Thursday, March 19, 2015

အလက်ဇန္ဒားဘုရင်ဖြစ်ချင်တဲ့ ဒိုင်ယာဂိုးနိစ်


တစ်နေ့မှာ ရှေးဂရိဒဿနိကပညာရှင် Diogenes ဟာ နေပူဆာလုံနေခဲ့တယ်။ အလက်ဇန္ဒားဘုရင်က Diogenesကို တွေ့တော့...

“Diogenes… မင်းလိုချင်တဲ့ ဘာဆုလာဘ်မျိုးမဆို ငါ့ဆီကတောင်းယူနိုင်တယ်”လို့ ပြောခဲ့တယ်။
Diogenesက ပျင်းကြောတစ်ချက်ဆန့်ပြီး
“ဘေးရွေ့ရပ်ပေးပါ။ ကျွန်တော်မျိုးရဲ့နေရောင်ခြည်ကို ကွယ်မထားတာဟာ ကျွန်တော်မျိုးကို အကောင်းဆုံးဆုလာဘ်ချီးမြှင့်တာပါပဲ”လို့ပြန်ပြောလိုက်တယ်။

တစ်ခါတုန်းကလည်း အလက်ဇန္ဒားဘုရင်ဟာ Macedon ဘုရင်ကို သွားရောက် ခစားတွေ့ဆုံပါလို့ Diogenesကို စကားပါးလိုက်တယ်။
ဒါကို Diogenesက “Macedon ဘုရင်က ကျွန်တော်မျိုးနဲ့တွေ့ဆုံရင်းနှီးလိုရင် ကျွန်တော်မျိုးဆီ လာတွေ့နိုင်ပါတယ်။ အေသင်မြို့ကနေ Macedon မြို့ဆီသွားတဲ့ခရီးလမ်းနဲ့ Macedonမြို့ကနေ အေသင်မြို့ဆီလာတဲ့ခရီးလမ်းက အတူတူပဲလို့ ကျွန်တော်မျိုးထင်လို့ပါ” လို့ ပြန်ပြောလိုက်တယ်။

အလက်ဇန္ဒားဘုရင်ဟာ Diogenesနဲ့နောက်တစ်ကြိမ်တွေ့ချိန်မှာ
“မင်း ငါ့ကိုကြောက်သလား”လို့ မေးခဲ့တယ်။
Diogenesက “အရှင်က ဘာလဲ၊ ကောင်းတဲ့အရာလား မကောင်းတဲ့အရာ”လားလို့ ပြန်မေးလိုက်တယ်။
“ကောင်းတဲ့အရာပေါ့”လို့ ဘုရင်က အားရပါးရဖြေတယ်။
“ဘယ်သူက ကောင်းတဲ့အရာကို ကြောက်ရမှာလဲ”လို့ Diogenesက ပြန်ဖြေတယ်။

အလက်ဇန္ဒားဘုရင် ဘာပြန်ပြောရမှန်းမသိဖြစ်ခဲ့တယ်။ နိုင်ငံနဲ့ လူမျိုးတော်တော်များများကို သိမ်းပိုက်အောင်နိုင်ခဲ့တဲ့ အလက်ဇန္ဒားဘုရင်ဟာ Diogenesကို မအောင်နိုင်ခဲ့ပါဘူး။

“ငါသာ ဘုရင်မဟုတ်ခဲ့ရင် ငါ Diogenes လုပ်မယ်”လို့ ဘုရင်က သက်ပြင်းချဆိုခဲ့ပါတယ်။

လောကကြီးမှာ အရာရာကို သိမ်းပိုက်အောင်ယူနိုင်ပါတယ်။ ဒါပေမယ့် ပညာရှိတို့ရဲ့စိတ်စွမ်းအား (စိတ်အသိဉာဏ်)ကိုတော့ မသိမ်းပိုက်နိုင်ကြပါဘူး။ ဒီသဘောတရားကို မြင့်မြတ်သူအပါအဝင် လူတော်တော်များများက နောက်ဆုံးခေါင်းနဲ့နံရံတိုက်တဲ့အခြေအနေရောက်မှ သဘောပေါက်တတ်ကြပါတယ်။
-----

နိုင်းနိုင်းစနေ (Feb. 24. 2015)
Download Wun Zinn


0 comments:

Post a Comment