ယနေ့ခေတ်လူငယ်များသည် ရှေးယခင် မြန်မာတို့ တန်ဖိုးထားခဲ့သည့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို အထင်သေး၊ အမြင်သေးလာသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့မြင်ရသကဲ့သို့ လူငယ်အတော်များများသည် ခေတ်ဆန်ခြင်းနှင့် ခေတ်မီခြင်းကို နားလည်မှုလွဲမှားစွာ မှတ်ယူနေကြသည် ကိုလည်း စိတ်မကောင်းဖွယ် တွေ့မြင်ရပြန်သည်။ အမှန်စင်စစ် ခေတ်မီသည် ဆိုသည်မှာ အတွေးအခေါ် သည် ရှေ့သို့ ရောက်ရှိခြင်းသာ ဖြစ်ပေသည်။ စဉ်းစားတတ်သော ဦးနှောက်က ခေတ်မီသည့် အတွေးအခေါ်ကို အမူအကျင့်သို့ ပြောင်းသင့်၊ မပြောင်းသင့်ကိုမူ ဝေဖန်ဆုံးဖြတ်ရမည် ဖြစ်သည်။
ယဉ်ကျေးမှုဟူသည် လူ့အဖွဲ့အစည်းတိုင်း၌ ရှိကြသည့်အရာသာ ဖြစ်သည်။ လူ့အဖွဲ့အစည်းတိုင်းရှိ ယဉ်ကျေးမှုတိုင်းသည် ခြားနားကြလေသည်။ အကြောင်းမှာ ကမ္ဘာ့ဒေသအသီးသီးရှိ လူသားတို့၏ အသားအရေ၊ နေထိုင်ရာအရပ် စသည်တို့ ကွဲပြားခြားနားသကဲ့သို့ လူသားတို့ ခံယူအပ်သော အခြေခံ စံတန်ဖိုးများ ကွဲပြားခြားနားရာမှ ကမ္ဘာ့ယဉ်ကျေးမှုအသီးသီး ကွဲပြားရခြင်း ဖြစ်သည်။ ယဉ်ကျေးမှုများသည် ယင်း လူ့အဖွဲ့အစည်းက လက်ခံတန်ဖိုးထားသည့် အခြေခံအုတ်မြစ်များလည်း ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှုသည် မြန်မာလူမျိုးတို့ တန်ဖိုးထား၊ လေးစား ရသည့် အမူအကျင့်များကို အခြေတည်ကာ တည်ဆောက်ထားသည့် ရိုးရာအခြေခံအုတ်မြစ်များ ဖြစ်ပေသည်။ ထိုအခြေခံအုတ်မြစ်များ ပျက်စီးသွားခြင်းသည် မြန်မာလူမျိုးတို့ တန်ဖိုးထားအပ်သော အခြေခံတန်ဖိုးများ ပျက်စီးသွားသည်မည်ကာ မြန်မာ့လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုသည်လည်း ပျက်စီးသွားပေလိမ့်မည်ကို သတိချပ်ရပေမည်။
ကျွန်တော်တို့အနေဖြင့်လည်း ယဉ်ကျေးမှုတိုင်းသည် ရပ်တန့်မနေသည်ကို နားလည်ပါသည်။ အထူးသဖြင့် ယခုလို ကမ္ဘာ့ရွာကြီးတစ်ရွာလို ဖြစ်နေသော ခေတ်တွင် ထိခတ်နေသော ယဉ်ကျေးမှုများသည် မိမိတို့ လက်ခံထားသော ယဉ်ကျေးမှုများကို ကူးစက်ပြန့်ပွားကာ ပြောင်းလဲစေတတ်သည်ကို သတိပြုရမည် ဖြစ်သည်။ ခေတ်နှင့်မညီသော၊ လူမှုပတ်ဝန်းကျင် ရှုထောင့်မှလည်း အကျိုးမယုတ်ဟု ဆိုလျှင် ခေတ်ဟောင်း ယဉ်ကျေးမှုတစ်ချို့ကို ပြောင်းလဲသင့် ပြောင်းလဲရပါမည်။
မြန်မာတို့သည် သမိုင်းကြောင်းရှည်လျားသော လူမျိုးများဖြစ်သကဲ့သို့ ယဉ်ကျေးမှု မြစ်ရေသည်လည်း ထိုရှည်လျားသော လူမျိုးသမိုင်းကြောင်းနှင့်အညီ အဆင့်ဆင့်ဖြစ်ထွန်းတိုးတက်လာခဲ့ပေသည်။ သို့သော်လည်း မျက်မှောက်ခေတ် မြန်မာလူငယ်အချို့သည် မိမိတို့ မြန်မာ့ယဉ်ကျေးမှုကို အထင်အမြင်သေးကာ၊ တိုင်းတပါးသား ယဉ်ကျေးမှုအား ပိုမိုတန်ဖိုးထား အလေးထားလာကြသည်ကို တွေ့မြင်ရသည်မှာ စိတ်မကောင်းဖွယ်ရာပင် ဖြစ်သည်။
အထူးသဖြင့် မြန်မာတို့၏ ယဉ်ကျေးမှုသည် ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်အပေါ်တွင် များစွာအခြေပြုမူတည်ကာ တည်ဆောက်ထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ဗုဒ္ဓ၏ အဆုံးအမများကို အခြေတည်၍ ဆောက်တည်ခဲ့သော မြန်မာ့ယဉ်ကျေးမှုသည် ရေခံမြေခံကောင်းသော ရေသောက်မြစ်ကြီးအဖြစ် မြန်မာလူမျိုးတို့အား နှစ်ကာလ ရှည်ကြာစွာ အကျိုးပြုလာခဲ့ပြီ ဖြစ်သည်။ ထိုသို့ အကျိုးပြုလာခဲ့သော ရေသောက်မြစ်ကြီး မပြိုလဲစေရန် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ မြန်မာလူမျိုးတိုင်း၏ တာဝန်သာ ဖြစ်ပေသည်ဟု သတိပေးရင်း နိဂုံးချုပ်လိုက်ရပါသည်။
Photocredit : destionation360

Download Wun Zinn

0 comments:
Post a Comment