Monday, August 17, 2015

ချက်လက်မှတ်လေးတစ်စောင်


တစ်ခါတုန်းက ဒေ၀ါလီခံရခါနီး ကုမ္ပဏီတစ်ခုရဲ့ လုပ်ငန်းရှင် တစ်ယောက်ဟာ လက်ရှိဘ၀ကို စိတ်ပျက်လက်ပျက်နဲ့ တစ်ယောက်တည်း ပန်းခြံတစ်ခုရဲ့ ခုံတန်းလျားလေးမှာ လာထိုင်နေတယ်။

အကြွေးရှင်တွေရဲ့ အော်ဟစ်ဆဲဆိုသံတွေ၊ ငွေရလမ်းမမြင်နိုင်တော့တဲ့ သူ့ရဲ့ လက်ငင်း စီးပွားရေးအခြေအနေတွေကို တွေးရင်း စိတ်ပျက်အားလျော့နေတဲ့ သူ့အနားကို အဘိုးအိုတစ်ယောက် ရောက်လာခဲ့တယ်။

အဘိုးအိုက - "သားကို ကြည့်ရတာ စိတ်မချမ်းသာလိုက်တာ၊ အဘ ဘာများ ကူညီနိုင်မလဲ"

လုပ်ငန်းရှင်ရဲ့ ညည်းတွားငိုကြွေးသံတွေအဆုံးမှာ အဘိုးအိုက ပြုံးရင်း "ဒါများ အဘ ကူညီနိုင်ပါတယ်" လို့ပြောပြီး အဘိုးအိုဟာ ချက်စာရွက်တစ်ရွက်ကို ထုတ်လိုက်တယ်။ ပြီးတော့ လုပ်ငန်းရှင်ရဲ့ နာမည်ကို ရေးပြီးသူ့လက်ထဲကို ထည့်လိုက်ရင်း - "ဒီငွေတွေကို ယူသွားပါ၊ နောက်တစ်နှစ်တိတိပြည့်တဲ့နေ့မှာ ဒီနေရာမှာပဲ အဘကို လာတွေ့ပါ၊ အဲ့ဒီတော့မှ အကြွေးကို ပြန်ဆပ်ပါ" လို့ ပြောလိုက်တယ်။

နောက် အဘိုးအိုဟာ တိတ်တဆိတ်ပဲ သူလာရာလမ်းအတိုင်း ပြန်ထွက်သွားတယ်။ အံ့သြ၀မ်းသာသွားတဲ့ လုပ်ငန်းရှင်ဟာ ချက်လက်မှတ်ကို ကြည့်လိုက်တယ်ဆိုရင်ပဲ သိန်းပေါင်းများစွာတန် ချက်လက်မှတ်ဖြစ်နေပြီး လက်မှတ်ပိုင်ရှင်နေရာမှာ ဦးဘောဂ ဆိုတဲ့ အောင်မြင်ကျော်ကြားနေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ယောက်ရဲ့ နာမည်ဖြစ်နေတာကို တွေ့လိုက်ရတယ်။

"ငါ့ ပြဿနာတွေတော့ ပြေလည်ပြီကွ" လို့ လုပ်ငန်းရှင်ဟာ ၀မ်းသာအားရ ဖြစ်သွားတယ်။ ချက်လက်မှတ်ကို သူ့ရဲ့ လက်ဆွဲအိတ်ထဲ ထည့်လိုက်ရင်း လုံခြုံအောင် သိမ်းလိုက်တယ်။

များပြားလှတဲ့ ငွေပမာဏ ရှိသွားပြီဖြစ်တဲ့သူဟာ အားသစ်အင်သစ်တွေနဲ့ အကြွေးရှင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆီကို ပြန်ပြေးသွားရင်း ချက်လက်မှတ်ကို ပြကာ သူ့ကို အချိန် တစ်နှစ်တိတိ ထပ်စောင့်ဆိုင်းပေးစေလိုကြောင်း၊ ပိုက်ဆံများအတွက် သူ့တွင် ချက်လက်မှတ်ရှိ၍ ပူစရာမလိုကြောင်း စသည်ဖြင့် ပြောဆိုကာ သူ့ရဲ့ ကျဆုံးနေတဲ့ အလုပ်တွေကို ပြန်လုပ်ကိုင်တယ်။ လုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့လည်း ဦးဘောဂရဲ့ ချက်လက်မှတ်ကို မြင်လိုက်တော့သူ့ကို အခြေအနေတစ်ခုထိ စောင့်ကြည့်ဖို့ သဘောတူလိုက်ကြတယ်။

လုပ်ငန်းရှင်လေးဟာ အဲဒီနေ့ကစလို့ အလုပ်ကို ကြိုးစားပမ်းစားလုပ်တယ်။ တဖြည်းဖြည်းနဲ့ သူ့လုပ်ငန်းတွေဟာ ပြန်လည်လည်ပတ်လာနိုင်ပြီး အကြွေးရှင်တွေရဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်ရုံမက အမြတ်အစွန်းတချို့ကိုပါ ရရှိလာခဲ့တယ်။

ဒါနဲ့ တစ်နှစ်ပြည့်တဲ့နေ့မှာပဲ အဘိုးအိုရဲ့ စကားအတိုင်း ပန်းခြံလေးရဲ့ ခုံတန်းလျားလေးပေါ်ကို သူ လာခဲ့တယ်။ အဘိုးအိုဟာလည်း သူ့စကားအတိုင်း တစ်နှစ်ပြည့်တဲ့နေ့မှာ သူ့ထိုင်ခုံကို လာထိုင်တယ်။ နောက် သူဟာ သူ့လက်ဆွဲအိတ်ထဲမှာ ခုချိန်ထိ ခြေရာလက်ရာမပျက် ရှိနေသေးတဲ့ အဘိုးအိုပေးလိုက်တဲ့ ချက်လက်မှတ်ကို ပြန်ပေးလိုက်တယ်။

ပြီးတော့ သူ့ရဲ့ နောက်ပိုင်း ကြုံတွေ့ရတဲ့ အခြေအနေတွေကို အဘိုးအိုကို ပြောပြနေတယ်။ အဲ့ဒီအချိန်မှာ ရုတ်တရက် သူနာပြု မိန်းမပျိုတစ်ယောက် ရောက်လာပြီး အဘိုးအိုကို ပြေးဖက်ကာ လုပ်ငန်းရှင်လေးကို ပြောလိုက်တယ်။

"ဒီလူကြီးပြောတာတွေ မယုံနဲ့နော်၊ သူက သူ့ကိုယ်သူ လူသိများတဲ့ သူဌေးကြီး ဦးဘောဂလို့ တွေ့တဲ့လူတိုင်းကို ပြောပြီး ချက်လက်မှတ်တွေ လိုက်ပေးနေတာ၊ သူက စိတ်မနှံ့ရှာဘူး" လို့ ပြောရင်း အဘိုးအိုကို ဆွဲခေါ်ရင်း ထွက်သွားတယ်။

အံ့သြလွန်းလို့ ကြက်သေသေနေတဲ့ လုပ်ငန်းရှင်လေးဟာ ရုတ်တရက် ကြောင်ကြည့်နေမိတယ်။ လွန်ခဲ့တဲ့တစ်နှစ်လုံး သူ့အိတ်ကပ်ထဲမှာ အချမ်းသာဆုံး သူဌေးကြီးတစ်ဦးရဲ့ သိန်းပေါင်းများစွာတန် ချက်လက်မှတ်တစ်စောင် ရှိတယ်ဆိုပြီး သူဟာ လုပ်ငန်းရှင်ပေါင်းများစွာနဲ့ ပြောဆို ဆက်ဆံ၊ ရောင်းဝယ်ဖောက်ကားနေမိခဲ့တယ်။ ငါ့မှာ သိန်းပေါင်းများစွာတန် ချက်လက်မှတ်ရှိတော့ ငါ လုပ်ကိုင်နိုင်တာတွေ အများကြီးရှိတယ်ဆိုပြီး နောက်ခံ ချက်လက်မှတ်ကို  ယုံကြည်မှုနဲ့ ရူးရူးမိုက်မိုက် အလုပ်တွေကို လုပ်ကိုင်နေခဲ့ရင်း သူဟာ တစ်ဖန် ပြန်လည်အောင်မြင်လာခဲ့တယ်။

ရုတ်တရက်ဆိုသလို သူ့ဘ၀ကို ယခုလို တစ်ဖန်အောင်မြင်အောင် ပြုလုပ်နိုင်တဲ့အရာကို သူ မြင်လာခဲ့တယ်။ ဒါဟာ ချက်လက်မှတ်ထဲက ငွေကြေးတွေကြောင့်လား၊ မဟုတ်ဘူး။ ဒါဟာ ငါ လုပ်ရင် ဖြစ်တယ်ဆိုတဲ့ အပူအပင်ကင်းကင်းနဲ့၊ ဖြစ်ပေါ်လာတဲ့ မိမိရဲ့ ယုံကြည်မှုကြောင့် ဖြစ်တယ်ဆိုတာပဲ။

Ref : A.Bhatia ၏ ၀တ္ထုတိုလေးကို ဘာသာပြန်ဆိုပါသည်။

Download Wun Zinn

0 comments:

Post a Comment