Thursday, June 18, 2015

တက္ကသိုလ်ကို ရောက်ခဲ့ရင် ...


ညီ/ညီမတို့ရေ ....
တကယ်လို့ မင်းတို့သာ တက္ကသိုလ်ကို ရောက်ခဲ့ရင်...
တက္ကသိုလ်ဆိုတာ ကျောင်းသားဘ၀ရဲ့ ဖြစ်တည်မှု၊ ဖြတ်သန်းမှုတွေကို ဘ၀တစ်လျှောက်လုံးမှာ သတိရလွမ်းဆွတ်စရာ အကောင်းဆုံး၊ မေ့ပျောက်ဖို့ မဖြစ်နိုင်ဆုံး၊ လွတ်လပ်မှုနှင့် လွတ်လပ်စွာ ရွေးချယ်ခွင့်မှုတို့ကို  မွေးထုတ်ပေးခဲ့တဲ့ နေရာလေးတစ်ခုပါလို့ မှာပါရစေ...

တက္ကသိုလ်ကျောင်းသားဘ၀မှာ ကြိုက်သလို နေနိုင်တယ်၊ ကြိုက်တဲ့အချိန် ထနိုင်တယ်။ အိပ်ချင်တဲ့အချိန်မှာ အိပ်၊ ထချင်တဲ့အချိန်မှာ ထနိုင်တယ်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ဝေဆာနေတဲ့ နံနက်ခင်းတိုင်းမှာ မင်း ကြိုက်ရာ  မင်းလုပ်ခွင့်ရှိသလို ကျောင်းစည်းကမ်း၊ အဆောင်စည်းကမ်းတွေနဲ့ မကိုက်ညီခဲ့ရင်တော့ ပေးအပ်မယ့် အပြစ်ဒဏ်ကိုလည်း ရဲရဲကြီးခံရဲဖို့ လိုသေးတယ်။

ညီ/ညီမလေးတို့ရေ...တကယ်တော့
တက္ကသိုလ်ဟာ မင်းရဲ့ ဆုံးဖြတ်ချက်တွေကို စမ်းသပ်မယ့် နေရာတစ်ခုလည်း ဖြစ်တယ်။ အရာရာဟာ ကိုယ့်သဘောကျ ဆုံးဖြတ်နိုင်တယ်၊ ပြောနိုင်တယ် ... အဲ့ဒီအတွက် တာဝန်ယူမှုဆိုတာကို သင်ယူနိုင်လိမ့်မယ်။ အဲ့ဒါဟာ တက္ကသိုလ်ရဲ့ ယဉ်ကျေးမှု တစ်ရပ်ပဲ မဟုတ်လား။

ညီ/ညီမလေးတွေရေ....
တက္ကသိုလ်ဆိုတာ အပေါင်းအသင်း စုံတယ်၊ ဘုရားသမားရှိသလို၊ ဖဲသမားလည်း ရှိတယ်။ ကိုယ်ကြိုက်တဲ့ မိတ်ဆွေအပေါင်းအသင်းကိုလည်း ကိုယ့်စိတ်ကြိုက် ရွေးချယ် ပေါင်းသင်းနိုင်တယ်။ ကိုယ့်စရိုက်နဲ့ကိုက်တဲ့သူကို ပေါင်းသင်းနိုင်တယ်။ စရိုက်မတူလို့၊ ပုံစံမတူလို့လည်း စိတ်မပူပါနဲ့၊ အမိတက္ကသိုလ်ကြီးဟာ မင်းတို့အားလုံးကို တစ်ဦးကိုတစ်ဦး နားလည်ခြင်း၊ ခွင့်လွှတ်စာနာခြင်း စတဲ့ ယဉ်ကျေးမှုတွေနဲ့ ဖွဲ့တည်နေတဲ့၊ ဆင်ခြင်တုံ တရားတွေနဲ့ ထုံးမွမ်းထားစေတဲ့ တစ်ခုတည်းသော လူငယ်/လူရွယ်တို့ရဲ့ အေးချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရာ နယ်နမိတ်လည်း ဖြစ်ပါတယ်။ ၀ါသနာမတူလို့လည်း ပြဿနာမဖြစ်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မနာလိုမဖြစ်၊ ၀ါသနာ တူလို့လည်း မညီမညွတ်မဖြစ်၊ နားလည်မှုတွေနဲ့သာ တည်ဆောက်ထားတဲ့  အမိတက္ကသိုလ်ကြီးရဲ့ ယဉ်ကျေးမှုကို အဲ့အခါ မင်းတို့ မြင်တွေ့ရလိမ့်မယ်။

ညီ/ညီမလေးတို့ရေ...
တက္ကသိုလ်ဆိုတာ ဘ၀တစ်ဆစ်ချိုးမှာ ရပ်နားရတဲ့ တို့အားလုံးရဲ့ အေးချမ်းတဲ့ အရိပ်လေးတစ်ခုပေါ့ကွယ်။ ဒီအရိပ်လေးမှာ တစ်ချို့ကလည်း အချိန်ကာလ ကြာရှည်စွာ ပျော်မွေ့လို့၊ တစ်ချို့ကလည်း သူတို့ သွားလိုရာ၊ သွားရမည့်နေရာ ကို သွားဖို့ ပြင်ဆင်လို့နေတာကို တွေ့ရလိမ့်မယ်။ ဒီအရိပ်လေးမှာ ခိုလှုံခိုက် မင်းဟာ ကိုယ့်ဘ၀အတွက် လိုအပ်တဲ့၊ ရှေ့ဆက်လျှောက်ရမယ့် ဘ၀ခရီးလမ်း အတွက် ပြင်ဆင်ဖို့လည်း ဂရုစိုက်ပါကွယ်လို့ မှာကြားလိုက်ပါစေ....

Photo Credit : Original Uploader

Download Wun Zinn

0 comments:

Post a Comment