ပညာသင်တဲ့ အခါမှာ လိုအပ်တဲ့ အရည်အချင်းက သဒ္ဓါ လို့ ခေါ်တဲ့ ယုံကြည်ချက်ရှိရမယ်။ နောက်တခုက ပညာသင်တဲ့နေရာမှာ အရေးကြီးဆုံးက ရိုးသားဖြောင့်မှတ်မှု ဒါအင်မတန်မှ အရေးကြီးတယ်။ တချို့က ကိုယ်မတတ်ဘဲနဲ့ တတ်တယ်လို့ ထင်တာလေ။ နဲနဲလေးသိတာနဲ့ အများကြီးသိတယ်လို့ ထင်တယ်လေ
အဲဒါဆိုလို့ရှိရင် သူ့ကိုယ်သူ အထင်တွေကြီးပြီး သူအကုန်တတ်တယ်လို့ ထင်ရင် ရှေ့ဆက်ကြိုးစားပါ့မလား
(မကြိုးစားပါဘူး ဘုရား)
မကြိုးစားဘူး ဒါကြောင့်မို့ တချို့ပညာရှိတွေက ပြောတာ မင်းစာတတ်တယ် စာတတ်တယ် ပညာရှိဖြစ်တယ်ဆိုတာ ကိုယ်မတတ်မှန်း သိတဲ့နေ့မှ မင်းစာတတ်တဲ့ ပုဂ္ဂိုလ်ဖြစ်မှာ၊ ကိုယ်မတတ်မှန်း သိဖို့ပဲ အရေးကြီးတယ် ဟုတ်ကဲ့လား
(မှန်လှပါဘုရား)
လောကလူတွေက နဲနဲသင်လိုက်ရင် ကိုယ်တတ်သွားပြီလို့ ထင်တာ၊ အေး ပိဋကတ်သုံးပုံတောင် အလွယ်လေးလို့ အောက်မေ့ချင်မေ့နေမယ် တော်ကြာ၊ မတတ်တဲ့ ပုဂ္ဂိုလ်က ပိုပြီးသူ့ကိုယ်သူ တတ်တယ်လို့ ထင်တတ်တယ်
အေး တကယ်သိပြီး တကယ်သင်လာတဲ့ ပုဂ္ဂိုလ်တွေကြတော့ ဟာ ငါမတတ်သေးဘူး ငါမတတ်သေးဘူး ဒီလိုပြောရမှာ
တကယ်လည်းမှန်တယ် ဒီပိဋကတ်သုံးပုံထဲမှာ ဘုန်းကြီးတို့ နှစ်ပေါင်းများစွာ ပိဋကတ်စာပေတွေကို လေ့လာလာတာ မသိသေးတဲ့ သဘောမပေါက်သေးတာတွေ ရှိသေးတယ်။ ရှိတယ်။ မရှိဘူး မဟုတ်ဘူး။
အဲဒါမပြောနဲ့ ဗမာပြည်မှာ သာသနာ ၂၅၀၀ ကနေပြီးတော့ ဋီကာ ကျမ်းစာတခု ပါဠိအဋ္ဌကထာဋီကာ ဒီ ဆဋ္ဌသင်္ဂါယနာ တင်တဲ့အချိန်မှာ ပါဠိတော်က အုပ်ရေ ၄၀ ရှိတယ်၊ အဋ္ဌကထာက ၅၂ အုပ်ရှိတယ်၊ ဋီကာက ၂၆ အုပ်ရှိတယ်။ အဲဒီ ဋီကာ ၂၆ အုပ်ထဲက မဇ္ဈိမနိကယ်ကို ဖွင့်ဆိုတဲ့ ဋီကာတစ်ဆောင်ထဲမှာ ဆရာတော်ကြီးတွေ ဖြေရှင်းပေးနိုင်စွမ်းမရှိလို့ ဒီအတိုင်း ရိုက်ထည့်ထားခဲ့ရတာတွေ ဒီနေ့ထိရှိတုန်းပဲ။
ဒါဘုန်းကြီးတို့ မစွမ်းဆောင်နိုင်မှုတွေပေါ့။ ရှုပ်နေတဲ့ စကားလုံးတွေကို မရှင်းနိုင်ဘူး၊ မရှင်းနိုင်လို့ ဒီအတိုင်း ရိုက်ထည့်ထားရတယ်။ ဒါ အမှန်အတိုင်းပဲ။ ဘာဆိုလိုမှန်း မသိအောင် စကားတွေ ရှုတ်ထွေးပြီးတော့ ခေတ်အဆက်ဆက်က ရေးလာတဲ့အခါကျတော့ စာတွေရဲ့ လွဲမှားမှုတွေကို ပြင်ဆင်တည်းဖြတ်နိုင်စွမ်း မရှိသည့်အတွက်ကြောင့် အခြေမပျက်ကလေး ဒီအတိုင်း ရိုက်ပြီးထည့်ထားရတာ ရှိသေးတယ်။
ဘုန်းကြီးတို့ အဲဒါ အားမလို အားမရဖြစ်တယ်၊ ခဏ ခဏလည်းပြောတယ်။ သင်္ဂါယနာ တင်သွားတာကွာ နှစ်ပေါင်း ၆၀ ရှိပြီ ဒီစာပိုဒ်လေးတွေ တို့မရှင်းနိုင်သေးဘူး တို့ညံ့တာပဲလို့။
တကယ်က တတ်ဖို့ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။ သို့သော်လည်း ကိုယ့်ကိုကိုယ် တတ်ပြီဆိုတဲ့ ပုဂ္ဂိုလ်ကျတော့ အမလေး အဋ္ဌကထာက ဘယ်လိုဆိုတယ် ဋီကာက ဘယ်လိုဆိုတယ်နဲ့ အဋ္ဌကထာ ဋီကာကို သူအကုန်ရပြီး သကဲ့သို့ အဋ္ဌကထာတွေက မှားတယ် ဋီကာက မမှန်ဘူးနဲ့
ဒီလိုပြောတာ အတော် အံ့သြစရာကောင်းတဲ့ သူရဲကောင်းကြီးတွေပဲ နော်..
(မှန်ပါဘုရား)
ဘုန်းကြီးက နိုင်ငံခြားမှာ သွားပြီးတော့ ဂျာမဏီမှာ သင်တန်းသွားပို့ချတုန်းက အဲဒီ ဥရောပတို့ အနောက်တိုင်းကတို့ ပါဠိစကောလာဆိုတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ် အဲ တချို့က အဋ္ဌကထာဆိုရင် ဝေဖန်ချင်တယ်ပေါ့
အဋ္ဌကထာတွေ ဘာလို့ ဝေဖန်တုန်းဆိုရင် နောက်ပိုင်းမှ ပေါ်လာတာမို့ အဋ္ဌကထာတွေကို အလေးမထားဘူးလို့ သူတို့ကပြောတာ
နောက်မှပေါ်လို့ အလေးမထားဘူးဆိုရင် အခုပြောတဲ့ ပုဂ္ဂိုလ်က ပိုနောက်ကျတယ်လို့ မင်းစကား ပိုပြီးတော့ နားမထောင်သင့်ဘူးလို့ ...
အဲဒီမှာ အဋ္ဌကထာတွေနဲ့ ပတ်သက်ပြီးတော့ ပြောဆို ဝေဖန်တဲ့ အခါမှာ ဘုန်းကြီးတို့က သင်တန်းပို့ချရင်း ထည့်ပြောတာပါ ဒီအနောက်တိုင်း စကောလာတွေ ပါဠိစကောလာတွေကလို့ အဋ္ဌကထာတွေကို ကဲရဲ့ ရှုတ်ချတဲ့ စကားသံတွေ ပြောတယ်
ဘုန်းကြီးက မေးချင်တယ်လို့ ဘယ်နှစ်အုပ်ဖတ်ဘူးလည်းလို့ မေးချင်တယ်လို့ မဖတ်ဘူးဘဲနဲ့ အဋ္ဌကထာတွေ မမှန်ဘူးလို့
ပြောလို့ရမလား
(မရပါဘူး ဘုရား)
ပြောသင့်တဲ့ အဓိပ္ပါယ်က ဘာတုန်းဆိုရင် အဋ္ဌကထာတွေ သူအကုန်ဖတ်ဘူးတယ် အေး ဟုတ်ပြီ ဖတ်ဘူးတယ် ဖတ်ဘူးရင် ဘယ်နေရာက မှားတာလည်း ဘာကြောင့်မှားတာလဲ
ဒီလိုပဲ ပြောရမယ်။
အဋ္ဌကထာတွေ မမှန်ဘူးလို့ သူပြောလို့ ဘယ်လိုလုပ်ပြောမှာလဲ အဲဒီလို လုံးချတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်နော် မြန်မာပြည်မှာလည်း ဒီပုဂ္ဂိုလ်တွေ ရှိတယ်။ စာမသိဘဲနဲ့ ဒါတွေက မလုပ်ထိုက်ဘူးလို့ ဘုန်းကြီးတို့က ယူဆတယ်ပေါ့ နော်..
အဲဒါ ကိုယ်လည်း စာအုပ်ကုန်အောင်လည်း မဖတ်ဖူးဘဲနဲ့ တနေရာ တစ်ကြောင်းလေး တွေ့တာလေးနဲ့ ဝေဖန်တယ်
ဟိုရေး ဒီရေး ရေးတယ်ဆိုတာ တော်တော်ကို သတ္တိကောင်းတယ်လို့ ပြောရမယ်
အာဇာနည်ပုဂ္ဂိုလ်ကြီးတွေ အဲဒီအာဇာနည် ပုဂ္ဂိုလ်ကြီးတွေက နောင်ကျလို့ရှိရင်လည်း ဘုရားချွတ်လို့မရတဲ့ အာဇာနည်ကြီးတွေ ဖြစ်မှာပဲ....
(မှန်လှပါဘုရား)
ဘာဖြစ်လို့တုန်းဆိုတော့ အယူအဆဆိုတာ စွဲသွားလို့ရှိရင် ချွတ်လို့မရဘူးလေ
မြတ်စွာဘုရား လက်ထက်တုန်းက ဘုရားဟောထားတဲ့ စာတွေကို သင်ပြီးတော့ စာတတ်သွားတဲ့ အရိဋ္ဌ ရဟန်းဆိုတာ ရှိတယ် အရိဋ္ဌ ရဟန်းက နောက်ဆုံးမှာ မြတ်စွာဘုရား ၀ိနည်းသိက္ခာပုဒ်နဲ့ ပတ်သက်ပြီးတော့ သူက ဝေဖန်တယ်။
အဲဒီဝေဖန်မှုနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားက တရားဟောတယ် သူ မရတော့ဘူး မကျွတ်ဘူး
နောက် သာတိဆိုတဲ့ ရဟန်းလည်း ဒီအတိုင်းပဲ အယူအဆတစ်ခုနဲ့ ပတ်သက်ပြီးတော့ မှားသွားတယ်
မြတ်စွာဘုရားကိုယ်တိုင် ဆုံးမတယ် ပြန်ပြီးတော့ ချွတ်လို့မရဘူး
အဲဒီတော့ အယူအဆတစ်ခု မှားယွင်းသွားပြီဆိုရင် တော်တော်ခက်တယ်
နောက်ဆုံးမှာ နိယတမိစ္ဆာဒိဋ္ဌိ နိယတဆိုတာ စွဲမြဲသွားတဲ့ မိစ္ဆာဒိဋ္ဌိ မှားယွင်းတဲ့ အယူတစ်ခုကို ဆွဲကိုင်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကမ္ဘာပျက်ရင်တောင်မှ တခြားကမ္ဘာပြောင်းခံရတယ်တဲ့ ငရဲက မလွတ်ဘူး အဲဒီပုဂ္ဂိုလ်...သူတို့ကို ဘယ်လိုပြောလဲ "သံသာရ ခါဏုကော" တဲ့ သံသရာရဲ့ သစ်ငုတ်ကြီး ဘယ်သူမှ မချွတ်နိုင်တဲ့ သစ်ငုတ်ကြီး ဒီလိုဆိုလိုတာ..
ပထ၀ီ ဂေါပကော မြေစောင့်ကြီးပေါ့ မြေကြီးရှိနေသမျှ သူရှိနေမယ်လို့ ဒီလိုပြောတာ..
ဘယ်တော့မှ ကျွတ်မှာ မဟုတ်တဲ့ ပုဂ္ဂိုလ်....
ဒါကြောင့်မို့လို့ အယူအဆွဲဆိုတာ အင်မတန်မှ သတိထားရတယ် ဘယ်အရာပဲ ဖြစ်ဖြစ် စူးစမ်းလေ့လာတာတော့ အင်မတန်ကောင်းတယ် စူးစမ်းလေ့လာမှု ပြုရမယ် အဲ စူးစမ်းလေ့လာတယ်ဆိုတဲ့ အချိန်မှာ အယူအဆွဲ မကြီးစေရဘူး
ငါ့ဟာသာ မှန်တယ် တခြားဟာမှားတယ်ဆိုပြီး ဒီလိုအတွေးအခေါ်မျိုး လက်မခံထိုက်ဘူးပေါ့။
+++++++++++++++++++++++++++++++++++++++++++++++++++++
ပါ/ချုပ် ဆရာတော်ဘုရား ဒေါက်တာနန္ဒမာလာဘိဝံသ
ဟောကြားအပ်သော "ယောဂီပုဂ္ဂိုလ်ရှိရမည့် အရည်အချင်းများ" တရားတော်မှ
တရားနာရင်း သဘောကျတဲ့နေရာလေးကို
မှတ်စုလုပ်ရင်း ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
_______________________________________________________
မဇ္ဈိမရတနာ - အရှင်သာမိ (မုံရွာ)
Download From: http://goo.gl/Se2ZJM

0 comments:
Post a Comment