Wednesday, March 18, 2015

ဆရာမ သန်းမြင့်အောင်၏ Aung Foundation



မိမိတို့ လှမ်းဝင်လိုက်တော့ ဆောက်ပြီးစ တစ်ထပ်တိုက်လေးနဲ့ ဆရာမ သန်းမြင့်အောင် ဦးစီးတည်ဆောက်ထားတဲ့ Aung Foundation အဆောက် အဦးလေးကို တွေ့လိုက်ရပါတယ်။ ဆရာမကောလို့ မေးကြည့်လိုက်တော့ လက်တစ်ဖက် နာနေပေမဲ့လည်း စာပေဟောပြောပွဲတွေ တစ်ခုပြီးတစ်ခု လိုက်လံဟောပြောနေရလို့ အခုတစ်ခါ လက်နှစ်ဖက်စလုံး နာနေလို့ အိမ်မှာနားနေတယ်လို့ သိရပါတယ်။ သြော်... ကိုယ့်အတွက်တောင် မကြည့်ပဲနဲ့ သူများအကျိုးအတွက် ကိုယ့်ကျန်းမာရေးတောင် မငဲ့တဲ့ ဆရာမပါလားလို့ တွေးမိပါသေးတယ်။

ဒါနဲ့ အစစအရာရာ ဆရာမအစား ပရဟိတကိစ္စများကို တာဝန်ယူ လုပ်ဆောင်နေတဲ့ ကိုရဲနဲ့ ပဲ စကားစမြည်ပြောဖြစ်ရင်း Aung Foundation လေးအကြောင်း မေးဖြစ်ခဲ့တယ်။

ဒီသင်တန်းကျောင်းလေး စဖြစ်ခဲ့ပုံကတော့ ဆရာမနေထိုင်ဖို့အတွက် ဓါတ်မှန်အထူးကုဆရာဝန်ကြီး ဦးစိုးကျော်အောင်က လှူဒါန်းခဲ့ရာကနေ အစပြုတယ်လို့ ဆိုပါတယ်။

လှူဒါန်းခဲ့တဲ့ နေရာလေးကို ဆရာမက အနယ်နယ် အရပ်ရပ်မှ ပရိဟိတ အဖွဲ့အစည်းများအတွက် သင်တန်းကျောင်းလေး ဆောက်လုပ်ခဲ့တာပါ။ မိမိ အတွက်တောင် မကြည့်ပဲနဲ့ အများအကျိုးအတွက်သာ ကြည့်တတ်တဲ့ ဆရာမရဲ့စိတ်ထားလေးကိုတော့ မလေးစားပဲ မနေနိုင်တော့ပါဘူး။

သင်တန်းလေးကို လုပ်ဖြစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပရဟိတ အဖွဲ့အစည်း များအချင်းချင်း ချိတ်ဆက်မိစေရန်၊ လူငယ်လူရွယ်များ ပရဟိတ စိတ်ထား တတ်စေရန်၊ မိမိနှင့် မိမိပတ်ဝန်းကျင်ကို နားလည်ပြီး တိုင်းကျိုးပြည်ပြု အများအကျိုးများ ဆောင်ရွက်နိုင်စေရန်စတဲ့ ရည်ရွယ်ချက်တွေ ဖြစ်တာမို့ အင်မတန်မှ မွန်မြတ်လှတာကို တွေ့ရပါတယ်။

ဒီသင်တန်းလေးက ပေးလိုက်တဲ့ အသိပညာ အသီးအပွင့်တွေကို ဖြန့်ဝေရာမှာ ယခုဆိုလျှင် သင်တန်းသား (၄၀၀) ကျော် သင်တန်းဆင်းပြီးသွားပြီ ဖြစ်ကြောင်းနဲ့ တက်ရောက်သင်ကြားလိုသူ သင်တန်းသားများအတွက်လည်း နေစရိတ်စားစရိတ်ကို သင်တန်းမှ ကျခံပြီးတော့ သင်ကြားပေးတယ်လို့လည်း ကိုရဲက ဆိုပါတယ်။ အခုလက်ရှိတော့ သင်တန်းတစ်သုတ်ဆင်းသွားပြီလို့ သိရပါတယ်။

ဒါနဲ့ မိမိလည်း သင်တန်းအတွက် လိုအပ်တဲ့ ငွေကြေးကို ဘယ်ကရသလဲဆိုတော့ ဆရာမ သန်းမြင့်အောင်၏ စာအုပ်များ ရောင်းရငွေများနှင့် စာပေဟောပြောပွဲမှ ရရှိသည့် ငွေကြေးများ၊ သင်တန်းကာလအတွင်း လာရောက်လှူဒါန်းကြသည့် စေတနာရှင်များ၏ ငွေကြေး၊ ရိက္ခာများဖြင့် ဒီ သင်တန်းလေးကို လည်ပတ် နေတာပါလို့ ကိုရဲက ပြောပြပါတယ်။ ဒီစကားလေးကြားမိတော့ ဆရာမကို ဒုတိယံမိ ချီးမွမ်းမိပါသေးတယ်။

Aung Foundation မှာ သင်ကြားပြသတဲ့ သင်တန်းတွေကလည်း ဗုဒ္ဓဘာသာ လူငယ်ယဉ်ကျေးလိမ္မာ၊ ခေါင်းဆောင်မှုပညာ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အသိပညာပေး သင်တန်းများ၊ HIV အကြောင်း အသိပညာပေး သင်တန်းများ၊ လူငယ်များ စိတ်ဓာတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်းများ၊ ကူးစက်ရောဂါ များနှင့် ကာကွယ်ကုသပုံများ၊ ဆင်းရဲနွမ်းပါးမှုကို ဘယ်လိုလျှော့ချကြမယ်၊ လူငယ်နှင့် ကိုယ်ရည်ကိုယ်သွေး၊ လုပ်ငန်းစီမံကိန်းရေးဆွဲခြင်း၊ မူးယစ်နှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများနှင့် လူငယ်ထုအတွက် အန္တရာယ်စတဲ့ ဘာသာရပ်ခေါင်းစဉ်တွေနဲ့ သင်ကြားပို့ချပေးနေတာမို့ သင်တန်းသားတွေအတွက် တကယ် အကျိုးရှိတဲ့ ဘာသာရပ်တွေ ဖြစ်တာ ကိုလည်း တွေ့ရပါတယ်။

လာရောက်ပို့ချပေးကြတဲ့ သင်တန်းဆရာ/မ များကလည်း ဆရာမ ဂျူး၊ ဆရာ မန်းသိုက်ထွန်း၊ ဒေါက်တာ ထားထား (စုထား)၊ ဆရာမ ဆွေဇင်ထိုက်၊ ဆရာမ ဇွန်ပွင့်၊ ဒေါ်ဒေ၀ီသန့်စင်၊ ဆရာမ သန်းမြင့်အောင်၊ ဆရာ သက်ပိုင်ထွန်း၊ ဒေါက်တာ ဒေါ်သီတာအောင် (အမျိုးသားသွေးဌာန)၊ ဆရာမ စန်းမြင့်အောင် (မင်္ဂလာခရီးသွားလူငယ်များအဖွဲ့)၊ ဒေါက်တာ ဦးထွန်းလွင် (မိုးလေ၀သ)၊ ဆရာ ဇေယျာလှိုင်နဲ့ ဆရာမ သိန္ဒီဦး တို့ ဖြစ်တာမို့ လာရောက်တက်ရောက်သူတိုင်း ပျော်ရွှင်စွာ သင်ကြားနေမှာကို မြင်ယောင်မိပါတယ်။

တကယ်တော့ ပရဟိတဆိုတာ နှလုံးသား မြင့်မြတ်သူတွေအတွက် စကားလုံးပါ။ အများအကျိုးကို သယ်ပိုးဆောင်ရွက်လိုတဲ့ စိတ်၊ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ စိတ်စတဲ့ စိတ်ဓာတ်တွေရှိမှ ဖြစ်ပေါ်လာတာပါ။ ဒီလို စိတ်ဓာတ်ကောင်းတွေ ယနေ့မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ အထူးလိုအပ်လှနေတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို လိုအပ်နေတဲ့ အဖွဲ့အစည်းတွေကို အများအကျိုး ဆောင်ရွက်ရာမှာ နည်းစနစ်ကျကျ လုပ်ဆောင်နိုင်ဖို့၊ မြန်မြန်ဆန်ဆန်နှင့် အကျိုးသက်ရောက်မှု ရှိစေဖို့ စတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့၊ တိုင်းပြည်နဲ့ လူမျိုးအတွက် ပရဟိတ သမားများစွာကို မွေးထုတ်ပေးနေတဲ့ သင်တန်းကျောင်းလေးဖြစ်တဲ့ ဆရာမ သန်းမြင့်အောင် ဦးစီးတည်ထောင်သည့် aung Foundation ပရဟိတ သင်တန်းလေးသည် ပရဟိတ စိတ်ဝင်စားသူ မည်သူမဆို နွေးထွေးသော လက်များဖြင့် ကမ်းလင့်ကြိုဆိုနေပြီး

အမိမြေအတွက် ဆရာမကဲ့သို့ ပရဟိတ စိတ်ရှိသူများကို နှစ်စဉ်နှစ်တိုင်း မွေးထုတ်ပေးရန် အားမာန်ဖြင့် စောင့်ကြိုလျှက် ရှိနေသည်မှာ အသေအချာပင် ဖြစ်ပါတော့သည်။

ဒီ Aung Foundation လေးကို ဆက်သွယ်လှူဒါန်းချင်တယ်ဆိုရင်တော့ အမှတ် ၇၄၆ သရဖီလမ်း၊ ၄၇-ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် 09 5078418၊ 09 420051158 ကို ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။





Download Wun Zinn


0 comments:

Post a Comment