Monday, November 2, 2015

ရည်ရွယ်ချက်မဲ့ ပန်းတိုင်

ကားလမ်းနဘေးမှာ အိမ်ဆောက်ပြီးနေတဲ့ လယ်သမားတစ်ယောက်ဆီမှာ ဘာမြင်မြင် လိုက်ဟောင်တတ်တဲ့ ခွေးတစ်ကောင် ရှိတယ်။ အဲ့ ခွေးရဲ့အလုပ်က မနက်မိုးလင်းတာနဲ့ ကားလမ်းမပေါ်ထွက်၊ ပြီးတာနဲ့ လမ်းမပေါ်က လာသမျှ ကားတွေရဲ့နောက်ကို ပြေးပြီး လိုက်ဟောင်နေတာပဲတဲ့။ 

ဒီမြင်ကွင်းကို မြင်တဲ့ လယ်သမားကြီးရဲ့ အိမ်နီးနားချင်းက လယ်သမားကြီးကို မေးတယ်။
"ခင်ဗျားခွေး အခုလို လုပ်နေတာကို ခင်ဗျား မထိန်းဘူးလား.." တဲ့။
ဒီတော့ လယ်သမားက အိမ်နီးချင်းကို ပြန်ပြောလိုက်တယ်။
"ကျုပ်ကို အနှောင့်အယှက်ပေးနေတာ အဲ့ကိစ္စ မဟုတ်ဘူးဗျ၊ တကယ်တမ်း အနှောင့်အယှက်ပေးနေတာ ခု သူနောက်ကနေလိုက်နေတဲ့ ကားကို မှီသွားရင် အဲ့ခွေး ဘာလုပ်မလဲဆိုတာပဲ.."

တကယ်တော့ ဒီအဖြစ်အပျက်လေးက ယနေ့ခေတ် လူတော်တော်များများရဲ့ ဘ၀ကို သတိပေးပြီး လှောင်ပြောင်ထားတဲ့ ပုံပြင်လေးတစ်ခုပါပဲ။ ကျွန်တော်တို့ တော်တော်များများဟာ လက်တလော အဆင်မပြေမှုအရ၊ လိုအပ်ချက်အရ ကောင်းနိုးရာရာ အလုပ်တွေ၊ ကောင်းမယ်ထင်တာတွေ၊ တစ်နည်းအားဖြင့် ကားလမ်းမပေါ်က ဖြတ်ခနဲ ပေါ်လာတတ်တဲ့ အလုပ်နဲ့ တူတဲ့ ကားတွေနောက်ကို ရည်ရွယ်ချက်မဲ့ လိုက်နေမိကြတယ်လေ။ ကြည့်လိုက်ရင် ဟိုအလုပ်ကောင်းနိုး၊ ဒီအလုပ် ကောင်းနိုး၊ ဟိုအလုပ်လည်း လုပ်ချင်၊ ဒီအလုပ်လည်း လုပ်ချင်နဲ့ပေါ့။

ဒီတော့ တစ်ခုခုလုပ်မယ်လို့ စဉ်းစားမိရင် လယ်သမားမေးတဲ့ မေးခွန်းလေးကိုတော့ အရင် ဖြေကြည့်စေချင်ပါတယ် မိတ်ဆွေ။

Download Wun Zinn

0 comments:

Post a Comment