Wednesday, March 18, 2015

ဆရာနိုင်မောင်တိုးနဲ့ တွေ့ဆုံခြင်း



ပြည်ထောင်စုနေ့ အထူးအစီအစဉ် တတိယပိုင်းအနေနဲ့ မြန်မာ့ယဉ်ကျေးမှု သမိုင်းမှာ သမိုင်းအထောက်အထား၊ အခိုင်အခန့် ဘာသာယဉ်ကျေးမှု အခိုင်အခန့်ရှိခဲ့တဲ့ မွန်လူမျိုးတွေရဲ့ စာပေယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို အခြားသော တိုင်းရင်းသားများ တစ်ဦးနဲ့တစ်ဦး ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်လျက် ၀န်ဇင်းအဖွဲ့သားများဟာ ဆရာနိုင်မောင်တိုးနဲ့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဆရာနဲ့ တွေ့ပြီး မေးဖြစ်ခဲ့တာလေးတွေက...


#WZ - ပထမဆုံး မွန်လူမျိုးတွေရဲ့ သမိုင်းကြောင်းနဲ့ မွန်စာပေယဉ်ကျေးမှု အကြောင်းလေး ပြောပြပေးပါ ဆရာ။

#NMT - မွန်လူမျိုးတွေရဲ့ သမိုင်းကတော့ တော်တော်လေးကို ရှည်လျားပါတယ်။မွန်တွေရဲ့ အထောက်အထားအရကော၊ အရင့်အရင်က ဆရာကြီးများ ဖြစ်ကြတဲ့ ဆရာကြီး လုစ်တို့ ဆရာကြီး ဒေါက်တာ နိုင်ပန်းလှတို့ရဲ့ သုတေသန ပြုချက်အရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ ကျော် လောက်ကတည်းက မွန်ရယ်လို့ တိတိကျကျ မကွဲသေးခင် မွန်နဲ့ ခမာနဲ့  မကွဲခင်ကတည်းက မွန်ခမာအုပ်စုအနေနဲ့ မွန်ဂိုးလီးယား အလယ်ပိုင်းမှာ နေထိုင်ကြပါတယ်။ မျိုးနွယ်အားဖြင့်ကတော့ မွန်ဂိုလွိုက်စ်ပေါ့။ အဲဒီလိုမျိုး နေလာရင်းနဲ့ တဖြည်းဖြည်းနဲ့ နောက်ပိုင်း ရေကြည်ရာမြက်နုရာပေါ့။ တောင်ပိုင်းဘက်ကို တဖြည်းဖြည်း ဆင်းလာခဲ့တယ်။ တောင်ပိုင်းကို ဆင်းလာတဲ့အခါကျတော့ တရုတ်ပြည်ရဲ့ ယန်စီကျန်မြစ်၊ အဲဒီနေရာမှာ ယန်စီကျန်ုဆိုတာ ယန်စီဆိုတာက တရုတ်စကား၊ ကျန်ဆိုတာက မွန်စကား၊ ကျန်ရဲ့ အဓိပ္ပာယ်က မြစ်ပေါ့။ မွန်တွေက ကရိန်လို့ ခေါ်တာ ပေါ့။ အဲဒီမြစ်ကမ်းဘေးမှာနေလာတဲ့ လူတွေရဲ့ ဓလေ့နဲ့ အခုခေတ်လူတွေရဲ့ ဓလေ့ အင်မတန်မှ အများကြီး နီးစပ်မှု ရှိကြတယ်။ ဥပမာအားဖြင့် ရေကိုထိန်း သမ္ဗာန်အုပ်ပြီး ဆန်စပါးစိုက်ပျိုးတဲ့ ဓလေ့မျိုးပေါ့။ အဲဒီနောက်ပိုင်း တောင်ပိုင်း ယန်စီမြစ်ကနေ တဖြည်းဖြည်း ဆက်လက်ဆင်းလာတဲ့အခါကျတော့ မဲခေါင်ဖက်အထိ ရောက်လာကြတယ်။ ဒီလိုရောက်လာတဲ့အခါ အထက်ပိုင်းမှာ ဒွါရ၀တီကို တည်ထောင်တယ်။ နောက်ပိုင်းမှာ သုဝဏ္ဏဘုံမိကို တည်ထောင်တယ်။ တည်ထောင်တဲ့ နှစ်အချင်းကတော့ အတူတူပဲ။ အေဒီနဲ့တွက်ရင် ၂ ရာစုလောက်ကတည်းက တည်ထောင်ခဲ့ကြတယ်။ ဒွါရ၀တီကလည်း ရှိပေမယ့် သူ့ရဲ့ သမိုင်း အချက်အလက်တွေကျတော့ ကျွန်တော်တို့က မချပြနိုင်သေးဘူး။ သုဝဏ္ဏဘုံမိကျတော့ သမိုင်းအထောက်အထား အခိုင်အမာ ရှိတယ်ပေါ့။ 

နောက် သာသနာကျတော့ မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီး ၄၉ ရက်မြောက်တဲ့အခါကျတော့ မွန်ကုန်သည်နှစ်ယောက်ဖြစ်တဲ့ တဖုဿနဲ့ ဘလ္လိကကုန်သည် ညီနောင် ၂ ယောက်ဟာ ဆံတော် ၈ ဆူကို သယ်လာခြင်းအားဖြင့် မြန်မာနိုင်ငံမှာ အစောဆုံး မွန်လူမျိုးမှတစ်ဆင့်  ဗုဒ္ဓ သာသနာ ရောက်လာတဲ့ သမိုင်းပဲ။ သုဝဏ္ဏဘုံမိကလည်း (၃) ပိုင်းရှိတယ်။ ပထမ သုဝဏ္ဏဘုံမိ၊ ဒုတိယ သုဝဏ္ဏဘုံမိနဲ့ တတိယ သုဝဏ္ဏဘုံမိတို့ပဲ ဖြစ်ပါတယ်။ ပထမ သုဝဏ္ဏဘုံမိက လက်ရှိသထုံပြည်ရဲ့  မြောက်ဖက် နည်းနည်းကျတယ်။ သူက ဆူနာမီကြောင့် မင်းဆက် (၉) ဆက်မြောက်မှာ ပျက်တယ်။ နောက် ဒုတိယ သုဝဏ္ဏဘုံမိက ခု ခင်ဗျားတို့ မွန်ပြည်နယ်သွားရင် ဘီးလင်းပေါ့။ သူ့နားလေးမှာ ကေလာသ  တောင်ဆိုတာ၊ တောင်ပေါ်မှာ တစ်ဖက်၊ မြေပြန့်မှာတစ်ဖက် ဒုတိယ သုဝဏ္ဏဘုံမိကို တည်ခဲ့တယ်။ နောက် ၈ ရာစုရောက်တဲ့အခါ ကျတော့ ဒုတိယ သုဝဏ္ဏဘုံမိပျက်သွားခဲ့တယ်။ ပျက်သွားတယ်ဆိုတာက တရုတ်တွေတိုက်လို့ပေါ့။ 

ဒီလို ပျက်သွားတဲ့အခါကျတော့မှ ယခု လက်ရှိ တတိယ သုဝဏ္ဏဘုံမိ(သထုံ) ကို တည်လိုက်တယ်။ အချုပ်ပြောရရင်တော့ ဒီ သုဝဏ္ဏဘုံမိမှာ မင်းအရေအတွက်က (၅၇) ဆက် တိတိကျကျ ရှိတယ်။ ဒွါရ၀တီမှာတော့ မင်းဆက်က (၂) မင်းပဲ ရှိတယ်။ ကျန်တဲ့ မင်းဆက်တွေကတော့ ဦးတို့ရဲ့ Record အားနည်းမှုကြောင့်ပေါ့ အတိအကျ မရှိဘူး။ နောက် အားလုံး သိတဲ့အတိုင်း မနူဟာမင်းလက်ထက်မှာ အနော်ရထာ စစ်နိုင်တဲ့အခါ မွန်စာပေတွေသာမက၊ တခြားသော ဘုရားဟော ပိဋကတ် (၃) ပုံကို သယ်ဆောင်လာခဲ့သလို မွန်အတတ်ပညာရှင်၊ အသိပညာရှင်တွေကို ခေါ်ဆောင်လာခဲ့လို့ သထုံမှာ မင်းနေပြည်တော်ပြန်လည် ထူထောင်ဖို့ မလွယ်ကူတော့ဘူး။ အဲဒီအချိန်ကစပြီး ပုဂံမှာ ရှင်အရဟံကို အကြောင်းပြုလို့ ဗုဒ္ဓသာသနာ စည်ပင်ပြန့်ပွားနေပြီ ဖြစ်သလို၊ မွန်တွေရဲ့ အဌာရသ ၁၀ မျိုး၊ ပန်း (၁၀) မျိုးပေါ့၊ ပန်းဆိုတာက မွန်ဘာသာမှာ ပုညန်းလို့ ခေါ်တယ်။ ပညာ ခေါ်တာပေါ့။ အတတ်ပညာ (၁၀) ပါးပေါ့။ အဲဒီဟာတွေအကုန်လုံး ပုဂံရောက်သွားတဲ့အခါမှာ ဗုဒ္ဓဘာသာရော၊ အနုသုခုမ အရာရောအားလုံးကို တိုးတက်ပြန့်ပွားသွားတာပေါ့။ အဲဒါကတော့ တတိယ သုဝဏ္ဏဘုံမိ အဆုံးပေါ့။ 

နောက် စာပေယဉ်ကျေးမှုကတော့ မွန်တွေရဲ့စာပေ အဓိကက ဗြဟ္မဏီစာပေကို ယူထားတယ်ပေါ့။ ဗြဟ္မဏီအက္ခရာဆိုတာ တရုတ်စာ မဟုတ်ဘူး။ အိန္ဒိယရဲ့စာ၊ မွန်တွေဟာ ကူးလူးဆက်ဆံတုန်းက တရုတ်ထက်စာရင် အိန္ဒိယကို ပိုမိုကူးလူးဆက်ဆံကြတယ်။ အကြောင်းက ဘာသာတရားအရရော၊ ပထ၀ီအနေအထားအရရော လေကြောင်းမိတဲ့အခါ အိန္ဒိယကို ၇ ရက်တည်းနဲ့ ရောက်နိုင်တာကိုး။ အိန္ဒိယမှာ အဲချိန်တုန်းက ထွန်းကားနေတာ ဗြဟ္မဏီအက္ခရာ၊ ဗြဟ္မဏီအက္ခရာဆိုတာ အခု အိန္ဒိယမှာ ထိုးထားတဲ့ အာသောက ကျောက်စာပေါ်ပါ အက္ခရာများဟာ ဗြဟ္မဏီအက္ခရာပဲ။ အဲ့ဒီ ဗြဟ္မဏီအက္ခရာဟာ သူ့နယ်နဲ့သူ ကွဲပြားပြီး ပြန်လည်တီထွင်လိုက်တာပေါ့။ စာကတော့ အေဒီ ၄ ရာစုလောက်မှာပေါ့၊ အခုအစောဆုံး တွေ့ခဲ့တာနော်။ နောက်ထပ်မြေကြီးမှာ မြှုပ်ထားတဲ့ ဟာတွေ မတွေ့ရသေးတော့ အစောဆုံးကတော့ အေဒီ ၄ ရာစုလောက်ပေါ့။ ယိုးဒယားမှာ တွေ့ရတဲ့ ပရပထုံ၊ အလှူစာပေါ့ နောက် ဗိုလ်တစ်ထောင်ဘုရားမှာ တွေ့ရတဲ့ ရေတမာကထာစသည်ဖြင့် တွေ့ရမယ်ပေါ့။ အခု ဦးစံမှိုင်းတို့ တူးနေတဲ့၊ နောက် ဆရာကြီးတွေ တူးနေတဲ့ နေရာတွေမှာလည်း မွန်စာ တစ်ပိုင်းတစ်စကို တွေ့ရတယ်။ အဲဒါတွေကို ကြည့်ခြင်းအားဖြင့် မွန်စာပေဟာ အေဒီ ၄ ရာစုလောက်မှာ ပေါ်ပေါက်ခဲ့တယ်လို့ မှတ်ယူရပါတယ်။ နောက် မွန်စာပေနဲ့ မြန်မာစာပေဟာ  စာဖတ်တဲ့ အသံထွက်ချင်းမတူ၊ စာလုံးပေါင်းပုံခြင်း မတူကြပေမဲ့၊ စာအရေးအသားမှာ အသုံးပြုတဲ့ ဗျည်းများအားလုံး နီးပါး တူညီနေကြပါတယ်။ မွန်စာမှာ ဗျည်း (၃၅) လုံးရှိပြီး မြန်မာစာမှာ ဗျည်း (၃၃) လုံး ရှိတာကိုး။ နောက် ပုဂံခေတ်မှာ တွေ့ရတဲ့ ရာဇကုမာရ်ကျော်စာဟာ ဘာသာအားဖြင့် လေးမျိုးနဲ့ ထိုးထွင်းထားတယ်။ မွန်၊ မြန်မာ၊ ပျူ၊ ပါဠိဘာသာပေါ့၊ သို့သော်လည်း အက္ခရာအားဖြင့်တော့ (၂) မျိုးပဲ ရှိတယ်။ အက္ခရာတွေက ဘာတွေလဲဆိုတော့ မွန်ရယ်၊ ဗမာရယ်၊ ပါဠိရယ်က မွန်အက္ခရာနဲ့ ရေးထားတယ်၊ ပျူအက္ခရာကတော့ ပျူအက္ခရာနဲ့ ရေးထားတယ်။ အန်ကယ်က အဲ့လိုပြောလို့ရှိရန် ဗမာတွေက ကြိုက်ချင်မှ ကြိုက်မယ်။  ဗမာစာက မွန်စာက ယူတယ်လို့ ပြောတယ် ဖြစ်ချင်ဖြစ်မယ်။ တကယ်တကယ်တမ်း ဖတ်ကြည့်လိုက်ရင် ပုံကို ကြည့်တာနဲ့ပဲ သိသာပါတယ်။ ဒါ့ကြောင့် မွန်စာပေယဉ်ကျေးမှုဟာ တော်တော်စောစောကို ပေါ် ပေါက်ခဲ့တယ်လို့ ပြောရပါမယ်။


#WZ - ခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့ ယဉ်ကျေးမှုများ ရှိခဲ့မယ်ဆိုရင်

#NMT - ပထမဆုံး စာပေရဲ့ ပြောင်းလဲမှုပေါ့၊ မွန်စာမှာ ပိဋကတ် (၃) ပုံဆိုတာ ရှိပြီးသား။ ဘာလို့ဆိုတော့ အနော်ရထာ ယူသွားတဲ့ ပိဋကတ် (၃) ပုံဆိုတာ မွန်စာပေနဲ့ ရေးထားတာကိုး။ မွန်ဘာသာနဲ့ ရေးထားတဲ့ ပိဋကတ်ကတော့ အဲ့ဒီတုန်းကတည်းက အစုံ (၃၀) လောက် ရှိတာကိုး။ ပိဋကတ် (၃) ပုံက အစုံ (၃၀) ရှိတယ်။ ဘာသာပြန်တွေ၊ အဌကထာတွေ၊ ပျို့ကဗျာတွေ အစုံ ရှိတယ်။ အခုပြောရင်လည်း ယုံချင်မှ ယုံမယ်။ ဘာဖြစ်လို့လည်းဆိုတော့ မွန်စာဟာ တိမ်မြှုပ်နေတာကိုး။ ဗမာမှာ တွေ့ရတဲ့  ပျို့ကဗျာလင်္ကာအားလုံး တွေ့ရသလို မွန်မှာလည်း ပျို့ကဗျာလင်္ကာအားလုံး တွေ့ရတယ်။ ဥပမာ ရှင်မွေးလွန်း မင်းနန္ဒာပျို့၊ ဗမာမှာလည်း ရှိသလို မွန်မှာလည်း ရှိတယ်။ ရေသည်ပြဇာတ်တို့လို ဟာမျိုးတွေ မွန်မှာလည်း ရှိတယ်။ အဲ့ဒီတော့ ကျွန်တော်တို့က အခုနေများ မွန်ဘာသာနဲ့ မေဂျာ ရမယ်ဆိုလည်း တင်နိုင်တယ်၊ Ph.D ထိ ပေးမယ်ဆိုလည်း ပေးနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့သူက ကျောက်စာတွေလည်း အခိုင်အမာ ရှိတာကိုး။ သူ့ရဲ့ပျို့ကဗျာ၊ လင်္ကာ၊ ဆေးကျမ်းတွေ၊ ဗေဒင်ကျမ်းတွေလည်း အများကြီး ရှိပါတယ်။ 


#WZ - မွန်စာပေ ယဉ်ကျေးမှု ပြန့်ပွားအောင် ပြုလုပ်သင့်သည်များ ရှိပါက 

#NMT - အဲ့ဒါက နိုင်ငံတော်နဲ့ ဆိုင်တယ်။ ကျွန်တော်တို့က အခု ကိုယ့်ထီးကိုယ့်နန်း ကိုယ့် ကြဌန်း မဟုတ်ဘူး။ ပြည်ထောင်စု အသိုင်းအ၀ိုင်းထဲမှာ နေရတဲ့အခါကျတော့ ကြည့်လိုက်လို့ရှိရင်တော့ ပြည်ထောင်စုအသိုင်းအ၀ိုင်း သဘောပဲ ကိုယ်က ခံစားနေရတယ်။ တကယ်တကယ်ကျတော့ မြန်မာစာထက်တောင် သာချင်သာအုံးမယ်။ ရှိချင်လည်း ရှိအုံးမယ်။ ဒါပေမဲ့ သင်ရတာကတော့ မြန်မာစာလိုမျိုး မသင်ရဘူး။ တိုင်းရင်းသားဘာသာစကားတောင် သင်ခွင့်မပေးဘူး။ အဲ့တော့ အန်ကယ်တို့ ငယ်ငယ်တုန်းက ဒါ ဖဆပလ လက်ထက်တုန်းက (ဦးနုလက်ထက်တုန်းက) လွတ်လပ်ရေးရတာ ၄၈၊ ၄၈ ပြီးတော့ ၅၃ ကနေပြီးတော့ ၆၃ ထိက မွန်ပြည်နယ်မှာ မွန်ရွာတွေမှာ တစ်ဘာသာတော့ မွန်စာ သင်ကြားခွင့်ပေးရမယ်။ ဥပမာ မွန်မရှိတဲ့ ရွာမှာ မွန်စာမသင်ရဘူး၊ မွန်တွေရှိတဲ့ ရွာမှာတော့ မွန်စာ သင်ကြားရတယ်။ အဲ့ဒီတုန်းက တရားဝင်သင်ကြားခွင့်ပေးတယ်။ ကျောင်းချိန်အတွင်းမှာ သင်ကြားခွင့်ပေးတယ်။  တစ်ချို့ရွာကြီးတွေ အလယ်တန်း၊ အထက်တန်း ၅ ကျောင်းထိ တရားဝင် သင်ကြားခွင့်ပေးထားတယ်။ ကျောင်းသားက သောင်းနဲ့ချီရှိတယ်။ ဆရာ ဆရာမက ရာကျော်ရှိတယ်။ အစိုးရလစာနဲ့ ကျောင်းချိန်အတွင်းမှာ သင်ကြားခွင့်ပေးတယ်။ နောက်တစ်ခုက ဘာလည်း ကောင်းသေးလည်းဆိုတော့ တက္ကသိုလ်မှာ ဥပစာအောက်ခြေတန်း ၂ တန်းကို စိတ်ကြိုက် မွန်စာတစ်ဘာသာ ယူခွင့်ပေးတယ်။ အဲ့တော့ အဲ့ဒီရဲ့ အခွင့်အရေးဟာ မွန်စာကို ကျောင်းချိန်အတွင်းမှာ သင်ရတယ်။ ၆၄ ထိကို သင်ကြားခွင့်ရလိုက်တယ်။ ၅၄ ကနေ ၆၄ ဆိုတော့ ၁၀ နှစ်စာ သင်ကြားခွင့် ရလိုက်တယ်။ ဒါပေမဲ့ တော်လှန်ရေးကောင်စီ တက်လာပြီး ပညာရေး စနစ်သစ်ကို တည်ထွင်လိုက်တဲ့အခါကျတော့ အရင်တုန်းက သင်ကြားခွင့်ရခဲ့တာတွေ အကုန်လုံး ဖျက်လိုက်တယ်ဖျက်ရုံတင်မကသေးဘူး၊ မွန်အမျိုးသား အထက်တန်းကျောင်း စသည်တို့ကိုပါ ပြည်သူပိုင် သိမ်းလိုက်သေးတယ်။ အဲ့ဒီအချိန်ကနေစပြီးတော့ ကျောင်းချိန်အတွင်းမှာ မွန်စာသင်ကြားခွင့် လုံးဝမရတော့ဘူး။ ဘုန်းကြီးသင်တဲ့ စာကိုတောင်  အပိတ်ခံလိုက်ရသေးတယ်။ ဒါပေမဲ့လည်း ဘုန်းကြီးတွေရဲ့ ကြိုးစားမှုကြောင့် မူလတန်းကနေစပြီးတော့ ဓမ္မစရိယ အောင်တဲ့အထိ မွန်ဘာသာ သင်ခွင့်ပေးလိုက်တယ်။ လူတွေကတော့ သင်ကြားခွင့်မရသေးဘူး။ မပေးတဲ့အခါကျတော့ တက္ကသိုလ်က စာပေယဉ်ကျေးမှု  အသင်းအဖွဲ့တွေက နွေရာသီကျောင်းပိတ်ရက်မှာ ရွာတွေကို ဆင်းပြီးတော့ မွန်ဘာသာ သွားသင်ပေးကြတယ်။ ဒါလည်း သင်နိုင် ၂ လလောက်ပဲ ရမှာပေါ့။ ကျောင်းပိတ်တာ ၂ လလောက်ပဲ ရှိတာကိုး။ ကလေးတွေလည်း ကျောင်းပိတ်ရမယ်၊ တက္ကသိုလ်ကျောင်းသားတွေလည်း ကျောင်းပိတ်ရမယ်။ အဲဒီအချိန် ၂ လလောက်ကလေးနဲ့ ဒီကလေးတွေ ဘယ်လိုလုပ် စာတတ်မလည်း၊ ဒါပေမဲ့ နည်းနည်းတော့ အခြေခံရသွားတာပေါ့လေ။ အဲ့လိုသင်နေရင်းနဲ့ အရေးအခင်း မတိုင်ခင်လေးမှာ ကျောင်းသားတွေကို သင်ခွင့်မပေးပြန်တော့ဘူး။ ကျောင်းသားဆိုတော့လည်း သိတဲ့အတိုင်းပဲလေ။ အစိုးရက အဲ့ကတည်းက ခုချိန်ထိ တက္ကသိုလ်ကျောင်းသား  တွေကို လူဆိုးတွေလို့ အောက်မေ့တာပဲဗျ။ ဘယ့်နှယ့်ဗျာ။ ကိုယ့်စာကိုယ်သင်တာတောင် မသင်ရဘူးဆိုတော့။ အဲ့ဒါဖြစ်ပြီးတော့ ဘုန်းကြီးတွေက ယဉ်ကျေးလိမ္မာသင်တန်းတွေမှာ ဗုဒ္ဓဘာသာနဲ့အတူ မွန်စာပါ သင်ပေးတယ်။ နောက် မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေတွေမှာ စာသင်ကျောင်းတွေထားပြီး သင်ကြားပေးကြတယ်ပေါ့။ ဒါကလည်း အခက်အခဲ အများကြီး ရှိပါတယ်။ ကျောင်းဆောက်ရမယ်၊ နောက် အစိုးရလာတဲ့အခါ ထွက်ပြေးရမယ်  စသည်ဖြင့်ပေါ့။ ဒါပေမယ့်လည်း ၁၉၅၅ Cease fire စာချုပ်ချုပ်လိုက်တဲ့ အခါမှာ ယခင်ကထက်တော့ လွတ်လပ်ခွင့် ပိုရလာတယ်။ နောက် ၂၀၁၀  လား မသိဘူး၊ ပိုပြီးတော့ ငြိမ်းချမ်းရေးလုပ်လာတဲ့အခါကျတော့ ပိုပြီးတော့ လုပ်လာကြတယ်ပေါ့။ ဒါကတော့ မွန်ပြည်သစ်ပါတီရဲ့ ပညာသင်ကြားရေး သွားတဲ့ပုံစံပေါ့။ 

အခု ဒီမိုကရေစီခေတ်ကျပြန်တော့ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောတယ်။ ခင်ဗျားတို့ ကျောင်းချိန်ပြင်ပမှာ စာသင်ကြားခွင့်ရအောင် လုပ်ပေးမယ်ဆိုတာ။ ညီလေးပဲ စဉ်းစားကြည့်.. ကလေးတွေဖက်က ပြန်ကြည့်မယ်ဆိုရင်လည်း ကျောင်းစာသင်ပြီးလို့ သူတို့  နားချင်၊ ကစားချင်တဲ့အချိန်မှာမှ စာသင်ဆိုတော့ ပြီးတော့ ရတဲ့အချိန်ကလည်း အင်မတန်နည်းတယ်ဆိုတော့ ကလေးတွေကလည်း ဘယ်စိတ်ဝင်စားတော့မလည်း။ သင်ပေးမယ့်သူ ရှိရင်တောင်မှ၊ မိဘတွေအနေနဲ့လည်း မွန်စာ တတ်တာ ဘာလုပ်လို့ရမှာလည်း၊ ဟိုမှာ ကျောင်းမှာ တော်မှ တတ်မှ အဆင့် (၁) ရမှ MC ၀င်နိုင်မယ်ဆိုတော့  ဘယ်လိုလုပ်မလည်း။ ဒါတွေက အလုပ်မဖြစ်ဘူးလေ။ ပညာရေးရဲ့ ပေါ်လစီကိုက မှားနေတာကိုး။ 


#WZ - တိုင်းရင်းသား ဘာသာစကားတွေကို သင်ကြားခွင့်မပေးတဲ့အခါ ဖြစ်ပေါ်လာနိုင်တာတွေက...

#NMT - အဲဒါကတော့ ကျွန်တော်တို့ စကတည်းက မြင်ပါတယ်။ ကလေးတစ်ယောက်ဟာ ကျောင်းစတက်တဲ့အချိန်မှာ သူ့ရဲ့ ဘရိန်းက ဘာမှရှိသေးတာ မဟုတ်ဘူး။ နောက် သူတတ်တဲ့ ဘာသာစကားက သူ့ရဲ့ မိခင်ဘာသာစကား။ ဥပမာ - ကျွန်တော်တို့ရွာမှာဆို တစ်ရွာလုံးက မွန်လို ပြောနေတာ၊ ဗမာစကားကို မသိဘူး။ ဗမာစကားမသိဘဲနဲ့ ၆  နှစ်ပြည့်တဲ့အခါကျတော့ ကျောင်းရောက်တဲ့အချိန်ကျတော့ ဗမာစကားနဲ့ သင်လိုက်တဲ့အခါကျတော့ သူတို့ဘာပြောလို့ပြောမှန်း မသိဘူး။ ဒီကလေး ငယ်ငယ်လေးနဲ့ သူနဲ့မဆိုင်တဲ့၊ မွန်နဲ့ မဆိုင်တဲ့ ဘာသာစကားတစ်ခုနဲ့ တွေ့ရတာကို။ အကယ်၍များ ဆရာ/ဆရာမက စိတ်တိုင်းမကျခဲ့ရင် အခက်အခဲတစ်ခုက ဖြစ်ပြန်ကော။ ကလေးက နားမှမလည်ပဲကိုး။ ကလေးတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ပဲ အောင်ပြီး ကျန်ရာခိုင်နှုန်း ကျရှုံးခြင်းက မရှိဆင်းရဲခြင်းတစ်ကြောင်းဖြစ်သလို၊  ဒီစာကို နားမလည်တဲ့တစ်ကြောင်းကြောင့်လည်း ပါတယ်။ ဒါကြောင့် ဒီပညာရေးစနစ်ဖြစ်တဲ့ မိခင်ဘာသာစကားနဲ့ မသင်သမျှ ကာလပတ်လုံး တိုင်းရင်းသားတွေရဲ့ ပညာရေးဟာ ကလေးတွေဟာ ပညာထွန်းကားဖို့ မလွယ်ဘူး။ 

နောက် လူစိတ်သဘာဝအရ ကြည့်လိုက်ရင် သူ နားမလည်တဲ့ ဘာသာစကားတစ်ခုကို သူ နုနယ်တဲ့အချိန်မှာ အတင်းအကျပ် သွတ်သွင်းပြီး သင်ကြားရတာ ဖြစ်တဲ့အတွက် သူ့အနေနဲ့ အလွတ်ကျက်တာမျိုးတွေ ဖြစ်လာနိုင်တယ်။ နောက် တစ်ခုက  ဥပမာ ဆရာမင်းသုဝဏ်ရဲ့ ကဗျာတစ်ပုဒ်ဖြစ်တဲ့ "ဆွမ်းအုပ်နီနီ အမေရွက်လို့ မနက်ဖြန်တဲ့ ကျောင်းတက်မယ်" ဆိုတော့ တချို့နေရာက ကလေးတွေက ဆွမ်းအုပ်ဆိုတာ ဘာမှန်းမသိဘူး၊ နောက် ကျောင်းဆိုတာ ဘာမှန်း မသိဘူး။  အမှန်က ငယ်ငယ်ကတည်းက သူတို့ဒေသနဲ့ ကိုက်တဲ့ သင်ရိုးပုံစံတစ်ခုကို ဆွဲပြီး မိခင်ဘာသာစကားနဲ့ သင်ပေးလိုက်၊ ဗမာစာကိုလည်း  တခြား မေဂျာအနေနဲ့ သင်ပေးလိုက်၊ နောက် တဖြည်းဖြည်းနဲ့ ဘာသာစုံ သင်လိုက်၊ ဗမာစာကတော့ တော်လျှောက်သင်ပေါ့လေ၊ ဒီလိုမျိုး  သင်ရမယ့်အစား... အဓိကကတော့ မိခင်ဘာသာစကားကို သင်ပေးရမယ်။ တဖြည်းဖြည်းနဲ့မှ သူ့မိခင်ဘာသာစကားကို လျှော့ပေး၊ အထက်တန်းကျတော့မှ တက္ကနိုလိုဂျီ သင်ပေးရမယ်။ ကျွန်တော်တို့ အမြင်ပေါ့၊ အဲ့ဒီတော့ ဘယ်အချိန်မဆို ကျောင်းက ထွက်တာနဲ့ ကလေးမှာ အသက်မွေးဝမ်းကျောင်းအတွက် လုပ်နိုင်တဲ့ အရည်အချင်း ရှိမယ်။ နောက် ကျွန်တော် ကြားသိရတာက အပြင်မှာ အစိုးရအသိအမှတ်ပြု ကျောင်းထောင်စားတဲ့ ဆရာတွေတောင်မှ အနည်းဆုံး MA ရမှဖြစ်မယ်ဆိုတော့ တခြားရတဲ့လူက ဘာလုပ်စားလို့ရမလည်း။ ဒါ သူတို့သင်ပေးတဲ့ ပညာပဲ။ အသက်မွေးလို့မရဘူး ဆိုတဲ့ သဘောပဲပေါ့။ 


#WZ - ပြည်ထောင်စုတိုင်းရင်းသား အချင်းချင်း ချစ်ခင်ရင်းနှီးစွာ နေထိုင်သွားစေမည့် အကြောင်းလေးများ ရှိခဲ့ပါက ဆရာ့အမြင်လေး...

#NMT - အဲ့ဒါက ရှင်းရှင်းလေးပဲ။ ကျွန်တော်တို့ ကျောင်းသားဘ၀တုန်းက ရှမ်းဖက်က ပင်လုံစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ဆရာကြီး ဦးတင်အေးဆိုတာ ရှိတယ်။ သူက ဘာပြောလည်းဆိုတော့ "ကိုယ့်လူမျိုး ကိုယ်ချစ်ရမယ်၊ ဒါပေမယ့် ကိုယ့်လူမျိုး ကိုယ်ချစ်ရမယ် ဆိုတိုင်းလည်း သူများကို မုန်းဖို့မဟုတ်ဘူး" တဲ့။ ဘယ်လောက်ကောင်းတဲ့ စကားလည်း။ ကိုယ့်လူမျိုးကို ချစ်သလို သူများလူမျိုးကိုလည်း မမုန်းတာက ပြည်ထောင်စု စိတ်ဓာတ်ပဲ။ 

ကိုယ်အခွင့်အရေးရသလို သူများလည်း အခွင့်အရေး ရရမယ်၊ ပြည်ထောင်စုဆိုတဲ့ သဘောက ဘာလည်း၊ အခွင့်အရေး တန်းတူရတာပဲ မဟုတ်လား။ အခွင့်အရေးတန်းတူ မရဘူးဆိုရင် ဒီလိုပဲ ဖိုက်တင်တွေ ချကုန်တော့မှာပေါ့။ တစ်ချိန်လုံး ပြည်တွင်းငြိမ်းချမ်းရေး ဘယ်တော့ ရမှာလည်း။ ပြည်တွင်းငြိမ်းချမ်းရေး ရချင်ရင်၊ ပြည်ထောင်စုကြီး တည်မြဲစေချင်ရင် ကိုယ်နဲ့တန်းတူ ကျန် တိုင်းရင်းသားအားလုံး အခွင့်အရေးတန်းတူ ရမယ်၊ လွတ်လပ်ခွင့်ပေးရေး (လွတ်လပ်ခွင့်ဆိုတာ စည်းနဲ့ကမ်းနဲ့ကို ပြောတာနော်) ဆိုရင် ပြည်ထောင်စုကြီး တည်မြဲပါလိမ့်မယ်။ မြန်မာပြည်လွတ်လပ်ရေးရတာ ၁၉၄၈၊ အိန္ဒိယပြည်လွတ်လပ်ရေးရတာ ၁၉၄၇၊ မလေးရတာက ၁၉၅၇၊ ကျွန်တော်တို့ထက် အများကြီးနောက်ကျတယ်။ သူတို့နိုင်ငံတွေ ဘာလို့ တိုးတက်သလဲ။  ကျွန်တော်တို့ နိုင်ငံကြီးက ဘာလို့ ကျသွားသလဲ။ အဲ့ဒါဘာကြောင့်လဲ။ Mismanagement ကြောင့်ပေါ့။ အုပ်ချုပ်တဲ့အခါ အလွဲအမှားတွေကြောင့် ဖြစ်ခဲ့တာပေါ့။ သူများနိုင်ငံတွေက လပေါ်တောင်ရောက်တော့မယ်။ ကျွန်တော်တို့က လေယာဉ်ပျံတောင်မှ စက္ကူနဲ့ပဲ လုပ်နေရသလိုမျိုးပေါ့။ အဲ့လိုမျိုးပေါ့။ 


#WZ - တိုင်းရင်းသားစာပေတွေကို တိုင်းရင်းသားတွေအကုန်လုံး အချိန်နဲ့တစ်ပြေးညီပေါ့၊ Mobile ပေါ်မှာ ဖတ်ရှုနိုင်ဖို့ အခု Wun Zinn က လုပ်ဆောင်နေပါတယ်။ အဲ့အပေါ်မှာ ဆရာ့အမြင်လေး...

#NMT - ကောင်းပါတယ်။ ဒါပေမယ့် နည်းပညာဆိုတာက ကျွန်တော်တို့နဲ့ နည်းနည်းစိမ်းနေတော့ သုံးစွဲသူတိုင်း လွယ်ကူသက်သာစွာ သုံးစွဲနိုင်ဖို့၊ ကြည့်နိုင်တဲ့ နည်းလမ်းလေးတွေကိုလည်း ညွန်ပြမှ အများပြည်သူ  အဆင်ပြေမှာပေါ့။ 


ယခုလို ၀န်ဇင်းအဖွဲ့မှ မေးမြန်းသမျှကို စိတ်ရှည်လက်ရှည်နှင့် ဖြေကြားပေးခဲ့သော ဆရာ နိုင်မောင်တိုးအား ၀န်ဇင်းမှ ကျေးဇူးအထူးတင်ရှိပါသည် ခင်ဗျာ။
Download Wun Zinn


0 comments:

Post a Comment