Monday, November 2, 2015

ကျွန်တော့်အဖေပြောတဲ့ ပျော်ရွှင်ခြင်း

အမြဲတမ်း စပ်စုတတ်တဲ့ ကောင်လေးဟာ ဒီတစ်ခါလည်း သူ့အဖေကို မေးခွန်းလေးတွေ မေးပြန်တယ်။

"အဖေ... ပျော်ရွှင်မှုကို ဘယ်လိုရှာရမလဲ"

ဒီတစ်ခါတော့ အဖေဖြစ်သူက လေးလေးနက်နက်ပုံစံနဲ့ ပြုံးပြတယ်။ သူ့ဘ၀တစ်လျှောက်လုံးလည်း ပျော်ရွှင်မှုကို ရှာဖို့ အလုပ်ပေါင်းစုံ၊ နေရာပေါင်းစုံ၊ ဘ၀ပေါင်းစုံ ဖြတ်သန်းခဲ့ရဖူးတာကို...။ သူ့ဘ၀တစ်လျှောက်လုံး ပျော်ရွှင်မှုကိုရှာရင်းနဲ့ လောကဓံရဲ့ အထုအထောင်း၊ အရိုက်အပုတ်တွေကြားမှာ အလူးအလဲ ခံခဲ့ရတာကို။ ဒါနဲ့ အဖေလုပ်သူက သားလုပ်သူကို အပြင်ကို ခေါ်လာလိုက်တယ်။

ခြံဝင်းထဲမှာ ကလေးလေးအတွက် အဖော်ရအောင် မွေးထားတဲ့ အိမ်မွေး ခွေးလေး တစ်ကောင် ရှိတယ်။ အဲ့ ခွေးလေးရဲ့ အမြီးကို အဖေလုပ်သူက ကိုင်ပြီး ခွေးလေးရှေ့မှာ နှံ့ပြလိုက်တယ်။ ခွေးလေးဟာ သူ့သခင်က အစာကျွေးတယ်ထင်ပြီး အမြီးနောက်ကို လိုက်တယ်။ ဒါပေမယ့် ကိုယ့်အမြီးနောက် ကိုယ်ပြန်လိုက်နေတဲ့ ခွေးလေးကို ကြည့်ရတာ တစ်ယောက်တည်း ၀ိုင်းကြီးပတ်လည် ဖြစ်နေတယ်လေ။ ဒါနဲ့ ကောင်လေးက သူ့အဖေကို မော့ကြည့်လိုက်တယ်။ အဖေက ပြုံးရင်း...

"သား... ခွေးလည်းရဲ့ အမြီးဟာ ပျော်ရွှင်ခြင်းဆိုရင် ခွေးလေး အခု သူ့အမြီးနောက်ကို လိုက်သလို အဖေလည်း ငယ်ငယ်တုန်းက ပျော်ရွှင်မှုဆိုတာကို လိုက်ရှာဖူးတယ်၊ ပျော်ရွှင်ဖို့ ငွေရှာဖူးတယ်၊ ပျော်ရွှင်မယ်ထင်တဲ့အလုပ်တွေ လုပ်ဖူးတယ်။ ဒါပေမယ့် အခု ခွေးလေး သူ့အမြီးနောက်ကို ဘယ်တော့မှ မလိုက်နိုင်သလိုပဲ အဖေလည်း ပျော်ရွှင်မှုဆိုတာကို မတွေ့ခဲ့ဘူး။ အမှန်တော့ လောကမှာ လူအမျိုးမျိုး၊ စိတ်အထွေထွေဖြစ်တဲ့အတွက် လူတွေအကြိုက်အလိုက်၊ ပျော်ရွှင်မှုဆိုတာလည်း ကွဲနိုင်တယ်။ ဒါပေမဲ့ စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ စိတ်က လာတာပဲ သား..၊ စိတ်ပဲ၊ စိတ်ရဲ့ ပျော်ရွှင်ခြင်းပဲ"

"ဒီတော့ မင်း စိတ်က ဖြစ်ချင်တာကို သိပါ။ ပြီးရင် မင်း စိတ်က ဖြစ်ချင်တဲ့အတိုင်း လုပ်ပါ။ ဒါဆိုရင် မင်းဟာ ပျော်ရွှင်တဲ့ လူတစ်ယောက် ဖြစ်လာပါလိမ့်မယ်... ဒါပေမဲ့ မင်းဟာ အမှန်တရားနဲ့ ဘယ်တော့မှတော့ မဝေးပါစေနဲ့"

ထိုအချိန်မှာပဲ အမြီးနောက်ကို မလိုက်တော့တဲ့ ခွေးလေးဟာ အပြင်ကို ပြေးထွက်သွားတယ်။ ခွေးလေးနောက်မှာ အမြီးလေးက ကပ်ပါလို့ပေါ့...။

Download Wun Zinn

0 comments:

Post a Comment