Tuesday, March 24, 2015

သင်နှင့်တကွ အပေါင်းပါများ သိသာရန်


နေနော်

၁။
“ဘယ်လိုလဲ၊ နေကောင်းတယ် မဟုတ်လား။မင်းရည်းစားကောင်လေးနဲ့ကော မကြာခဏ စိတ်ကောက်ကြတုန်းပဲလား”
အဲဒီလို စကား စလိုက်တယ်ဆိုရင်ပဲ သူ့မျက်ခုံးတွေ ဆက်ခနဲတွန့်ကွေး သွားကြပြီး မလိုအပ်ဘဲ အသံကျယ်ကျယ်နဲ့ ဟက်ခနဲ ရယ်ချလိုက်တယ်။ ပြီး တော့ ကျွန်တော့်လက်မောင်းကို လှမ်းရိုက်ရင်း
“ရှင်ဟာလေ အရင်အတိုင်းပဲ” တဲ့။

ဒါပဲပေါ့။

ဒါဇင်ဝက်သာသာ နှစ်သက်္ကရာဇ်တွေက လူတစ်ယောက်ကို ထူးထူးခြားခြား ဘယ်လောက်များပြောင်း လဲသွားစေမှာမိုလို့လဲ။ သူတောင်မှ ခန္ဓာကိုယ်မှာ အဆီတွေ နည်းနည်းတိုးပြီး ခေါင်းပေါ်က ဆံပင်တွေ နည်းနည်း တိုသွားတာကလွဲရင် လေယူလေသိမ်းနဲ့ ဟန်ပန်အမူအရာက အရင်အတိုင်းပဲမဟုတ်လား။

သူဟာ ကျွန်တော့်အတွက် စိတ်ဝင်တစား လှန်ကြည့်ချင်စရာ ကောင်းပေမယ့် ဘယ်တုန်းကမှ အပိုင်ဝယ်သိမ်းချင်စရာ ကောင်းလောက်အောင် မစွဲဆောင် နိုင်ခဲ့တဲ့ (စာအုပ်တစ်အုပ်နဲ့တူတဲ့)မိန်းမပါ။ ဟင့်အင်း မဟုတ်သေးဘူး။ ကျွန်တော်ကိုယ်တိုင်က ၀ယ်မသိမ်းချင်ခဲ့တာပါ။ ဒီလိုစာအုပ်မျိုးဟာ ဧည့်ခန်းမှာ တကူးတက နေရာပေး စင်ရိုက်ပြီးတင်ထားရမယ့်စာအုပ်မျိုးလို့ သတ်မှတ်ခဲ့မိတာ မဟုတ်လား။

“ယူအက်စ် ရောက်တုန်းက လီဗိုင်းဘောင်းဘီတွေတွေ့တော့ ရှင့်ကို သတိရသေးတယ်။ ရှင် ဂျင်းဘောင်း ဘီတွေ ၀တ်တုန်းပဲလား”

“စွဲစွဲမြဲမြဲပေါ့။ စိတ်အလိုမကျတဲ့အခါ ကောင်မလေးတွေရဲ့မျက်နှာကို စီးကရက်မီးခိုးနဲ့ မှုတ်ထုတ်တဲ့ အကျင့်ကိုလည်း ပြင်လို့မရသေးဘူးလေ”

“ယုံပါတယ်၊ ဒါနဲ့ ရှင့်အကြေကောက်ကလေးနဲ့ကော အဆင်ပြေရဲ့လား”

“ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာပါပဲ။ ကိုယ့်သားတောင် ဒုတိယတန်း ရောက်
ပြီလေ”
“အို ...”

ကျွန်တော် သိတာပေါ့။
ပျက်ယွင်းသွားတဲ့ သူ့မျက်နှာက တစ်ခုခုကို ရှုံးနိမ့်သွားသလိုမျိုး၊ တစ်စုံတစ်ရာအတွက် မနာလိုဖြစ် သွားသလိုမျိုး ခံစားသွားရတယ်ဆိုတာ။ မတွေ့တာ ကြာလို့ လက်ရည်တက်လာမလားမှတ်ပါတယ်။ သူ ဘာမှ မတိုးတက်သေးပါလား။ ပါမောက္ခတစ်ယောက် အရှုံးပေးရလောက်မယ့် အသိပညာတွေ
နောက်ကို တကောက်ကောက်လိုက်ခဲ့ပေမယ့် စိတ်ခံစားမှုကတော့ တက္ကသိုလ်ကျောင်းသူအဆင့်မှာပဲ ရှိနေပါသေးလား။ ပြောတော့ဖြင့် ရှေ့က ဦးဆောင်ချင်သတဲ့။

ခေါင်းဆောင်မှုပေးမယ့် မိန်းမကခံစားမှုကျ အလယ်တန်းတောင်မအောင်သေး ပါလား။ သူ ဘာဖြစ်လို့ ခုလို ဖြစ်နေရတာလဲ။ ကျွန်တော်သိတာပေါ့။ အဲဒီအကြောင်းတွေပြောချင်လို့ ဒီဝတ္တုကို ခုလို ဇာတ်ဝင်ခန်းမျိုးနဲ့ စဖွင့်လိုက်တာပါ။ အချိန်ကာလတွေကို အခွေတစ်ခွေ နောက်ပြန်ရစ်သလိုရစ်လို့ ရမယ်ဆိုရင် လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်စုစာကာလတွေကို မြင်ယောင်ကြည့်လိုက်ပါ။ အဲဒီတုန်းက ကျွန်တော်တို့ နှစ်ယောက် စတွေ့ခဲ့ ကြတာပေါ့။

၂။
လောကမှာ တွဲမစားကောင်းတဲ့အရာတွေရှိသလို အတူတကွ ယှဉ်တွဲ မထားကောင်းတဲ့ အရာတွေလည်း ရှိတယ်ဆိုရင် သူနဲ့ ကျွန်တော် ရှေ့ဆုံးက ပါပါလိမ့်မယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ ၀ါဒရေးရာမှာတော့ သုံးနဲ့လေးပါပဲ။ ဒါနဲ့တောင် ကမ်္ဘာလောကကြီးရဲ့ ထောင့်ကျဉ်းလေးတစ်ထောင့်မှာ လာရောက်တွေ့ဆုံ စေခဲ့တဲ့ ကံကြမ်္မာရဲ့ မခိုးမခန့်နိုင်မှုကို ကျွန်တော်ကတော့ တအံ့တသြ ရယ်မောခဲ့မိပါရဲ့။

ပညာကို ငန်းငန်းတက်ကိုးကွယ်ပြီး မာနတွေကို ဟိုး ကောင်းကင်ထက်မှာ ချိတ်ထားချင်တဲ့ မိန်းမတစ်ယောက်နဲ့မှ ကျွန်တော့်ဖူးစာကလည်းတိုက် တိုက်ဆိုင်ဆိုင်လာဆုံရတယ်လို့။ သူဟာ လူတွေအားလုံး ပညာတတ် မဖြစ် တာကို မချင့်မရဲ ဖြစ်နေတတ်သလို လူငယ်တွေလက်ဖက်ရည်ဆိုင်ထိုင် တာကိုလည်း အလဟဿ အချိန်ဖြုန်းမှုတစ်ခုလို့ ယူဆနေတတ်သူပါ။ ကျွန်တော့်ကိုလည်း ပညာရပ် ဆိုင်ရာစာအုပ်တွေကို ၀ါးစားသလို ဖတ်ခိုင်း တော့တာပဲ။ သူနဲ့ မတည့်တဲ့ထဲမှာ အဲဒီကိစ်္စတွေလည်း ရှေ့ဆုံးကပါပါတယ်။

“ဟေ့ မေးနေတယ်လေ ကျွန်မပေးထားတဲ့ စာအုပ်ဖတ်ပြီးသွားပြီလား”
“ဖတ်နေပါတယ်၊ အချိန်တန်တော့ ပြီးသွားမှာပေါ့”
“အခု ဘယ်အခန်း ရောက်ပြီလဲ”
“ချာပတာဝမ်း”
“ဘုရားရေ ဒီလောက် ရက်တွေကြာနေတာတောင် အခန်းတစ်က မတက်သေးဘူးလား၊ တစ်နေ့ကို နှစ်ခန်း သုံးခန်းကျအောင်တော့ ဖတ်မှပေါ့ရှင်၊ ဒီပုံနဲ့သာဆို ၀တ်မှုန်မျိုးပွားမှုပညာအကြောင်း ရှင် ဘယ်တော့ နားလည်မှာလဲ”
“အချိန်တန်တော့ သူ့အလိုလို ဖြစ်သွားမှာပေါ့ အမျိုးသမီးရဲ့၊ ဘာဖြစ်လို့ ဒီ
လောက်တောင် လောနေရတာလဲ၊ ဘာလဲ ကမ္ဘာကြီးက မနက်ဖြန် ပျက်တော့မှာတဲ့လား၊ ပြီးတော့ အဲ့ဒီပညာရပ်တွေကို နားမလည်တော့ကော လောကကြီးမှာ နေလို့မရတော့ဘူးတဲ့လား”

“ဟယ် ရိုင်းလိုက်တာ”

အဲဒါပါပဲ။
အဲဒီမှာ စတွေ့တာပါပဲ။
သူက ပညာတတ် စကားပြောလေ ကျွန်တော်က ရွဲ့လေနဲ့ မုန့်လုံးစက္ကူကပ် ကြတော့တာပဲ။ သူကဂျာမန်စကားပြောတက်ကြဖို့ အဖော်စပ်တယ်။ ကျွန်တော်က အဘိဓမ္မာသင်တန်းမှာ နှစ်ယောက်စာ စာရင်းပေးတယ်၊ သူက ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းပြောတယ်၊ ကျွန်တော်က တစ်ခါသုံးတူ လုပ်တဲ့ စက်အကြောင်းရှင်းပြတယ်။ အဲဒီတော့ ရှင်ဟာတော်လှန်ပုန်ကန် ချင်စိတ် အပြည့်ရှိတဲ့ ဘိုဟီးမီးယန်းလို့ သူ ကျွန်တော့်ကို စွပ်စွဲတော့တာပဲ။

ကျွန်တော်ဟာပညာတတ်ဆန့်ကျင်ရေးသမားမဟုတ်ပဲ ပညာကို မြတ်နိုးသူဖြစ်ပေမယ့် လိုအပ်တာထက် ရှေ့တန်းတင်လွန်းတာကိုသာ ယားကျိကျိ ဖြစ်တတ်သူပါ။ ကမ္ဘာကြီးလည်ပတ်နေတာဟာ အသိပညာအတတ်ပညာ တွေကြောင့် မဟုတ်ပါဘူးလို့ ကျွန်တော်ပြောတော့ သူက ဒါဆိုရင် ဘာကြောင့်လဲလို့ မေးတယ်။

“သဘာဝတရားကြောင့်ပေါ့၊ ပညာတွေ မိုးပျံအောင်တတ်ပါစေ၊ သဘာဝတရားကိုတော့ ဘယ်သူမှ ကျော်လွှားလို့ မရဘူး၊ သဘာဝရဲ့ အကန့်အသတ် ထဲမှာသာ ရှင်သန်ကြရတာ။ လူဆိုတာ အချိန်တန် အရွယ်ရောက်ရင် ရည်းစားထားမယ်၊ အိမ်ထောင်ပြုမယ်၊ မျိုးဆက်ပြန့်ပွားမယ်၊ အဲဒီအတွက် ဘယ်သူမှကိန်းဘရစ်က ဘွဲ့တစ်ခုရစရာ မလိုဘူး။ ဘာသာစကားလေးမျိုး တတ်စရာမလိုဘူး၊ ၀တ်မှုန်မျိုးပွားပညာကို နားလည်စရာ မလိုဘူး”

“ဒါပေမဲ့ ဘ၀ဆိုတာ အိမ်ထောင်သားမွေးကိစ္စနဲ့တင် ပြီးတာ မဟုတ်ဘူးလေ၊ လောကကြီး တိုးတက်ရာ တိုးတက်ကြောင်းအတွက် တခြားကိစ္စတွေ လုပ်စရာ ရှိသေးတယ်။ အဲဒီအတွက် လူတိုင်း ပညာ မတတ်သင့်ဘူးလား”

“တတ်သင့်တာပေါ့၊ တတ်ရင် ကောင်းတာပေါ့၊ ဒါပေမဲ့ လူတွေအားလုံး တစ်တန်းတစ်စားတည်း ပညာတတ်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ လူတွေကို တန်းတူညီဖို့ဆိုတာမျိုး မတွေးသင့်ဘူး၊ အထူးသဖြင့် မင်းလို ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးက ပိုပြီး မတွေးသင့်ဘူး၊ အဲဒီအတွေးမျိုး လီနင်လည်း တွေးဖူးတယ်၊ စတာလင်လည်း တွေးဖူးတယ်၊ ဒါပေမဲ့ မဖြစ်နိုင်ဘူး”

သူက တန်းညှိလို့ မရတောင် လူတိုင်းပညာတတ်ဖြစ်အောင် လေ့ကျင့်သင်ကြားလို့ရတယ်လို့ ယုံကြည်နေပြန်တယ်။ သူ အဲလိုယုံတာကို အပြစ်တော့မဆိုသာဘူး၊ ဘာလို့ဆို ကျွန်တော်နဲ့ တွေ့တဲ့အချိန်မျိုးတွေမှာတောင် အိတ်ဆောင် အဘိဓာန်ကိုယူလာပြီး စကားလုံး ဆယ်လုံးရအောင် ကျက်နေ တတ်လို့ပါ။ ဒါပေမဲ့ ပါရမီ မပါရင် တစ်နေ့ကို နာရီနှစ်ဆယ် လေ့ကျင့်သင်ကြားပါစေ။ အိုင်းစတိုင်း မဖြစ်နိုင်သလို တိုက်ဂါးဝုဒ်နဲ့ ဒေးဗစ်ဘက်ဟမ်း လည်း မဖြစ်နိုင်ပါဘူး။ ပြီးတော့ အိမ်ထောင်ရေးဆိုတာ ပါလီမန်အမတ် ရွေးတာမဟုတ်သလို တက္ကသိုလ်ဂုဏ်ထူးဆောင် နာယကခန့်ထားတာလည်း မဟုတ်တဲ့အတွက် ဘွဲ့တွေတစ်ဒါဇင်လောက်ရလည်း အိမ်ထောင်ရေးသာယာမယ်လို့ အာမ မခံနိုင်ကြောင်း ကျွန်တော် ရှင်းပြတော့ သူက ခပ်ဟဟ ရယ်ပါတယ်။

“ဘယ်သူက အိမ်ထောင်ရေးအကြောင်းကို ပြောနေလို့လဲ”
“မင်း အိမ်ထောင် မပြုတော့ဘူးလား”
“ကျွန်မ စဉ်းစားဦးမယ်”
သူက အနိုင်ပိုင်းလိုက်နိုင်သူတစ်ယောက်လို တစ်ဝိုင်းလုံး ဆွဲစားလိုက်
နိုင်သူတစ်ယောက်လို ပမာမခန့်ပြုံးပါတယ်။ ဒါပေမဲ့ သူမနိုင်ပါဘူး။ သူ ဒီလိုရိုက်ချလိမ့်မယ်ဆိုတာကို ကျွန်တော် ကြိုမျှော်လင့်ထားမိလို့ပါ။

“အချိန်ကုန်ခံပြီး စဉ်းစားမနေပါနဲ့၊ မင်း အိမ်ထောင်မပြုရဲပါဘူး၊ အဲဒါကို ကိုယ့်ရဲ့တစ်နှစ်စာ လုပ်ခနဲ့ပုံလောင်း ရဲတယ်၊ မင်း ဘယ်တော့မှ အိမ်ထောင်ပြုဖြစ်မှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲ သိလား၊ မင်း ကြောက်နေလို့ပေါ့၊ အဘက်ဘက်က အောင်မြင်နေတဲ့ မိန်းမတစ်ယောက်ဟာ အိမ်ထောင်ရေးကျမှ အဖျားရှုးပြီး ကျဆုံးသွားမှာ စိုးလို့ပေါ့။ အဲဒီစွန့်စားမှု (ရစ်-စ်ခ်)ကို မင်းဘယ်တော့မှယူရဲမှာ မဟုတ်ဘူး၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ မင်းဟာ အများသူငါလို ကိုယ့်အိုးကိုယ့်အိမ် ကိုယ့်မိသားစုနဲ့ နေချင်တဲ့စိတ်နဲ့ တစ်သက်လုံး ကျိန်စာမိသွားရလိမ့်မယ်။ ကိုယ်ပြောတာ ယုံ”

သူဟာ မျက်နှာတစ်ခုလုံး နီရဲသွားပြီး ခပ်တိုးတိုး ကျိန်ဆဲလိုက်တယ်။
ပြီးမှ ကမန်းကတန်း မေးပါတယ်။ ရှင် ဘာဖြစ်လို့ အဲဒီလောက် သေချာနေရ
တာလဲ တဲ့။
ကျွန်တော် ရိုးရိုးလေး ဖြေလိုက်တယ်။

“ကိုယ်ဟာ မင်းရဲ့စိတ်ကို ဖတ်နိုင်နေလို့ပေါ့။ မင်းဘာသာ ဘွဲ့တွေ ဘယ်လောက် ယူထား ယူထား ကိုယ်ဟာ သဘာဝအတန်းပညာမှာ အမြဲတမ်း မင်းထက် တစ်တန်းကြီးတယ်။ အဲဒါကိုတော့ မယုံမရှိနဲ့”

အဲဒီနောက်ပိုင်း ကျွန်တော်တို့နှစ်ယောက်ဟာတဖြည်းဖြည်း အတွေ့ကျဲသွားကြသလို အသည်းတွေလည်း ပိုမာခဲ့ကြတယ်။ သူက သင်တန်းတွေတစ်ခုပြီးတစ်ခု တက်ပြီး ကျွန်တော်ကတော့ ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက် တွဲဖြစ်ခဲ့တယ်။ ကျွန်တော့်ဘေးမှာ ကျွန်တော့်ရဲ့ စီးကရက်ငွေ့ရှုခွင့်ရတဲ့သူတွေထဲမှာ သူ့လိုပညာတတ်မိန်းမ တစ်ယောက်မှ မပါစေခဲ့ဘူး။ တော်ရုံတန်ရုံဘွဲ့တစ်ဘွဲ့ဆို တော်ရောပေါ့။ မလိုအပ်ဘဲ အမြီးတွေ ရှည်စရာမလိုပါဘူး။

ကျွန်တော့်အမြင်တော့ ထက်မြက်ပြီး ပညာတတ်လွန်းတဲ့ မိန်းမတွေဟာ တံခါးခြောက်ပေါက် ကားကြီးတွေလိုပဲ။ တီဗွီပါတယ်၊ ရေခဲသေတ္တာပါတယ်၊ အစည်းအဝေးတောင်ကျင်းပလို့ရတယ်ဆိုတဲ့ ကာဒီလက်ကားကြီးတွေလို မျိုးပေါ့။ အပိုဆာဒါးတွေနဲ့ မလိုအပ်ဘဲလေးလံနေတယ်လို့ ကျွန်တော်တော့ထင်တာပဲ၊ ကားတစ်စီးဟာ ပေါ့ပေါ့ပါးပါး မောင်းနှင်လို့ရမယ်၊ သက်သောင့် သက်သာစီးနင်းလို့ရမယ်ဆို တော်ပြီပေါ့၊ ဘာလို့ အကျယ်ချဲ့နေမှာလဲ။

တစ်ခုတော့ ရှိတာပေါ့။ သူဟာကိုဖီအာနန်တို့ ဘန်ကီမွန်းတို့ရဲ့ နေရာကို ချိန်ရွယ်နေတယ်ဆိုရင်လည်း ဘွဲ့တွေ တစ်ခုပြီးတစ်ခု ထပ်ယူပါစေပေါ့။

ကျွန်တော်ကတော့ကျွန်တော့်အပေါ်နားလည်တဲ့ ကောင်မလေးကိုပဲ လက်ထပ်
ယူခဲ့ပါတယ်။ ကျွန်တော်တို့ လက်ထပ်ပွဲကို သူ ရောက်မလာပါဘူး။ သူ Phd ရတဲ့ ဂုဏ်ပြုဧည့်ခံပွဲကိုလည်း ကျွန်တော် မသွားရောက်ဖြစ်ခဲ့ဘူး။

နှစ်တွေ တစ်နံတစ်လျား မဟုတ်ပေမယ့် ကျွန်တော့် ဒိုင်ယာရီမှတ်တမ်း ခုနှစ်အုပ်လောက်မှာ သူပါဝင်ခွင့်မရဘဲ ခုမှ တိုက်တိုက်ဆိုင်ဆိုင် လာရောက် ဆုံစည်းကြတာပါ။ သူ့ခန္ဓာကိုယ်မှာ အသားတွေ နည်းနည်းတိုးပြီး သူ့မျက်နှာမှာ ရင့်ကျက်မှုတွေ ပိုပြီး ပြည့်စုံလာပေမယ့် ကျွန်တော်သိတဲ့ သူဟာ ထူးထူး
ခြားခြား မပြောင်းလဲသေးပါဘူး။ အရင်ကလိုပဲ ဆံပင်တိုတိုနဲ့ သွက်လက်ပေါ့ပါးပြီး ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိပုံ အပြည့်နဲ့ပေါ့။

ပြောရရင် ကာဒီလက် ဆိုတဲ့ အမှတ်တံဆိပ်ကို အဝေးကတောင် ထင်းခနဲမြင်နိုင်ပါတယ်ဆိုတဲ့ ဟန်ပန်နဲ့ပါ။ သူ့ကို စာအုပ်တစ်အုပ်လို သဘော ထားခဲ့တဲ့ ကျွန်တော်ဟာ အဆုံးထိဖတ်ဖို့ စိုးရွံ့ခဲ့တာများလားလို့တောင် ကိုယ့်ကိုယ်ကိုယ် ဇဝေဇ၀ါ ဖြစ်လာစေခဲ့ပါသေးတယ်။
၃။
“စီးကရက်ကို ဟိုဘက် လှည့်သောက်စမ်းပါ။ ဖြစ်နိုင်ရင် မသောက်ဘဲ မီးသတ် လိုက်တော့၊ ဒါနဲ့ ပြောစမ်းပါဦး ရှင့်သားက ရှင်နဲ့ တူရဲ့လား”
"အင်း same chip ပေါ့။ တစ်ပုံတည်းပဲ”
“ဒါဆို ကျွန်မ ဗေဒင်ဟောလိုက်မယ်၊ ရှင့်လိုပဲ သူပုန်စိတ်အပြည့်နဲ့ ဂျစ်
ကန်ကန်လေး ဖြစ်ရမယ်၊ ဘယ့်နှယ်လဲ”
“အင်း ဖြစ်နိုင်ပါတယ်”
“ဒါနဲ့ ရှင် ကျွန်မကို စကားကြွေးဆပ်စရာ တစ်ခုရှိသေးတယ်နော်၊ ရှင်ဟာ သဘာဝ အတန်းပညာမှာ ကျွန်မထက် အမြဲ တစ်တန်းကြီးခဲ့တယ် ဆိုတာလေ၊ အဲဒါကို ရှင်းစမ်းပါဦး”

သူ မမေ့သေးပါလား။
ဒါမှမဟုတ် ခုမှ ကောက်ကာငင်ကာ သတိရသွားရတာများလား။ ဆိုပါစို့ ကျွန်တော့်မှာ သားလေးတစ်ယောက် ရှိတယ်ဆိုတာကို သိသွားပြီး မခံချင်ဖြစ်ရင်းနဲ့ ဖြစ်ဖြစ်ပေါ့။ ဘာကြောင့်ပဲ ဖြစ်ဖြစ်အဲဒီမေးခွန်းကို မေးလာဖော်ရတဲ့အတွက်တော့ ကျွန်တော် ၀မ်းသာရပါတယ်။

“ကိုယ် ပြောခဲ့ဖူးသလိုပါပဲ။ လူဆိုတာ သဘာဝနဲ့အတူ လိုက်လံကြီး ပြင်းရတယ်။ ကျောင်းပြေးသင့်တဲ့ အရွယ်မှာ ကျောင်းပြေးပြီး အလုပ်လုပ်သင့်တဲ့အရွယ်မှာ အလုပ်လုပ်ရမယ်၊ အိမ်ထောင်ပြုသင့်တဲ့ အရွယ်၊ မျိုးဆက်ပြန့်ပွားသင့်တဲ့ အရွယ်တွေမှာလည်း လိုအပ်ချက်အတိုင်း ပြုမူရမှာပဲ။ ဒါမှ ကြီးပြင်းရင့်ကျက်တယ်လို့ ခေါ်တယ်”

“ဒါဖြင့် ကျွန်မက မရင့်ကျက်သေးဘူးပေါ့”

“အမှန်ပဲ၊ မင်း ကိုယ့်လို ရင့်ကျက်ဖို့ အဆင့်နှစ်ဆင့်လောက် လိုနေသေးတယ်၊ မင်းရဲ့လက်အောက်က အမျိုးသမီးလေးတစ်ယောက် မီးဖွားခွင့် တင်တာကို မင်း အပြည့်အ၀ လိုက်လျောနားလည်ပေးနိုင်ဖို့အတွက် မင်းကိုယ်တိုင်အဲဒီအဆင့်ကို ကျော်ဖြတ်ပြီးမှ ဖြစ်နိုင်မယ်၊ စာအုပ်တွေ ဖတ်ပြီး ခံစားလို့ရပါတယ်လို့တော့ လာမပြောနဲ့၊ အဲဒါက အတုအယောင်ပဲ၊ လူ့ဘ၀ကို အပြည့်အ၀ နားလည်ဖို့ အိမ်ထောင်သည် ဘ၀ကိုမဖြတ်သန်းဘူးဘဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ မင်းဘာသာ ပညာတွေ ဘယ်လောက်တတ်တတ် လူပီသတဲ့ အစစ်အမှန် ခံစားမှုဆိုတာ တကယ့်လောကရဲ့အတွေ့အကြုံတွေကသာ ပေးနိုင်တာ၊ကိုယ်ထင်တယ်လေ၊ လူ့မျိုးနွယ်မိသားစုတစ်စုကို ဦးဆောင်မယ့်သူဟာ အပျိုကြီး လူပျိုကြီးများ ဖြစ်လို့ကတော့ အဲဒီမိသားစုဟာ အပြည့်အ၀တိုးတက်မှုကို ဘယ်တော့မှ မရနိုင်ဘူး”

“ကျွန်မ မယုံဘူး”

“မင်း ယုံမှာ မဟုတ်ဘူးဆိုတာ ကိုယ် သိတယ်၊ မင်းကိုယ်တိုင် အိမ်ထောင်သည်ဘ၀ကို မရောက်မချင်း ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး၊ မင်းအိမ်ထောင်သည် ဖြစ်လာတော့မှသာ တစ်ချိန်တုန်းက မာနထားခဲ့တာတွေ၊မလိုအပ်ဘဲ အရေပြားပါးခဲ့တာတွေဟာ အလကားပါလားဆိုတာ သဘော
ပေါက်လာလိမ့်မယ်၊ အဲဒီကျမှသာ လူတွေ ပြောပြောနေတဲ့ လူ့ဘ၀ဆိုတာ ဒါပါလားလို့ နားလည်လာလိမ့်မယ်”

သူ့မျက်နှာကို ကြည့်ရုံနဲ့ ကျွန်တော့်စကားတွေအပေါ် သူအပြည့်အ၀လက်မခံနိုင်ဘူးဆိုတာ သိသာလှပါတယ်။ ခု လက်မခံလည်း တစ်ချိန်ချိန် တော့သူ လက်ခံလာမှာပါ။ ဒါပေမဲ့ အဲ့ဒီတစ်ချိန်ချိန်ကို သူကြုံနိုင်ပါ့မလား။ ခုဆိုသူနဲ့ကျွန်တော့်ကြားက အသိအမြင်ကွာဟမှုဟာ အတော့်ကို ကြီးမားနေခဲ့ပါပြီ။

ဘဲဒီလို ကြီးမားသွားရတာဟာ ကျွန်တော်က ရပ်ကျန်ခဲ့ပြီး သူက သွားနေလို့လား။ ဒါမှမဟုတ် သူ ကျန်ရစ်ခဲ့ပြီး ကျွန်တော်က သွားနေလို့လား။ အဲဒါကိုရော သူ တွေးမိပါ့မလား။

တအောင့်ကြာတော့ ကျွန်တော်တို့နှစ်ယောက် နှုတ်ဆက်ပြီး လမ်းခွဲခဲ့ကြတယ်။ အတော်ဝေးဝေးရောက်မှ လှည့်ကြည့်တော့ သူ့ကို မှုန်ပျပျပဲ တွေ့မြင်ရပါတော့တယ်။

ထက်မြက်ပြီးပညာတတ်သူတစ်ယောက်ရဲ့ မျိုးဆက်သွေးတွေ လူ့လောကကြီးထဲ ပေါက်ဖွားလာခဲ့ရင်ဖြင့် အတော့်ကို အကျိုးရှိမှာပါ။ သူ့ရဲ့ အိမ်ထောင်ဖက်ဟာ သူ့လို ပညာတတ်တစ်ယောက်ဖြစ်ခဲ့ရင် ကောင်းပါတယ်။တကယ်လို့ ပညာမတတ်လည်း အကြောင်းတော့ မဟုတ်ပါဘူး။ ရှုံးမှာကို
ကြောက်ပြီး မကစားဘဲနေရင် ကစားဝိုင်းအပြင်ဘက်ကို ရောက်မှန်းမသိရောက်သွား တတ်ကြောင်း သူ့ကို ကျွန်တော် ရှင်းပြချင်ပါသေးတယ်။ ။
လွယ်ကူသက်သာ ရိုးရှင်းစွာ ၀န်ဇင်းတွင် စာဖတ်ပါ။


Download Wun Zinn


0 comments:

Post a Comment