Thursday, March 19, 2015

ကမ္ဘာကြီးအတွက် ကြေညာစာတမ်းတစ်ရွက်



'လူသားအားလုံးကို တန်းတူညီမျှစွာ ဖန်ဆင်းခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့ကို ဖန်ဆင်းရှင် ဘုရားသခင်က မည်သူမျှ သိမ်းပိုက်လုယူရန် မသင့်လျော်သော တစ်စုံတစ်ရာ အခွင့်အရေးများ ကိုလည်း အပ်နှင်းပေးပြီး ဖြစ်သည်။ ဤအမှန်တရားသည် သူ့အလိုအလျောက် သက်သေထူပြီး ဖြစ်သည်ဟူ၍လည်း ကျွန်ုပ်တို့ ယုံကြည်ယူဆသည်' . . . .

ယနေ့အခါ နိုင်ငံအတော်များများမှ အုပ်စိုးသူအစိုးရများက အထက်ပါ အမှန်တရားများကို နှုတ်ဖျားမှသာ ရွတ်ဆိုကြလေ့ရှိပါသည်။ သို့သော် ၁၇၇၆ ခု ဇူလိုင်လ ၄ ရက်နေ့မတိုင်မီကမူ အမေရိကတိုက်ရှိ ပြည်နယ်ပေါင်း ၁၃ ခုမှ အမေရိကတိုက်လုံးဆိုင်ရာ ကွန်ဂရက်ကိုယ်စားလှယ် မများက အဆိုပါ ကြေညာစာတမ်းကို တညီတညွတ်တည်း ကန့်ကွက်သူမရှိ ထောက်ခံအတည်ပြု ခဲ့ကြပါသည်။ ဤကြေညာစာတမ်းပါ သဘောထားအလုံးစုံကို လက်ခံသဘောတူလျက် အမေရိကန် ပြည်ထောင်စုကြီးကို ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ပါသည်။ ယင်းသို့ တိုင်းပြည်တစ်ပြည်ကို ထူထောင်ခဲ့ခြင်းမျိုးမှာ သမိုင်းတွင် မရှိဖူးခဲ့သေးသော အစဉ်အလာဖြစ်ပါသည်။

ထိုကြေညာစာတမ်းကို အသက် ၃၃ နှစ်အရွယ်ရှိ ဗာဂျီးနီးယားပြည်နယ်မှ ကိုယ်စားလှယ် ဂျက်ဖာဆင် (T. Jafferson) က ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ တစ်နှစ်အကြာ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲပြီးနောက်ဗြိတိသျှတို့လက်အောက်မှ အပြီးတိုင် ခွဲထွက်လိုက်ပြီဖြစ်ကြောင်း အမေရိကန် ကိုလိုနီပြည်နယ်အားလုံး၏ သဘောထားဖော်ပြသော ကြေညာစာတမ်းပင်ဖြစ်သည်။ ဤစာတမ်း တွင် တတိယမြောက် ဂျော့ဘုရင်၏ ကိုလိုနီစည်းမျဉ်းဥပဒေများကို ရှုတ်ချဝေဖန်ခဲ့သည်။ သို့သော် အနှစ်သာရသဘောမှာ ဗြိတိသျှဒဿနပညာရှင် ဂျွန်လော့ခ် (John Locke) ၏ လူသားအပေါ် သဘာဝတရားက ဖန်တီးပေးထားသော အခြေခံအခွင့်အရေးများ အယူအဆကို ရယူရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ကျင်းပခဲ့သော ကွန်ဂရက်အစည်းအဝေး၏ ကွန်ဂရက်၏ ဥက္ကဋ္ဌဖြစ်သူ ဂျွန်ဟင်းကွက် (John Hencock) ၏ စကားနှင့်ပြောရလျှင် 'အမေရိကန်နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ် ၏ အခြေခံအုတ်မြစ်ကြီး' ပင်ဖြစ်သည်။
ဤကြေညာစာတမ်းသည် အမေရိကန်နိုင်ငံတစ်နိုင်ငံတည်း၏ ကြေညာစာတမ်း မဟုတ် တော့ပေ။ နယ်ချဲ့ကိုလိုနီစနစ် ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက် ရေး လှုပ်ရှားမှု ဖြစ်ထွန်းရာ ကမ္ဘာ့နိုင်ငံအသီးသီး၏ လွတ်လပ်ရေး ကြေညာစာတမ်းတို့အတွက် မီးရှုးတန်ဆောင် ဖြစ်လာခဲ့သည်။ စပိန်ကိုလိုနီစနစ်ကို တွန်းလှန်ဖြိုချခဲ့ကြသော လက်တင်အမေရိကတိုက်၏ ကြေညာ စာတမ်း၊ ပဒေသရာဇ်စနစ်ကို တွန်းလှန်ဖြိုခဲ့ကြသော ပြင်သစ်တော်လှန်ရေး၏ ကြေညာစာတမ်းပင် ဖြစ်သည်။ ထို့အတူ ပြင်သစ်ကိုလိုနီအုပ်စိုးမှုကို ခုခံတွန်းလှခဲ့သော ဗီယက်နမ် လွတ်လပ်ရေး ကြေညာစာတမ်းကိုလည်း ဟိုချီမင်းက ဤစာတမ်းပါ စိတ်ဓာတ်နှင့် စကားလုံးများကို အသုံးပြု ရေးသားခဲ့သည်။

ထို့ပြင် ၁၈၄၈ ခုနှစ်က အမေရိကန်နိုင်ငံတွင် ပေါ်ပေါက်လာခဲ့သော အမျိုးသမီးများ၏ အခွင့်အရေး တန်းတူရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူများ ကလည်း 'လူတိုင်းသည် တန်းတူညီမျှစွာ မွေးဖွားလာခဲ့ကြသည်' ဆိုသော ဂျက်ဖာဆင်၏စကားလုံးများကိုသာ သုံးစွဲခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတမ်း ရေးဆွဲရာမှာပင် ကော်မရှင် တွဲဖက်ဥက္ကဋ္ဌ အီလီရာနာရုစဗဲ့ (Eleanor Roosevelt) က ဂျက်ဖာဆင်၏ကြေညာစာတမ်း စိတ်ဓာတ်ကို ဆက်ခံရေးဆွဲခဲ့ခြင်း ဖြစ်ပေသည်။


Credit : သန်းစိုးနိုင် (ထောင်စုနှစ် အရေးကြီးဆုံး ဖြစ်ရပ် - ၁၀၀၀)

Download Wun Zinn




Download From: http://goo.gl/Se2ZJM

0 comments:

Post a Comment