတစ်ယောက်ကို တွေ့တဲ့အခါ ကလေး မစားရမှာ၊ ရိက္ခာခွဲတမ်း မရမှာစိုးလို့ ကယ်ဆယ်ရေးအရာရှိက ကလေးကို မုန့်လေး သွားပေးတော့...ကလေးက ဘာပြန်ပြောတယ် ထင်သလဲ.."

"...."

"သူ မယူနိုင်ဘူးတဲ့...သူ့လိုပဲ တစ်ခြားလူတွေလဲ ဆာနေတာပဲ...သူက ထူးပြီးတော့ အခွင့်ထူးခံ မဖြစ်ချင်ဘူးတဲ့...အလှည့်ကျအတိုင်းပဲ ဝေပေးလိုက်ပါ၊ သူ့အလှည့်ရောက်လို့မှ ရိက္ခာကုန်သွားရင်လည်း ရပါတယ်တဲ့..."
"အင်းနော်...ဘယ်လောက် လေးစားစရာ ကောင်းသလဲ.."
"ဒါတွေဟာ သူတို့ရဲ့ အစီအစဉ်ကောင်းတွေကြောင့်ပေါ့...ဂျပန်မှာ ကလေးတွေကို ကျောင်းထားတဲ့အခါ အချိန်အတော်ကြာတဲ့အထိ စာပေးမ သင်ဘူး...လူတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ အပြုအမူတွေ၊ စိတ်ဓာတ်တွေ၊ ထားရမယ့် သဘောထားတွေကို နောက် ကိုယ့်ကိုကိုယ် လေးစားတတ်အောင် အရင်ဆုံး သင်ပေးတာ...ဒီလို အခြေကောင်းတဲ့ ကလေးတွေဟာ ဒီလို စိတ်ဓာတ်မျိုး ရှိတာ ကျွန်မတော့ မအံ့သြမိဘူးပေါ့..."

"..."

"ဒါ့ကြောင့် ကျွန်မ အတွက် ဒီလို အဓိပ္ပာယ်အများကြီး ရှိနေတဲ့ စာတန်းလေးကို ကျွန်မ အမြဲ အမှတ်ရနေအောင် တက်တူးထိုးထားတာပါ..."
"အင်း...ကျွန်တော် ဒါကို မတွေးမိဘူး၊ ဒါဟာ ကြိုးစားဖို့ ပြောတဲ့စကားတစ်ခွန်းပဲလို့ အစက ထင်ခဲ့မိတယ်၊ ဒီလို အတွင်းက ထားရမယ့် စိတ်ဓာတ်ကို ကျွန်တော် မမြင်တတ်ခဲ့ဘူး..ကျေးဇူးတင်ပါတယ် 'မော်နီကို' တကယ်ကို လှိုက်လှိုက်လှဲလှဲပါ..."
"...."
သူမ ပြုံးပြလေသည်။ ထိုအပြုံးသည် အလှဆုံး ဖြစ်ပေသည်။ ထို့နောက် သူမကို ဟိုတယ်သို့ လိုက်အပို့တွင် သူမ ပြောခဲ့သည့်စကားတစ်ခွန်းကား...
"ကမ္ဘာကြီးမှာ ကိုယ့်ကိုကိုယ် လေးစားတဲ့ လူမျိုးတွေရှိတဲ့နိုင်ငံဟာ ဆင်းရဲလည်း ခဏပါပဲ..." တဲ့...။
Download Wun Zinn

0 comments:

Post a Comment