Wednesday, March 18, 2015

ရခိုင်သမိုင်းပညာရှင် ဆရာထွန်းရွှေခိုင်နှင့် တွေ့ဆုံခြင်း


ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် နေ့သည် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်တွင် တစ်ခုအပါအ၀င် ဖြစ်သည့် (၆၈) ကြိမ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ ပြည်ထောင်စုတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားတို့ရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ၊ ဘာသာ၊ စာပေတို့ကို တစ်ဦးနှင့်တစ်ဦး သိရှိလေ့လာနိုင်ရန် ရည်ရွယ်လျက် ၀န်ဇင်း အဖွဲ့သားများဟာ မြန်မာနိုင်ငံတိုင်းရင်းသားတို့တွင် သမိုင်းကြောင်းအခိုင်အမာရှိခဲ့ပြီး၊ ဘာသာစာပေ ယဉ်ကျေးမှုတို့သည် ပုဂံခေတ်ထက်ပင် ထွန်းကားခဲ့သည့် မွန်၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားတို့၏ထုံးတမ်းစဉ်လာများကိုသွားရောက်မေးမြန်းဖြစ်ခဲ့ပါတယ်ခင်ဗျာ။ ယခုဖော်ပြမယ့်အကြောင်းအရာလေးကတော့ ရခိုင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို ရခိုင်သမိုင်းပညာရှင် ဆရာထွန်းရွှေခိုင် (မဟာဝိဇ္ဇာ) ထံတွင် သွားရောက် မေးမြန်းဖြစ်ခဲ့သမျှကို ၀န်ဇင်းပရိသတ်တို့ ဗဟုသုတရရှိစေရန် ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။

မေး - ရခိုင်ကဘယ်ကဆင်းသက်လာပါသလဲဆရာ
ဖြေ - ရခိုင်ဆိုတာကတော့ ရက္ခိတ ဆိုတာကိုပဲ ပြောကြတာပါ။ အမျိုးသီလ၊ နှစ်ဌာနကို စောင့်စည်းကြတဲ့ အမည်ကနေ ယူကြတာပါတယ်။ အဲဒီကနေ ဆင်းသက်လာတယ်လို့ ယူဆကြပါတယ်။

မေး - ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးပေါင်း ၁၃၅ မျိုးရှိတယ်လို့ သိရပါတယ်။ ဒီလူမျိုးတွေအနက်ကမှ လူဦးရေအရလည်း များပြားပြီး ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံနဲ့ သမိုင်းကြောင်းရှည်တဲ့ လူမျိုးစုကြီးတွေလည်း ရှိပါတယ်။ ပြောရမယ်ဆိုရင်တော့ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင် စတဲ့ လူမျိုးစုကြီးတွေပေါ့။ ဒီလူမျိုးတွေမှာ ရှည်လျားတဲ့သမိုင်းကြောင်း၊ ခိုင်မာတဲ့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေလည်း အသီးသီး ရှိကြပါတယ်။ ဆိုတော့ ဆရာ့အနေနဲ့ ရခိုင်လူမျိုးတို့ရဲ့ သမိုင်းကြောင်းအစဉ်အလာ၊ ယုံကြည်ကိုးကွယ်မှု၊ ဘာသာစကား စာပေ၊ ယဉ်ကျေးမှု အစရှိတာတွေကို ရှင်းပြ၊ ပြောပြပေးပါခင်ဗျာ။
ဖြေ - ရခိုင်လူမျိုးအစကတော့ ကျွန်တော်တို့ သမိုင်းမှာတော့ ဘီစီ ၃၀၀၀ လောက်တည်းက သမိုင်းစာအုပ်မှာ မှတ်တမ်းတင်ခြင်း ခံရတယ်ပေါ့။ ဒါပေမယ့် တကယ့်တကယ့် ခိုင်ခိုင်မာမာကတော့ဘီစီ ၁၅၀၀ လောက်က စန္ဒာသူရိယ လက်ထက်ကစပြီးတော့ ခိုင်ခိုင်မာမာ တွေ့ရတယ်။ အဲ့ဒါကတော့ လူမျိုး သမိုင်းကြောင်းပေါ့။ စာပေဆိုတဲ့ နေရာမှာလည်း သူက အိန္ဒိယနဲ့ အရမ်းနီးတော့ အိန္ဒိယရဲ့ ဒီ ဗြဟ္မဏီရေးထားတဲ့ ကျောက်စာတွေဟာ ရခိုင်သမိုင်းမှာ ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ မြောက်ဦးခေတ်၊ လေးမြို့ခေတ်၊ စသည်ဖြင့် ခေတ်အဆက်ဆက်မှာ ရှိခဲ့ကြတယ်။ အထောက်အထားကတော့ အိန္ဒိယနဲ့ အနီးဆုံးဖြစ်တော့ ပိုရနိုင်တယ်လို့ ပြောလို့ရတယ်ပေါ့။ နောက်တစ်ခုက ဘာသာတရား ဆိုတာက အဓိကပဲ။ ဘာသာတရားဆိုတဲ့နေရာမှာလည်း ဆရာတို့က မှန်/မမှန်ဆိုတာကတော့ ဆရာတို့က မဖြစ်ဘူးနော်။ ဘီစီ ၆ ရာစုကတည်းက မဟာမုနိ ဆိုတဲ့ စန္ဒာသူရိယမင်းလက်ထက်မှာပေါ်ခဲ့တဲ့ ဘုရားကြီးဟာ ခုထိ နာမည်ကြီးတုန်းပဲ၊ အထောက်အထားလည်း ပြည့်စုံဆုံးပဲ။ မန္တလေး မဟာမုနိ ဘုရားကြီးဆိုတာ ခိုင်ခိုင်မာမာကြီးနဲ့ သူ့ရဲ့ ဉာဏ်တော်ကအစ၊ သူ့ရဲ့ မုဌာကအစ၊ သူ့ရဲ့ အနုပညာကအစ ခိုင်လုံတဲ့ အထောက်အထားနဲ့ မားမားမတ်မတ် ရပ်တည်ခဲ့တယ်။ အဲ့ဒီသမိုင်းသည် ဘီစီ ၆ ရာစုလောက်က စတယ်။ဲ့ဒီသမိုင်းကြီးလည်း ပြောသည့်အပြင် အခြားသော ဗုဒ္ဓဘာသာ အထောက်အထားတွေ၊ ဥပမာ - ရေလမာကထာ ဆိုတာ နာမည်ကြီးပဲ။ ဥပမာ - ဝေသာလီ တစ်ခေတ်လုံးမှာ ဘုရားရဲ့ အဆီအနှစ်၊ ဘုရားဟောခဲ့တဲ့ တရားရဲ့ အဆီအနှစ်ကို ကျောက်စာလေးတွေနဲ့ စေတီပေါ်မှာ ထိုးထားတာတို့၊ နေရာအနှံ့အပြားပေါ့။ ပေါပေါများများ တွေ့ရတယ်။ အဲ့ဒါသည် ပုဂံမတိုင်ခင် နှစ်ပေါင်း ၆၀၀၊ ၇၀၀ လောက်ကတည်းက ပေါပေါများများ တွေ့ရတာ၊ ဗုဒ္ဓဘာသာဆိုင်ရာ စာပေအထောက်အထားတွေ အဲ့ဒါတွေရှိတယ်။ ဒါကြောင့်သူက ဘာသာရေးနဲ့ပဲ ကြည့်ကြည့်၊ သမိုင်းကြောင်းနဲ့ပဲ ကြည့်ကြည့်၊ ပထ၀ီနိုင်ငံရေးနဲ့ပဲ ကြည့်ကြည့်ပေါ့။ တည်နေရာအနေအထားအရ အိန္ဒိယ Bay of Bengal ပေါ်မှာ ဂွင်ကျကျ တည်ရှိတဲ့အတွက်ကြောင့် စောတယ်ပဲ ပြောရမလား၊ အထောက်အထားတွေတော့ များများ ပြည့်စုံ လှပါတယ်။

မေး - ပြီးတော့ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေ၊ ယဉ်ကျေးမှုတွေနဲ့ ယနေ့ခေတ် ရခိုင်လူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေတွေမှာ ဘာတွေ ခြားနားသွားပြီလဲဆိုတာကို နှိုင်းယှဉ်ပြပေးပါ။ ဆိုလိုတာက ခေတ်ကာလရွေ့လျောလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေအကြောင်းပေါ့။
ဖြေ - များသောအားဖြင့် စာပေနဲ့ နွယ်ပြီးပြောင်းလဲလာတာကတော့ အထူးသဖြင့်တော့ ယဉ်ကျေးမှုကတော့ နဂိုကတည်းကပဲ စာပေနဲ့အတူတကွ ပေါ်ပေါက်တာ များပါတယ်။ အထူးသဖြင့် အဲ့ဒီမှာ ပုံပြင်တို့ဆိုရင် စာပေနဲ့လိုက်ပြီး ထွန်းကားလာတယ်။ရခိုင်ပုံပြင်တွေဆိုရင် လူထုဦးလှရေးခဲ့တဲ့ စာပေတွေထဲမှာရော၊ ဒေသန္တရမှာ ပေါပေါများများ တွေ့ရတယ်။ နောက် ပြင်သစ်ပြည် ဆိုးဘုန်းယူနီဗာစတီက မြန်မာစာ ပါမောက္ခဆိုရင်လည်း ရခိုင်ပုံပြင်ဟာ အထူးခြားဆုံးပဲတဲ့။ ပုံပြင်တွေထဲမှာ စာပေအထောက်အထားတွေ ဘာတွေ သွားတွေ့ရသလဲဆိုတော့ သူတို့ပြောရင် ရိုးရိုးမပြောဘူး၊ လေပြေနဲ့ စကားပြေတင်မကဘူး၊ ကာရံ အချိတ်အဆက်မိတဲ့ ကဗျာလင်္ကာတွေကို ညှပ်ညှပ်ပြီးတော့ ပြောတယ်။ ဆန်းကဗျာလို့ ခေါ်တယ်။ ဆိုတဲ့အခါကျတော့ စာပေသြဇာဟာ ရခိုင်ယဉ်ကျေးမှုမှာ တော်တော်လေး လွှမ်းမိုးပါတယ်။

မေး - ရခိုင်စာပေနဲ့ ပတ်သက်လို့ ဆရာ့ရဲ့ ထင်မြင်ချက်လေး။
ဖြေ - ရခိုင်စာပေက ခုနက ပြောသလိုမျိုးပဲလေ၊ ကဗျာ လင်္ကာတို့ ဧချင်းတို့လို ဘယ်မှာမှ မပေါ်သေးတဲ့ အစပျိုးတဲ့ ကဗျာလင်္ကာမျိုးလည်း တွေ့ရတယ်။ နောက်ပြီးတော့ သုဝဏ္ဏ ရွှေလရတု ဆိုတာတို့က မြန်မာစာပေလောကမှာပါ ထိပ်တန်းဝင်တဲ့ အစောဆုံး အထောက်အထားတွေ တွေ့ရတယ်။ မြန်မာစာပေလောက ပေါ်ပြီးမှ ရောက်လာတာမဟုတ်ပဲနဲ့ အဲဒီမှာပါ တီထွင်တဲ့ ကဗျာလင်္ကာကို တွေ့ရတယ်။ ရခိုင်စာပေကို လိုက်စားခြင်းအားဖြင့်သော်လည်းကောင်း၊ နောက် အဲ့ဒီခေတ်က ကဗျာ၊လင်္ကာတွေသာမကပဲနဲ့ စာပေအရေးအသားဟာ ရခိုင်မှာ တော်တော်ကြီး စောတယ်။ ဗြဟ္မဏီ အက္ခရာနဲ့ ကျောက်စာတွေဟာ အရေးအသားတွေဟာ ပုဂံမတိုင်မီနှစ်ပေါင်း ထောင်ချီကတည်းက အများကြီး တွေ့ရတယ်။ကျောက်စာဆိုတာ စာပေပေါ့နော်။ အဲ့ဒီ စာပေအက္ခရာတွေ ဗြဟ္မဏီအက္ခရာဟာ ဟိုး အစောဆုံး တွေ့ရတဲ့ အထောက်အထားကတော့ ရခိုင်တွေအတွက် ဂုဏ်ယူစရာ အကောင်းဆုံး အထောက်အထားကတော့ ဗြဟ္မဏီ အက္ခရာ ရေးထားတဲ့ စာပေဟာ သူတို့လောကမှာ ဒီဓည၀တီ၊ ဒီဝေသာလီ အဆက်ဆက်မှာ ထွန်းကားခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီနဲ့ နွယ်ပြီးတော့ ဘုန်းကြီးကျောင်း ပညာရေးတို့၊ ဒီိ စကားပြေနဲ့ ရေးတဲ့ ကဗျာလင်္ကာတို့၊ ပုံပြင်တို့၊ အဲ့လိုဟာမျိုး အထောက်အထားတွေဟာ ရေးနည်းပေါင်း မြောက်များစွာ တွေ့ရတယ်။ ကဗျာ ရေးစပ်နည်းတွေ အများကြီးပဲ၊ ရွှေလရတုရယ်၊ ဧချင်းတွေဟာ အစောကြီး စောပါတယ်။

မေး - လွန်ခဲ့တဲ့နှစ်နှစ်ကစပြီးရခိုင်မှာရခိုင်မူလတန်းကျောင်းတွေမှာ ရခိုင်စာပေသင်ပုန်းကြီးပြုလုပ်နေတယ်လို့ကျွန်တော်တို့ကြားသိရပါတယ်ဆရာ။ဒီအပေါ်ဆရာအမြင်လေးနဲ့ ရခိုင်စာပေတိုးတက်ပြန့်ပွားဖို့အတွက်ဘယ်လိုအချက်အလက်တွေလုပ်ဆောင်ဖို့လိုအပ်တယ်လို့ယူဆပါလဲဆရာ။
ဖြေ - ရခိုင်သင်ပုန်းကြီးဟာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် လေ့လာမှု အားနည်းပါတယ်။ သင်ပုန်းကြီးထက် အရေးကြီးတာက အဲ့ဒီ ရခိုင်စာပေမှာ ပေါ်ခဲ့တဲ့ ကဗျာလင်္ကာတို့၊ ပုံပြင်တို့ အဲ့ဒါတွေကို မှတ်တမ်းယူတာ ပိုပြီးတော့ အဆင်ပြေမယ်လို့ ယူဆရပါတယ်။

မေး - ရခိုင်မှာ အပျော်ဖတ်နဲ့ရသစာပေပိုင်းမှာအားနည်းတာတွေ့ရပါတယ်။အဲဒါအဓိကအခက်အခဲကဘာများလဲခင်ဗျာ။
ဖြေ - ရခိုင်စာပေမှာ ရသစာပေမှာ အားနည်းတယ်ဆိုတာ အမှန်ပဲ။ အဲ့ဒါက သူတို့ကိုယ်တိုင်က လိုက်စားမှု နည်းပါးတာပါပဲ။ ပြုစုပျိုးထောင်တဲ့ စာဆိုတို့က ထိတွေ့မှု နည်းလို့ပါ။ များသောအားဖြင့်က အဲ့ဒီမှာ ရသစာပေမှာ ပတ်သက်လို့ ဆရာကြီး သမားကြီးလည်း နည်းပုံရတာကြောင့် ဖြစ်ပါလိမ့်မယ်။

မေး - နောက်တစ်ခုကတော့ လူမျိုးစုတွေအများကြီးထဲမှာမှ ရခိုင်လူမျိုးတွေဟာ အမျိုးအနွယ်ကို သံယောဇဉ်ကြီးတယ်၊ ချစ်မြတ်နိုးတယ်လို့လည်း လူသိများပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲခင်ဗျာ။
ဖြေ - ရခိုင်လူမျိုးဟာ အမျိုးကိုချစ်တယ်၊ အမျိုးကို စောင့်တယ်ဆိုတာ သူတို့ပတ်ဝန်းကျင်နဲ့ နယ်စပ်မှာ သူတို့အမျိုးကို မျိုတဲ့ လူမျိုးတို့ ဘာသာတို့ ထွန်းကားမှာကို ကြောက်လို့ပဲ၊ နံပါတ် (၁) က၊ အဲ့ဒီအခါကျတော့ မျိုးချစ်စိတ်က အလိုအလျောက် ပေါ်လာတယ်။ နောက်မြန်မာကို ချစ်တဲ့စိတ် အပြည့်အ၀ ရှိတယ်။ အထူးသဖြင့် ကျူးကျော်ဝင်ရောက်လာတဲ့ အချက်တွေ များလွန်းလို့ပဲ ယူဆရမှာပဲ။ နောက် ကိုယ့်ရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးမယ့်သူတွေ သွားဖြဲပြီးတော့ မျက်လုံးပြူးပြနေလို့ ယူဆရတာပါပဲ။

မေး - ၀န်ဇင်းနဲ့ပတ်သတ်ပြီးဆရာ့အမြင်ကို သိပါရစေခင်ဗျာ။
ဖြေ - သိပ်ကောင်းတဲ့ စနစ်ပါပဲ၊ ဒါ ခေတ်နဲ့အညီ လုပ်ဆောင်တာပါ။ ဆရာတို့ကိုယ်တိုင်လည်း ဆရာတို့ သားသမီးတွေကို ဒီလိုပဲ လုပ်စေချင်ပါတယ်။ ကျွန်တော်တော့ လှိုက်လှိုက်လှဲလှဲ ၀မ်းပန်းတသာ ကြိုဆိုပါတယ်။

( ဒီအင်တာဗျူးမျာ စိတ်ဝင်တစား ဖြေကြားပေးခဲ့သော ရခိုင်သမိုင်းပညာရှင် ဆရာဦးထွန်းရွှေခိုင်အားကျေးဇူးအထူးပင်တင်ပါတယ်ခင်ဗျာ။ )
Download Wun Zinn


0 comments:

Post a Comment