Monday, November 2, 2015

ဟန်ဂေရီက သူရဲကောင်း

ဟန်ဂေရီက သူရဲကောင်း...။ ကျွန်တော်တို့က ဘယ်တော့မှသူ့ကို မကြားဖူးတာ ဖြစ်နိုင်ပါတယ်။ သူက ဘာ့ကြောင့် ဟန်ဂေရီ သူရဲကောင်း ဖြစ်နေတာလည်း? လူတွေရဲ့ အသက်ကို ကယ်တင်ခဲ့လို့လား၊ ဒါမှမဟုတ်.. ဒါဆို သူ့အကြောင်းလေး နည်းနည်းလောက် ဖတ်ကြည့်ရအောင်..။

သူ့နာမည်က Karoly Takacs ။ ဟန်ဂေရီတပ်မတော်မှာ ပြိုင်ဘက်ကင်း လက်ဖြောင့်သမား၊ သူ့အိပ်မက်က အတော်ဆုံး အားကစားသမား တစ်ယောက်ဖြစ်ဖို့၊ အိုလံပစ်ပြိုင်ပွဲတွေမှာ နိုင်ငံဂုဏ်ဆောင်နိုင်ဖို့။ ၁၉၄၀ ခုနှစ် တိုကျိုမှာ ကျင်းပမယ့် အိုလံပစ်ပွဲမှာ ရွှေတံဆိပ်ဆုခူးဖို့ တစ်နိုင်ငံလုံးရဲ့ တစ်ပေးခြင်း ခံရသူ။ သူ့ဘ၀အဲ့အချိန်က ရွှေရောင် လွှမ်းနေမယ်ဆိုတာ စာဖတ်သူ ခန့်မှန်းကြည့်နိုင်ပါတယ်။ ဒါပေမယ့် သူ ကံမကောင်းခဲ့ဘူး။ 

တစ်နေ့ သူ့ရဲဘော်တွေနဲ့ လေ့ကျင့်ခန်းဆင်းနေတုန်း လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် သူ့ညာဖက်လက်ဟာ ပြတ်ထွက်သွားတော့တယ်။ ဆေးရုံမှာ အချိန်အတော်ကြာ ဆေးကုသနေရင်း သူ ငိုကြွေးနေရပြီ။ လက်ဖြောင့်သေနတ်သမား တစ်ယောက်ဖြစ်ချင်တဲ့ သူ့အတွက် သူ အားသန်ရာ ညာဖက်လက်ဆိုတာ သူ့အတွက် အသက်တမျှ တန်ဖိုးရှိပါတယ်။ သူ့အိပ်မက်တွေက လဲကျနေပြီ။ သူ အနှစ်နှစ်အလလ ကြိုးစားခဲ့တာတွေ... သူ့နိုင်ငံက လူတွေ သူ့အပေါ်မှာထားတဲ့ မျှော်လင့်ချက်တွေ၊ အထင်ကြီး လေးစားမှုတွေ...၊ ဘယ်လိုမှ သုံးစားမရတော့တဲ့ ညာဖက်လက်ကို ကြည့်ရင်း သူ ဘယ်လိုဖြစ်နေမလည်း။ သူဟာ အသုံးမ၀င်တဲ့လူ တစ်ယောက် ဖြစ်သွားပြီလား။ သူဟာ နိုင်ငံဂုဏ်ဆောင်သားကောင်းတစ်ယောက် မဟုတ်တော့ဘူးလား။ လူတွေရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးပစ်မိပြီလား။ သူ အိုလံပစ်ပြိုင်ပွဲကနေ ထွက်ရတော့မှာလား...။

၁၉၃၉ ခုနှစ်...။

ဟန်ဂေရီ အမျိုးသားပစ္စတို လက်ဖြောင့်ပြိုင်ပွဲမှာ သူ ပြန်ပေါ်လာခဲ့တယ်။ သူ့ အားကစားဖော်တွေက သူ့ကို လာပြီး နှုတ်ဆက်ကြတယ်။ သူတို့ထင်တာက Takacs တစ်ယောက် ပြိုင်ပွဲကို လာကြည့်တယ်ပေါ့၊ ဒါပေမယ့် သူတို့အထင်နဲ့အမြင် တက်တက်စင်အောင် လွဲခဲ့တယ်။ ဘယ်ဖက်လက် တစ်ဖက်တည်းနဲ့ သူဟာ အဲ့ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့တယ်။ "ဒီကို ကြည့်ဖို့လာတာ မဟုတ်ဘူး၊ ယှဉ်ပြိုင်ဖို့ လာခဲ့တာ" လို့ သူ ဆိုခဲ့တယ်။ သူ့ကို ကြည့်ရတာ ယုံကြည်ချက်အပြည့်၊ အောင်နိုင်သူတစ်ယောက်ရဲ့ ဟန်ပန်အပြည့်နဲ့။ နောက်တော့ အသက် ၃၈ ခုနှစ်မှာ ကမ္ဘာ့မှတ်တမ်း များစွာနဲ့ ရွှေတံဆိပ်ပိုင်ရှင် Takacs ၊ ၁၉၅၂ ခုနှစ် နောက်လေးနှစ်အကြာ ဟယ်ဆင်ကီအိုလံပစ်မှာ ရွှေတံဆိပ်ဆု ထပ်မံ ဆွတ်ခူးခဲ့တယ်။ နောက်တော့ သူဟာ ဆုတံဆိပ်ပေါင်းများစွာ၊ စံချိန်ပေါင်းများစွာ ချိုးဖျက်ခဲ့တယ်။ 

ဒီတော့ သူဟာ ဘယ်လိုကြောင့် ဟန်ဂေရီတွေရဲ့ အသည်းစွဲ ဖြစ်နေရတာလဲ။ ဟန်ဂေရီက လူတိုင်းက သူ့အကြောင်းကြားရင် ဘာကြောင့် တက်ကြွနေရတာလည်း။  အကြောင်းက သူဟာ သူ့ကိုယ်သူ မညှာတာခဲ့လို့ပါပဲ။ သူ့အနေနဲ့ ဆိုးရွားလှတဲ့ ကံတရားကို အပြစ်တင်ရင်း ဘ၀ကို သာမန်အတိုင်း သက်တောင့်သက်သာ ဖြတ်သန်းသွားလို့ရတယ်။ ဒါမှမဟုတ် ခုတစ်ကောင်လို ညည်းတွားစိတ်ပျက်နေရင်း ဘ၀ကို ရေစုန် မျှောလိုက်နိုင်တယ်။ 

အဲ့အစား Takacs က အပင်ပန်းဆုံး လမ်းကို ရွေးခဲ့တယ်။ သူ့အတွက် မရှိတော့တဲ့ အရာတစ်ခုက အခုလက်ရှိ သူ့ဘ၀ကို ဘယ်တော့မှ အလဲမထိုးစေရဘူး။ ဘ၀ဆိုတာ ခက်ခဲတယ်။ ဒါပေမယ့် ခက်ခဲတဲ့ ဘ၀ကြောင့်တော့ မလဲကျစေရဘူး။ ရှုံးနိမ့်ခြင်းအကြောင်းတရားဟာ ဘ၀ရဲ့ အဆင်မပြေမှုတွေ၊ အခြေအနေတွေကြောင့်တော့ မဖြစ်စေရဘူး။ ဒါဟာ အောင်မြင်သူတွေထားတဲ့ စိတ်ဓာတ်ပဲ။ ရည်မှန်းချက်ကြီးမားတဲ့ သူဟာ အချိန်မီ သူ့ကိုယ်သူ ပြန်လည် ပြင်ဆင်တယ်။ ဘယ်ဖက်လက်နဲ့ သေနတ်ပစ်ဖို့ ကြိုးစားလေ့ကျင့်တယ်။ အဆင်ပြေမယ့် အလုပ်ဖြစ်မယ့် လမ်းကြောင်းတွေ၊ နည်းပညာတွေကို အဆက်မပြတ် ရှာဖွေနေတယ်၊ သူများထက် ပိုပင်ပန်းတယ်၊ သူများထက် ပိုအောင်မြင်ချင်ရင် သူများထက် ပိုပင်ပန်းခံရတယ်။ ဒီလို စိတ်ဓာတ်တွေရှိတဲ့ Takacs တစ်ယောက်ဟာ အောင်မြင်မှုတွေ အလီလီ ဆွတ်ခူးနိုင်တာ အံ့သြစရာတော့ မဟုတ်ဘူး။ 

ဒီတော့ သူ့အကြောင်းကြားရင် ဟန်ဂေရီက လူတွေ စိတ်ဓာတ်တွေ တက်ကြွလာတာ အဆန်းတော့ မဟုတ်ပါဘူး၊ ဒီတော့ သူ့ကို ချစ်ကြတာ၊ လေးစားကြတာလည်းအဆန်းတော့ မဟုတ်ပါဘူး။ ဒီတော့ ဟန်ဂေရီရဲ့ သူရဲကောင်းဖြစ်နေတာလည်း အဆန်းတော့ မဟုတ်ဘူးပေါ့။

Ref : quora

Download Wun Zinn

0 comments:

Post a Comment