Tuesday, April 7, 2015

အိုကီနာဝါများ အသက်ရှည် ကျန်းမာရသည့် အကြောင်းရင်း


ဂျပန်ကျွန်းများနှင့် ထိုင်ဝမ်ကျွန်းအကြားရှိ အိုကီနာဝါတွင် လူဦးရေ ၁.၃ သန်း နေထိုင်လျက် ရှိသည်။ ၂၀၀၅ ခုနှစ် စာရင်းအရ အသက်ရာကျော် ဦးရေ ၆၉၉ ဦး ရှိသည်။ လူ ၁၀၀၀၀၀၀ တွင် ရာကျော် ၅၁ ဦး ရှိနေခြင်း ဖြစ်သည်။ အမေရိကန်တွင် လူ ၁၀၀၀၀၀၀ တွင် ရာပြည့်နေရသူ ၁၀ ဦးခန့်သာ ရှိ၏။ ဆိုလိုသည်က အိုကီနာဝါကျွန်းသူ/သားတို့သည် အများတကာထက် အသက်ပိုရှည်သည်ကို ဖြစ်သည်။

ထိုကဲ့သို့ အများတကာထက် အသက်ရှည်ရှည် နေထိုင်နိုင်သည့် အိုကီနာဝါများကို အမေရိကန်နှင့် အခြားသော ကျန်းမာရေး သုတေသီတို့ လေ့လာခဲ့ရာ -

- ထိုကျွန်းသူ/ကျွန်းသားတို့ အသက်ရှည်စွာ နေထိုင်ရခြင်းက အလုပ်ကို မနားတမ်း လုပ်ကြခြင်းကြောင့် ဖြစ်နိုင်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အလုပ်ခွင် ၀င်ကြလေသည်။

- ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်သားမွေးအလုပ်ကိုလည်း ပြုလုပ်ကြသည်။

- ရိုးရာအကဖြစ်သည့် အိုကီနာဝါအကကို ကကြသည်။ အထူးတလည် လေ့ကျင့်ခန်းလုပ်စရာ မလိုတော့ပဲ အချိန်ရှိသမျှ အလုပ်လုပ်ကာ လှုပ်လှုပ်ရှားရှား နေကြသည်။

- သစ်သီးဝလံကို အစားများကြသည်။ အသီးအရွက်နှင့် မပြုပြင်ရသေးသည့် ကာဘိုဟိုက်ဒရိတ်ကို စားသုံးကြ၏။ သူတို့ အဓိကထားပြီး စားသည့် အဟာရမှာ စွပ်ပြုတ်၊ ပဲပုပ်နှင့် ဆန်လုံးညို ဖြစ်၏။ အဓိက စားသုံးသည့် ဟင်းလျာမှာ ငါးဖြစ်ပြီး အဆီ၊ အသား၊ သကြားနှင့် နို့ထွက်ပစ္စည်းများကို စားသူ ရှား၏။ တိတိကျကျ ပြောရလျှင် အိုကီနာဝါများစားသည့် နေ့စဉ်အာဟာရမှာအမေရိကန်တို့ထက် ကယ်လိုရီ ၅၀၀ ပိုနည်းသည်။ စားသုံးသည့် အစားအစာများတွင် ရေဓာတ်ပါဝင်မှု များသည်။ ရေဓာတ်များပြီး ကယ်လိုရီနည်းသည့် အစားအစာများကိုသာ စားသုံးကြသည်။

- အရေးကြီးဆုံးဖြစ်နိုင်သည့် အချက်အလက်မှာ ဗိုက်ပြဲအောင် အ၀အပြဲ မစားကြခြင်း ဖြစ်သည်။ အိုကီနာဝါများအခေါ် "ဟာရာဟာချီဘူး" ဟု ခေါ်သည်။ မိသားစုနှင့်အတူစားတိုင်း ဂါထာရွတ်သလိုရွတ်ပြီး ကိုယ့်ကိုကိုယ် သတိပေးရင်း စားကြသည်။

၈၀ ရာခိုင်နှုန်း ဗိုက်ပြည့်လျှင် ရပ်လိုက်၊ ဆက်မစားနဲ့တော့ ဟူသည့် သဘောရှိပြီး ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဆေးသိပ္ပံဆိုင်ရာ
အမြင်ဖြင့် ကြည့်လျှင်လည်း အလွန်အဓိပ္ပာယ်ရှိသော အလေ့အကျင့် ဖြစ်သည်။

- ကိုယ်ကျင့်တရားအနေဖြင့် ဗြဟ္မာစိုရ်တရားလေးပါးကို လက်ကိုင်ထားပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စောင့်ရှောက်ကူညီကြလေသည်။ ဤသို့ အသွားအပြန်ရှိသည့် သင်္ဂေဟတရားကို 'ယုအိမာရု' ဟုခေါ်ပြီး ယခုလို
ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိနေလျှင် စိတ်၏ ငြိမ်းချမ်းမှုကို ရနေတတ်ခြင်းကလည်း အိုကီနာဝါများကို ကျန်းမာအသက်ရှင် စေသည့် အကြောင်းရင်းလည်း ဖြစ်နိုင်ပါသည်။

- အိုကီနာဝါများသည် ရောင့်ရဲလွယ်ကြသည်၊ တင်းတိမ်ကြသည်၊ ခေတ်မီ ဇိမ်ခံပစ္စည်းများထက် သဘာဝတောတောင်များကိုသာ ပိုမို မွေ့လျော်ကြသည်။

Credit : တင်မောင်မြင့် ၏ အမတ ရှာပုံတော် စာအုပ်မှ
Download Wun Zinn

0 comments:

Post a Comment